Wednesday, May 4, 2016

တရားမ၀င် ၀င်ရောက်လာသော ပါကစ္စတန်နိုင်ငံသား ၁၂ ဦးကို ဖမ်းဆီး


မူဆယ် မေ ၎
မေ ၁ ရက်က တရုတ်ပြည် ရွှေလီမှ မူဆယ်သို့ စက်လှေဖြင့် တရားမဝင် ဝင်ရောက်ခဲ့ကြသော ပါကစ္စတန်နိုင်ငံသား ၁၂ ဦးသည် မူဆယ်မြို့ ဟိုမွန် ရပ်ကွက် ကချင်နှစ်ခြင်းခရစ်ယာန်ဘုရားကျောင်း၌ ရောက်ရှိနေကြောင်း သတင်းရရှိသဖြင့် မူဆယ်မြို့နယ် ဌာနဆိုင်ရာများပါဝင်သော ပူးပေါင်းအဖွဲ့မှ သွားရောက်စစ်ဆေးဖမ်းဆီးခဲ့သည်။

အဆိုပါ ပါကစ္စတန်နိုင်ငံသား မိသားစု ၁၂ ဦးသည် ထိုင်းနိုင်ငံမှ မြ၀တီ-မန္တလေး- လားရှိုး-မူဆယ်မှတစ်ဆင့် တရုတ်ပြည် ရွှေလီသို့ တရားမဝင် လမ်းကြောင်းများမှ ဖြတ်သန်းခဲ့ကြပြီး မူဆယ်သို့ပြန်အဝင်တွင် ဖမ်းဆီး ခံခဲ့ရခြင်းဖြစ်သည်။

မေ ၂ ရက် နံနက် ၁၁ နာရီခွဲက မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန် ယာဉ်ငယ်စစ်ဆေးရေးဂိတ်တွင် လ၀ကမှူး ဦးဟောင်းခေါင် အဖွဲ့သည် တရုတ်ပြည်မှ မူဆယ်သို့ တရားမဝင် ဝင်ရောက်ခဲ့သူ ပါကစ္စတန်နိုင်ငံသား ငါးဦးအား လ၀ကဌာနခွဲ (၇)ရုံး နန်းတော် မြန်မာ-တရုတ် နှစ်နိုင်ငံ ဖြတ်သန်း စစ်ဆေးရေးဂိတ်သို့ ပို့ဆောင်ခဲ့ပြီး တရားစွဲဆိုရန် မြို့နယ်လ၀ကရုံးသို့ ထပ်မံ လွှဲပြောင်းပေးခဲ့ကြောင်း သိရသည်။

၎င်းပါကစ္စတန်နိုင်ငံသား ငါးဦးသည် ထိုင်းနိုင်ငံမှ မြ၀တီ ထို့နောက် မူဆယ်မှ တရုတ်ပြည် ရွှေလီသို့ မတ် ၁၆ ရက်တွင် တရားမဝင် လမ်းကြောင်းမှ ဝင်ရောက်စဉ် တရုတ်နယ်ခြားစောင့် ရဲတပ်ဖွဲ့၏ ဖမ်းဆီးခြင်းခံရပြီး တရုတ်ထောင်တွင် ၄၂ ရက်ကြာ ချုပ်နှောင်ခံခဲ့ရသူများဖြစ်သည်။ မေ ၂ ရက် တွင် တရုတ်နယ်ခြားစောင့် ရဲတပ်ဖွဲ့သည် အဆိုပါ ငါးဦးအား မူဆယ်သို့ တရားမဝင် လမ်းကြောင်းမှ ပြန်လွှတ်ခဲ့ခြင်းဖြစ်သည်။

ပါကစ္စတန်နိုင်ငံသား စုစုပေါင်း ၁၇ ဦးသည် ထိုင်းနိုင်ငံ ဆန်မရွန်းမြို့ ဒုက္ခသည် စခန်းတွင် အခက်အခဲများစွာ ကြုံတွေ့ခဲ့ရသဖြင့် မူဆယ်မှတစ်ဆင့် ပီကင်းရှိ UNHCR ဒုက္ခသည်စခန်းသို့ သွားရောက်မည့်သူများ ဖြစ်ကြသည်။

၎င်းတို့ကို ၁၉၄၇ ခုနှစ် လူဝင်မှုကြီးကြပ်ရေး(လတ်တလောပြဋ္ဌာန်းချက်များ) အက်ဥပဒေပုဒ်မ ၃(၁)/၁၃(၁)ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။
ဆရာမောင် (မူဆယ်)
MOI Webportal Myanmar

0 comments:

Post a Comment