Tuesday, March 1, 2016

အာဖဂန်အမျိုးသမီးနှင့် မိန်းကလေးများ အပျိုစစ်မစစ် ကိုယ်အင်္ဂါအတွင်း ထိုးသွင်းစစ်ဆေးခံနေရ

ကဘူးလ်၊ မတ် ၁
အာဖဂန်နစ္စတန်နိုင်ငံတွင် ကိုယ်ကျင့်တရားဆိုင်ရာပြစ်မှုများကျူးလွန်သည်ဟု စွပ်စွဲခံရသော အမျိုးသမီး များနှင့် မိန်းကလေးများသည် အစိုးရဆရာဝန်များ၏ အပျိုစစ်မစစ်စစ်ဆေးခံနေရပြီး ယင်းသို့စစ်ဆေးမှုမှာ ကိုယ်အင်္ဂါအတွင်း ထိုးသွင်းမှုပါရှိပြီး သိပ္ပံနည်းကျမှုအရ မေးခွန်းထုတ်စရာဖြစ်နေသည်ဟု အာဖဂန်၏ လွတ်လပ်သော လူ့အခွင့်အရေးကော်မရှင်က ပြောသည်။

ဖေဖော်ဝါရီ ၂၉က ထုတ်ဝေခဲ့သော အစီရင်ခံစာတစ်ခုတွင် ၂၀၁၅ခုနှစ်အတွင်း အိမ်ထောင်ရှိသူနှင့် ဖောက်ပြန်သည်ဟု စွပ်စွဲခံရသူ သို့မဟုတ် အိမ်မှထွက်ပြေးသည့်အမျိုးသမီး ၅၃ဦးကို အင်တာဗျူးခဲ့ပြီး ၄င်းတို့အနက် ၄၈ဦးသည် အစိုးရအရာရှိများ၏ အဓမ္မစစ်ဆေးမှုကို ခံခဲ့ရသည်ဟု အာဖဂန်လူ့အခွင့်အရေးအဖွဲ့က ပြောသည်။ ယင်းသို့စစ်ဆေးမှုမှာ ကာယကံရှင်၏ သဘောတူညီမှုမပါသဖြင့် လိင်ပိုင်းဆိုင်ရာနှောက်ယှက်မှုနှင့် လူ့အခွင့်အရေးချိုးဖောက်မှုဖြစ်သည်ဟု လူ့အခွင့်အရေးကော်မရှင်က ပြောသည်။

ယင်းသို့စမ်းသပ်မှုများမှာ အာဖဂန်နစ္စတန်၏ အခြေခံဥပဒေကိုချိုးဖောက်ခြင်းဖြစ်ပြီး ယင်းဥပဒေတွင် မည်သည့်ဥပဒေမျှ အစ္စလာမ်ဘာသာ၏ ယုံကြည်ချက်နှင့် ပြဋ္ဌာန်းချက်များကို မဆန့်ကျင်ရဟု ဖော်ပြထားသည်။ စမ်းသပ်မှုအများစုတွင် အမျိုးသားအစောင့်များနှင့် အခြားသူများရှေ့တွင် အမျိုးသမီးဇတ်အင်္ဂါအတွင်း ထိုးသွင်းစမ်းသပ်မှုနှင့် စအိုစမ်းသပ်မှုများပါဝင်သည်။ ထို့အပြင် ကြောက်မက်ဖွယ်အကျိုးဆက်များကြောင့် ယင်းသို့စမ်းသပ်မှုများမှာ ငြင်းပန်းနှိပ်စက်မှုပြုလုပ်သည်နှင့် တူနေသည်ဟု အစီရင်ခံစာက ဖော်ပြခဲ့သည်။
Mizzima - News in Burmese

0 comments:

Post a Comment