Monday, April 25, 2016

တွင်း (၃)တွင်း မှ ရေများ မူလအရောင်မဟုတ်ဘဲ အရောင်များပြောင်လျက်ရှိ




မိတ္ထီလာမြို့နယ် ဆူးရစ်တန်းကျေးရွာရှိ အဝကျယ်လက်တူးတွင်း (၃)တွင်း မှ ရေများ မူလအရောင်မဟုတ်ဘဲ အရောင်များပြောင်လျက်ရှိ


မိတ္ထီလာ၊ဧပြီ ၂၅
မိတ္ထီလာမြို့နယ် ဇရပ်ကုန်းအုပ်စု ဆူးရစ်တန်းကျေးရွာရှိ အဝကျယ် လက်တူးတွင်း(၃)တွင်း မှ ရေများမူလအရောင်မဟုတ်ဘဲ အရောင်များ ပြောင်း လဲနေကြောင်း ဧပြီလ ၂၄ ရက်နေ့ နေ့ လည် ၂ နာရီက သိရှိရသဖြင့် မြို့နယ်အုပ်ချုပ်ရေးမှူး ၊မြို့နယ်ရဲတပ်ဖွဲ့မှူး၊မြို့နယ်ဖွံ့ဖြိုး တိုးတက်ရေး အထောက်အကူပြု အဖွဲ့ဝင်များ၊မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးအေးဇော်မြင့်နှင့် ဝန်ထမ်းများ က ကွင်းဆင်း သွားရောက် စစ်ဆေးဆောင်ရွက်ခဲ့ကြသည်။

အဆိုပါကျေးရွာသည် အိမ်ခြေ (၁၀၀)၊လူဦးရေ(၆၁၀)ဦးရှိပြီး ကျေးရွာမှ အသုံးပြုလျက် ရှိသည့် မြေသားရေကန်မှာ ရေအနည်းငယ်သာရှိနေသောကြောင့် ကျေးရွာရှိ လူနှင့်ကျွဲနွား တိရိစ္ဆာန်များမှာ အဝကျယ် လက်တူးတွင်း (၃)တွင်းမှ ရေကို သောက်သုံးရေအဖြစ် အသုံးပြုလျက် ရှိရာမှ ဧပြီလ ၂၃ ရက်နေ့အထိ မူလအရောင်ပြောင်းလဲခြင်းမရှိဘဲ ဧပြီလ ၂၄ ရက်နေ့ နံနက်ပိုင်းမှစတင်၍ နီဝါရောင်အဖြစ်သို့ပြောင်းလဲသွားသဖြင့် သက်ဆိုင်ရာ ဌာနသို့အကြောင်းကြားရာ တာဝန်ရှိများက ကွင်းဆင်းစစ်ဆေးပြီး ၎င်းပြောင်းလဲသွား သည့်ရေအား တိရိစ္ဆာန်အချို့အား လက်တွေ့ တိုက်ကျွေးကြည့်ရာ ထူးခြားမှုမရှိကြောင်း တွေ့ ရှိသည်။ ရေအရသာမှာ အနည်းငယ် ဖန်/ရှ နေသည်ကို တွေ့ရှိရသဖြင့် ကျန်းမာရေး ဦးစီးဌာနနှင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနတို့မှ ဓါတ်ခွဲစမ်းသပ် အဖြေထုတ်ရန် ရေနမူနာယူခဲ့ပြီး ဧပြီလ ၂၅ နံနက်က မန္တလေးမြို့ရှိ ဓါတ်ခွဲခန်းသို့ပေးပို့၍ ဓါတ်ခွဲစမ်းသပ်လျှက်ရှိပြီး အဖြေသိရှိပါက ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်၍ လတ်တလောအားဖြင့် အရောင်ပြောင်းလဲသောရေကို သုံးရေအဖြစ်သာ အသုံးပြုပြီး လိုအပ်သောသောက်သုံးရေအား ဧပြီလ ၂၅ ရက်နေ့မှ စတင်၍ မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မီးသတ်ကား များဖြင့် နေ့စဉ် သောက် သုံးရေ ပေးဝေသွားမည်ဖြစ်သည်။

၎င်းကျေးရွာကို ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ်တွင် နှစ်လက်မ စက်ရေတွင်း တစ်တွင်းအား တူးဖော်ထားသော်လည်း ရေငန်သာ ထွက်ရှိခြင်း၊ ကျေးရွာ ဘုန်းကြီးကျောင်းရှိ ၅၀၀ ပေ အနက်ရှိ စက်ရေတွင်းမှာလည်း ရေငန် သာထွက်ရှိခြင်း တို့ကြောင့် မြေအောက်ရေကြော အခြေအနေမှာ ရေ ငန်ကြောများဖြင့်၍ ရေတွင်းများတူးဖော်သော် လည်း ရေငန်သာ ထွက်ရှိမည်ဖြစ်သည်။သို့ပါ၍ အဝီစိတွင်းများတူးဖော်ပါကလည်း မြေသာရေကန်၌ ရေရှိမှ အဆင်ပြေမည်ဖြစ်ပါသဖြင့် မိုးရေလှောင်ကန်အား ပြုပြင်ခြင်းလုပ်ငန်း အား ဆောင်ရွက်ပေး သွားမည်ဖြစ်ကြောင်း မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ တာဝန်သူတစ်ဦး က ပြောကြားခဲ့သည်။
သိန်းမြင့်ကျော်(မိတ္ထီလာ) 
MOI Webportal Myanmar

0 comments:

Post a Comment