Saturday, March 5, 2016

(ဝန်ကြီးချုပ် ရွေးချယ်မှုကို) ကန့်ကွက်တဲ့သူ ရှိခဲ့ရင်လည်း ဥပဒေနှင့်အညီပဲ ကန့်ကွက်စေချင်တယ်

NLD ပါတီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးဉာဏ်ဝင်းနှင့် တွေ့ဆုံခြင်း
တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များကို ပါတီတွင်းရှိ ရွေးကောက်ခံ ကိုယ်စားလှယ်များကိုသာ တင်မြှောက်မည်ဖြစ်ကြောင်း ယင်းပါတီ ဗဟိုအလုပ်အမှုဆောင် ဦးဝင်းထိန်က ထုတ်ဖော်ပြောဆိုခဲ့သည်။ ယင်းသို့ ဝန်ကြီးချုပ် ခန့်အပ်မှုအပေါ် ရခိုင်နှင့် ရှမ်းပြည်နယ် လွှတ်တော်များရှိ ရွေးကောက်ပွဲအနိုင်ရ တိုင်းရင်းသားပါတီအချို့က ကန့်ကွက်လျက်ရှိသည်။ ယင်းကြောင့် ဝန်ကြီးချုပ် ခန့်အပ်မှု အခြေအနေနှင့် NLD ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ရေး အတားအဆီး ဖြစ်နေသော အခြေခံဥပဒေ ပုဒ်မ ၅၉ (စ) ကို ပြင်ဆင်ရေး (သို့မဟုတ်) ဆိုင်းငံ့ရေးတို့အတွက် ဖြစ်ပေါ်လာနိုင်သော အခြေအနေတို့အပေါ် NLD ပါတီ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် ဦးဉာဏ်ဝင်းနှင့် တွေ့ဆုံမေးမြန်း ဖော်ပြအပ်ပါသည်။

Voice : NLD ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နဲ့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်တို့ သုံးကြိမ်တိုင် တွေ့ဆုံမှုမှ တပ်မတော်ဘက်က တိုင်းနဲ့ပြည်နယ် ဝန်ကြီးချုပ် လေးနေရာ တောင်းဆိုမှုတွေ ရှိခဲ့တယ်လို့ သတင်းတွေ ထွက်ပေါ်ခဲ့တယ်။

UNW : အန်ကယ်တို့လည်း အဲ့ဒီလိုပဲကြားတယ်။ ဟုတ်မဟုတ် ဆိုတာကိုတော့ အန်ကယ်မသိဘူး။ အခုထိလည်း မသိဘူး။ အန်ကယ့်အမြင်ပြောရရင် သိပ်မဖြစ်နိုင်ဘူးလို့လည်း ထင်တယ်။

Voice : မနေ့က NLD ပါတီက တိုင်းနဲ့ပြည်နယ် ဝန်ကြီးချုပ်တွေ ရွေးချယ်တဲ့အခါ ပါတီက ရွေးကောက်ခံ ကိုယ်စားလှယ်ကိုပဲ ရွေးချယ်သွားမယ်လို့ တရားဝင် ပြောဆိုခဲ့တယ်။ အဲဒီပြောဆိုမှုတွေကြောင့် ရခိုင်နဲ့ ရှမ်းပြည်နယ်က ကိုယ်စားလှယ်တွေ ကန့်ကွက်သံတွေလည်း ထွက်ပေါ်နေတော့ ဘယ်လို ပူးပေါင်းလုပ်ဆောင်မှုတွေ လုပ်သွားမှာလဲ ခင်ဗျ။

UNW : အဲ့ဒီဝန်ကြီးချုပ် ရွေးတဲ့အခါ ဥပဒေနဲ့အညီပဲ ရွေးရင် ပြဿနာ မရှိပါဘူး။ အခုပြောနေတာတွေကလည်း ဥပဒေဘောင်ထဲကပဲ ပြောနေတာ ဖြစ်တယ်။ တကယ်လို့ ကန့်ကွက်တဲ့သူ ရှိခဲ့ရင်လည်း ဥပဒေနှင့်အညီပဲ ကန့်ကွက်စေချင်တယ်။

Voice : ဝန်ကြီးချုပ် ရွေးတဲ့အခါ ဘယ်လိုအရည်အချင်း သတ်မှတ်ချက်ထားပြီး ရွေးချယ်သွားဖို့ ရှိလဲ။

UNW : အဲဒီကိစ္စကို အန်ကယ်မသိဘူး။

Voice : မကြာခင်ရက်ပိုင်းမှာ သမ္မတလောင်း အမည်စာရင်း တင်သွင်းမှုတွေ ရှိတော့ NLD ပါတီက တင်သွင်းမယ့် သမ္မတလောင်းက ပါတီတွင်းကပဲလား၊ အပြင်ကလား ခင်ဗျ။

UNW : အန်ကယ် အဲ့ဒါကို လုံးဝမသိသေးပါဘူး။ အခုထိ။

Voice : ၅၉ (စ) နဲ့ ပတ်သက်ပြီး ဘယ်လိုဆောင်ရွက်မှာလဲ။ NLD ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်နိုင်ဖို့ အခြေအနေ သိပါရစေ။

UNW : အန်ကယ့်အနေနဲ့ ဒုတိယမေးခွန်းကို မဖြေနိုင်ပါဘူး။ ၅၉ (စ) ကို ဒီအတိုင်း ကျော်လွှားလို့လည်း မရဘူး။ ဒီအတိုင်း ပယ်ဖျက်လို့လည်း မရဘူး။ အခန်း (၁၂) နဲ့ သွားရမှာ ဖြစ်တယ်။ အန်ကယ့်အနေနဲ့ အဲဒီလိုပဲ ယူဆတယ်။

Voice : လာမယ့်အစိုးရသစ် လက်ထက်မှာ ပြန်ကြားရေး ဝန်ကြီးဌာနရဲ့ အနေအထားက ဘယ်လိုဆက်ရှိသွားမှာလဲ။

UNW : နိုင်ငံတကာကို ကြည့်တဲ့အခါ အစိုးရသတင်းစာ ဆိုတာ မရှိဘူး။ အစိုးရမှာ Gazette ရှိတယ်။ ထုတ်ပြန်ချက်ပေါ့။ ဒီကိစ္စက နိုင်ငံတကာမှာ ကျင့်သုံးတာ။ မြန်မာပြည်မှာ ထူးထူးခြားခြား ဖြစ်နေတာ။ ဒါကလည်း ရှိဖို့မရှိဖို့ထက် ပုံသဏ္ဌာန်တော့ ပြောင်းသွားမှာပါ။
ကျော်စိုးဦး
The Voice Weekly

0 comments:

Post a Comment