Monday, February 15, 2016

အာဏာအတွက်ဖြင့် မရှက်ကြပလေ

၂၀၁၅ ရွေးကောက်ပွဲမှာ NLD အနိုင်ရသွားပြီ ဆိုကတည်းက စစ်အစိုးရဟာ ရှုံးမည်းမည်းနေတဲ့ပုံမျိုးနဲ့ လုပ်လာတာကို တွေ့နေရပါတယ်။ အာဏာလွှဲရချိန်နီးလေလေ ပိုပြီးဇာတ်ရှိန်မြင့်လာလေပဲ။ သမ္မတ လုံခြုံရေးဥပဒေတို့၊ အခွန်ဥပဒေတို့၊ နိုင်ငံရေးပင်စင်ဥပဒေတို့ စတာတွေနဲ့ ကာကွယ်လာကြရတာကတစ်မျိုး။ သူတို့အကျိုးစီးပွားတွေဖြစ်တဲ့ မြေသိမ်းယာသိမ်းကိစ္စတွေကိုလည်း ပိုင်ဆိုင်မှုခိုင်မာအောင် လုပ်ကြရတာ ကတစ်ဖုံ သူတို့ထွက်သွားအပြီးမှာ ကျန်ခဲ့မယ့် ဝန်ထမ်းအဖွဲ့အစည်းထဲက သူတို့ရဲ့တပည့်သားမြေးတွေကို လည်း ရာထူးတိုးအပြောင်းအရွှေ့လုပ်ကြရ ဖွဲ့စည်းပုံတွေပြင်ကြရ တောင်းထားရထားတဲ့ ဘဏ္ဍာငွေတွေ ကိုလည်း ပိုသမျှပြန်အပ်ဖို့စိတ်မကူးဘဲ တစ်ပြားမကျန် ကုန်အောင်အသုံးစာရင်းပြပြီး ဘုန်းဖို့ပဲကြိုးစားနေကြ ရနဲ့ ဝရုန်းသုဉ်းကားဖြစ်နေကြရတဲ့အထဲ ခုနောက်ဆုံးကြားလိုက်ရတဲ့သတင်းကတော့ အဆိုးဆုံးပါပဲ။

ကာချုပ်နဲ့ ဒုကာချုပ်က နောက် ၅ နှစ်ဆက်ပြီး ၆၅ နှစ်ထိဆက်လုပ်မတဲ့။ သူ့အဘသန်းရွှေလောက်တော့ မဆိုးသေးပါဘူးလို့မပြောပါနဲ့။ ဘာအတွက် ဘယ်လိုကြောင့် သက်တမ်းဆန့်ချင်နေရတာလဲဆိုတာကိုလည်း စဉ်းစားမရပါ။ သေချာတာတစ်ခုကတော့ ဒုကာချုပ်ကိုစိတ်မချလို့ပဲလို့ ကောက်ချက်ချရတော့မှာပဲ။

ဗိုလ်သန်းရွှေတုန်းကလည်း သူနောက်ဆုံးပင်စင်ယူတဲ့ ၇၃ နှစ်အထိ လက်ထိပ်တွဲခတ်ထားသလို ဗိုလ်မောင်အေးကိုဆွဲခေါ်သွားခဲ့တာနဲ့ ခုဖြစ်ရပ်ဟာ အတူတူပဲလို့မြင်နေရတာပဲ။ အဲဒီလိုတွေတွေးနေလို့ ဒုချုပ်တွေက ကာချုပ်တွေရဲ့ ဆန့်ကျင်ဘက်တွေဆုံးဖြတ်ပြီး ပြည်သူတွေအလိုကျလုပ်လာလိမ့်မယ်လို့ ထင်ရင် မှားသွားမှာဖြစ်ပါတယ်။ ဒီ Institution ထွက်တွေဆီက ဘာအကောင်းမှ မျှော်လင့်မနေနဲ့လို့ပြော ရင် ပြောတဲ့သူကို အပြစ်ပြောဖို့ခက်ပါမယ်။ တကယ်က သူတို့ထဲမှာ အဆုံးအဖြတ်ပေးနိုင်တဲ့နေရာမှာ ရှိခဲ့တဲ့သူတိုင်း ဘယ်တော့မှ တိုင်းပြည်မျက်နှာ မကြည့်ပါ။ ပြည်သူ့မျက်နှာမကြည့်ပါ။

ကာချုပ်အနေနဲ့ သူမကြာမကြာပြောနေတဲ့ Standerd Army ဆိုတာ သူများတွေပြောနေတဲ့ Professional Army နဲ့အတူတူပါပဲ။ စစ်သားအလုပ်လုပ်တဲ့ စစ်သားကိုဆိုလိုတာပါ။ သူကိုယ်တိုင် ဗမာစစ်တပ်ကို Standerd Army ဖြစ်အောင်ထူထောင်မတဲ့။ ဟုတ်ပါပြီ။ အဲဒီစွန့်ဦးတီထွင်သူကြီးက ပထမဆုံး ကိုယ်ကိုယ်တိုင် အပြောနဲ့အလုပ်နဲ့ညီအောင် ဝန်ထမ်းပီပီသသ အသက် ၆၀ မှာ ပင်စင်မယူနိုင် ရလောက်အောင် ဘာတွေကများ အပူမီးတောက်နေရတာလဲ။

ရာထူးကမစွန့်နိုင်လောက်အောင် ဘာတွေကများဖိအားပေးနေတာလဲ။ သူတို့ရဲ့ အဖေကြီး ဗိုလ်နေ ဝင်းတောင် အသက် ၆၀ မှာ ဦးနေဝင်းဖြစ်သွားသေးတာပဲ။ ဗိုလ်သန်းရွှေက အသက် ၇၀ ကျော်တဲ့အထိ အာဏာမစွန့်နိုင်တာကို နားလည်ပေးလို့ရပါတယ်။ သူ့အာဏာအပေါ်တပ်မက်ပြီး အာဏာအရူးလွန်နေလို့၊ သူ့မိသားစုအကျိုးစီးပွားကြီးကို ထိခိုက်သွားမှာစိုးလို့။ သူကနေ သူ့မြေးတွေအထိ လုံခြုံစိတ်ချချင်လို့။ စသည်ဖြင့် နားလည်ပေးလို့ရပါတယ်။

ခုနောက်ဆုံးပေါ်ကာချုပ်ကျတော့ မြင်ရသလောက်တော့ ကိုယ်ကျိုးစီးပွားဆိုတာလဲမရှိ။ အဘတို့စိတ်အေး ရအောင် ၂၀၀၈ နာဂစ်ခံတပ်ကြီးကလည်း အလုံအခြုံ။ လွှတ်တော်ထဲရော အစိုးရအဖွဲ့ထဲရော အစိမ်း သရဲများက အုံနဲ့ကျင်းနဲ့မို့ ဘာကြောင့်များ အသက် ၆၀ မှာ ပင်စင်မယူနိုင်ရတာလဲ။ ဝန်ထမ်းသဘောမှာ အသက် ၆၀ ပြည့်လို့ပင်စင်ယူရလည်း အထူး အဆန်းမှမဟုတ်တာ။ ကိုယ်မရှိလို့ တိုင်းပြည်ကြီးပျက်သွားမှာ လုပ်ငန်းတွေ ရပ်ဆိုင်းသွားမှာမှမဟုတ်တာ။ ငကန်းသေ ငစွေ လာလိမ့်မပေါ့။ ရာထူးအဆင့်ဆင့်ဆိုတာ ဒါတွေအတွက် ထားတာပဲမဟုတ်လား။ တစ်ယောက်မရှိရင် နောက်ထပ်တစ်ယောက် တက်လာပြီး လုပ်ကြရုံပေါ့။

ဒါပေမယ့် တကယ့်အဖြစ်မှာတော့ အဲဒီလောက်ထိ ရိုးရှင်းဟန်တူပုံမရပါဘူး။ ဗိုလ်သန်းရွှေက DASSK နဲ့ တွေ့ဆုံဆွေးနွေးတယ်ဆိုပေမယ့်၊ အနာဂတ်ရဲ့ခေါင်းဆောင်ဟာ DASSK ပဲလို့ ဗိုလ်သန်းရွှေ ကဆိုလိုက်ရုံနဲ့၊ ပြဿနာတွေက ရှင်းသွားတာမဟုတ်ဘူး။ DASSK သမ္မတဖြစ်ရေးဟာ အေးဆေးချောမွေ့သွား တာမဟုတ်ဘူး။ ၆၂ ကတည်းက ၈၈ ကတည်းက ဖြစ်ခဲ့တာတွေအားလုံး ပြေလည်ချုပ်ငြိမ်းသွား တာမဟုတ်ဘူးဆိုတာကို ခုခါမှာ မြင်နေရပြီဖြစ်ပါတယ်။ လွှတ်တော်ထဲရောက်နေတဲ့ စစ်ဗိုလ်ချုပ် တစ်ယောက်ရဲ့ ၅၉(စ)နဲ့ ပတ်သက်တဲ့ကြုံးဝါးသံကို ကြားရရင် ဗိုလ်သန်းရွှေနဲ့တွေ့ခဲ့ချိန်မှာ ဘာကတိမှ DASSK မရခဲ့ဘူးဆိုတာ မြင်သာပါတယ်။ DASSK ဘက်က ဘာမှမရလိုက်ပေမယ့် ပေးလိုက်ရတာတွေက အတော်များနေပြီဖြစ်တယ်။ တစ်ဘက်ကလည်း အပြောင်းအလဲနဲ့ပတ်သက်လို့ လေသံမှမဟ ရဲအောင် ဖြစ်နေရပုံတွေလည်းတွေ့နေရတယ်။ ပြည်နယ်တိုင်းဝန်ကြီးချုပ်တွေကိစ္စတွေ၊ အစိုးရအဖွဲ့ဝင် ကိစ္စတွေ၊ အစိုးရအဖွဲ့သစ်အတွက် မူဝါဒကိစ္စတွေ၊ ဒုသမ္မတအမည်စာရင်းကိစ္စတွေဆိုတာ NLD ကို ဝိုင်းကြီးပတ်ချာလှည့်နေတဲ့ ပြဿနာတွေဖြစ်ပါတယ်။ NLD အတွက် ၉၀ ရွေးကောက်ပွဲ ထမင်းလုံး တစ္ဆေခြောက်နေသေးတယ်ဆိုရင်လည်း ပြည်သူတွေကတော့ လက်မခံနိုင်ပါ။ ခုချိန်ဟာ ၉၀ တုန်းက လိုမဟုတ်တော့တာ သေချာပါတယ်။ တစ်စုံတစ်ရာတော့ အတိုင်းအတာတစ်ခုထိတော့ ပွင့်လင်းမြင် သာမှုရှိဖို့ ပြည်သူတွေက တောင်းဆိုနေတာဖြစ်ပါတယ်။ မျှော်လင့်ချက်ကြီးကြီးမားမားရှိနေတဲ့ ပြည် သူတွေအတွက် တစ်စုံတစ်ရာအထိ စိတ်ကျေနပ်စေမှုမရနိုင်ခဲ့ရင် ဖြစ်လာမယ့်အကျိုးဆက်များဟာ မတွေးဝံ့စရာပါ။

အဲဒီလိုသာဖြစ်ခဲ့ရင် အဲဒီအခြေအနေတွေအပေါ်ကနေ မျှောလိုက်လာမယ့် တောကြောင်တွေ မစားရတဲ့အမဲ သဲနဲ့ပက်ချင်သူတွေက အုံနဲ့ကျင်းနဲ့စောင့်ဆိုင်းနေကြတာ။ စစ်တပ်နဲ့စစ်အစိုးရကိုတော့ ပြည်သူတွေ က အကောင်းဘက်ကမမြင်နိုင်ကြတော့ပါ။ DASSK ကို သမ္မတဖြစ်စေချင်ပါတယ်ဆိုပြီး တစ်နိုင်ငံလုံးကပြည် သူတွေရဲ့အသံတွေ လျှံနေအောင်ကြားနေရတာတောင်မှ နာဂစ်ထဲက ပြင်ဆင်ဖို့နည်းလမ်းအတိုင်း တစ်ပြားသားမှမလျှော့နိုင်ဘူးလို့ စစ်တပ်ကပြောနေတာကိုကြားနေရတဲ့အချိန်မှာ ကိုယ့်ဘက်က ဘာလုပ် မယ်ဆိုတာ ပြင်ထားဖို့လိုပြီဖြစ်ပါတယ်။ တော်ပြီပေါ့ နှင်းငါးဆယ်။ တိုင်းပြည်လည်းနာလှပါပြီ။ စကား လုံးတွေအရ အမျိုးသားပြန်လည်သင့်မြတ်ရေးဆိုတာ ကြားကောင်းပေမယ့် တစ်ဘက်က နားပင်း ချင်ယောင်ဆောင်နေရင် အဲဒီသူကိုချန်ထားခဲ့ပြီး တိုင်းရင်းသားတွေနဲ့သာ အပီအပြင် ငြိမ်းချမ်းရေးကို ရအောင်ယူရပါလိမ့်မယ်။ အဲဒီလိုကြိုးပမ်းနေစဉ်မှာပဲ မငြိမ်းချမ်းချင်သူတွေ စစ်အကျိုးစီးပွားရှိသူတွေကို လက်ညှိုးထိုးညွှန်ပြပြီး ပြည်သူတွေမျက်မှောက် ဖော်ထုတ်တိုက်ခိုက်ကြရမှာလည်းဖြစ်တယ်။ တိုင်းပြည်ကို ဘယ်တော့မှ မငြိမ်းချမ်းစေချင်သူ၊ အမြဲယမ်းနံ့ဝေနေစေချင်သူတွေဟာ စစ်ပွဲတွေအပေါ်ကနေ အကျိုးစီး ပွားတွေရရှိနေတဲ့ အမျိုးသားသစ္စာဖောက်တွေပဲဖြစ်ပါတယ်။

အဲဒီလိုလူမျိုးတွေကပဲ။ တိုင်းပြည်ဟာ လွတ်လပ်ရေးရပြီးကတည်းက အမြဲပဲ မတည်မငြိမ်ဖြစ်နေသလိုလို၊ ခုချက်ချင်း စစ်တပ်က နိုင်ငံရေးထဲကထွက်လိုက်ရင်ပဲ ဘော့စနီးယား ဟာဇီဂိုးဗီးနားလို အာရပ်နွေဦး နိုင်ငံတွေလို တိုင်းပြည်ပဲချက်ချင်းကြီးပျက်တော့မလိုလို ပြောနေကြတာ ဘယ်သူတွေပါလဲ။ တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ ပြည်သူတွေကတော့ မဟုတ်ပါ။ ခုပဲကြည့်လေ။ အိုဘားမားဖိတ်ခေါ်တဲ့ အမေရိ ကန်မှာလုပ်မယ့် အာဆီယံထိပ်သီးဆွေးနွေးပွဲကို ဗမာသမ္မတက မတက်တော့ဘူးတဲ့။ အကြောင်းပြတာက တိုင်းပြည်တည်ငြိမ်မှုပျက်မှာစိုးလို့ဆိုပဲ။ တီဗီက သမ္မတအကြံပေးတစ်ယောက်နဲ့ ဂျာနယ်တွေထဲက သမ္မတအကြံပေးတစ်ယောက် ပြောနေရေးနေကြတဲ့ လေသံတွေ အသုံးအနှုန်းတွေအတိုင်းပါပဲ။ ခုပြောလာသူကတော့ သမ္မတရဲ့ပြောရေးဆိုခွင့်ရှိသူဆိုပဲ။ အဲဒီလိုအခြေအနေမျိုးမှာ ဗမာပြည်သူတွေဟာ မတ်လကုန်အထိ တိုင်းပြည်ရဲ့အခြေအနေကို ရင်တထိတ်ထိတ်နဲ့ စောင့်ကြည့်နေကြရတာဖြစ်တယ်။ ၁၉၆၂ မတ်လ ၁ ရက်နေ့က အခြေအနေကိုပြန်ရောက်ဖို့ဆိုတာ အိပ်မက်ထဲတောင် မမက်ရဲတော့ပါ။ ခုလို စစ်မာန် စစ်သံဝင့်နေကြချိန်မှာ နားရွက်မခတ်ကြနဲ့ဦး ဆိုတဲ့ အသံတွေသာကြားနေရပါတယ်။

 ဗမာစစ်တပ်ဟာ လွတ်လပ်ရေးရစ နိုင်ငံတော်သစ်တည်ဆောက်သူတို့ ရေးဆွဲခဲ့တဲ့ ၁၉၄၇ အခြေခံဥပဒေ ကို ဖျက်ဆီးရပ်ဆိုင်းပစ်ခဲ့သလို၊ သူတို့ကိုယ်တိုင် စိတ်တိုင်းကျရေးဆွဲပြီး ပြည်သူတွေကိုလိုက်နာစေခဲ့တဲ့ ၁၉၇၄ အခြေခံဥပဒေကိုလည်း ၈၈ မှာ တစ်ဖက်သတ်ရပ်ဆိုင်းခဲ့ပြန်ပါတယ်။ ၂၀၀၈ နာဂစ်အခြေခံဥပဒေကို လည်း ၁၄ နှစ်ကြာ စိတ်တိုင်းကျ အာဏာရှင်ကြီးအလိုကျ စစ်တပ်အသားပေး ပြည်သူ့ဖိနှိပ်ရေးဥပဒေ ကို ပြင်ရခက်အောင်စီစဉ်ရေးဆွဲခဲ့ပြီးကာမှ ပြည်သူကို အနိုင်ကျင့် ဇွတ်အတင်း အတည်ပြုခိုင်းပါတယ်။ စစ်တပ်တစ်ခုလုံးက ပြည်သူတစ်ရပ်လုံးအပေါ်ကို ကုပ်ခွစီးပြီးကာမှ မင်းတို့ပြင်ချင်ရင် (ဘယ်လိုမှပြင်လို့မ ရတဲ့) ဥပဒေပြဋ္ဌာန်းချက်အတိုင်းသာပြင်ကြလို့ပြောနေပုံဟာ နှုတ်သီးရှည်ငှက်ကျားကို ပန်းကန်ပြားထဲ ဟင်းရည်ထည့်တိုက်တဲ့ မြေခွေးစတိုင်ဖမ်းနေမှန်း သိသာလွန်းလှပါတယ်။ ဒီလိုလူတွေနဲ့ ဘယ်လိုခရီးဆက် ကြမှာလဲ။ တိုင်းပြည်အတွက် တစ်စက်ကလေးမှ မကြည့်တဲ့သူတွေကို လူစာရင်းသွင်းဖို့တောင် ခပ်ခက် ခက်ပဲဆိုတာ ထမင်းစားကြီးသူတိုင်းအသိပါပဲ။ တကယ်က ရှင်းရှင်းလေးပါ။ ခုလို ၅၉(စ)ကို ပြင် မယ်၊ ရွှေ့ဆိုင်းမယ်ဆိုတဲ့ အသံတွေညံလာမှ ဘယ်တုန်းကမှ ဥပဒေကိုလေးစားလေ့မရှိတဲ့ ဗမာစစ်တပ်ဟာ ခုမှပဲ ဥပဒေကို သူတို့ကပဲလေးစားလိုက်နာတာ၊ လူကြီးလူကောင်းတွေဖြစ်တာ၊ ဥပဒေကိုအသက်နဲ့ လဲပြီးကာကွယ်မှာ ကျန်တဲ့တစ်ပြည်လုံးကတော့ ကလေကချေတွေဖြစ်သယောင် ငပြူးကပြန်ပြဲပြနေပါတယ်။ ဗမာစစ်တပ်ထုံးစံအတိုင်းဆို ၅၉(စ)ဟာ ပျင်းစရာကောင်းပါတယ်။ တကယ်တော့ ဗိုလ်သန်းရွှေဟာ သူမသေခင်မှာ သူ့အကုသိုလ်လုပ်ရပ်တွေအတွက် သူကိုယ်တိုင်ပဲ တာဝန်ယူသွားသင့်ပါတယ်။
ဒါပေမယ့် ဗိုလ်သန်းရွှေဟာ သူ့အကုသိုလ်တွေကို သူသေတဲ့အထိသယ်ဆောင်သွားတော့မယ်ဆိုတာကို ခုခါမှာ မြင်နေရပြီဖြစ်ပါတယ်။ သူ့ရဲ့ တပည့်သားမြေးတွေရဲ့ ပြောစကားတွေအရကိုပဲ ထင်ရှားနေပြီဖြစ်ပါ တယ်။ DASSK နဲ့ တွေ့တယ်ဆိုတာကလည်း ထုံးစံအတိုင်း တိုင်းပြည်နဲ့ပြည်သူကိုလှည့်စားဖို့ သူ့လူတွေ အသက်ရှုချောင်ဖို့လုပ်တဲ့ လုပ်ရပ်တစ်ခုပဲဆိုတာ ခုခါမှာ ပိုပြီး ထင်ထင်ရှားရှားမြင်လာရပြီဖြစ်ပါတယ်။

အဲဒီတော့ ပြည်သူတွေဘက်ကလည်း တန်ပြန်ဖိအားတွေနဲ့ ပြန်ပေးဖို့လိုအပ်လာတော့မှာဖြစ်ပါတယ်။ မတ်လ တစ်လလုံးဟာ ပြည်သူတွေအပူမီးတောက်နေရသလို စစ်အစိုးရအတွက်ကိုလည်း တန်ပြန် အပူမီးတွေပြည့်နေစေဖို့ကြိုးပမ်းရမယ့် ကာလလည်း ဖြစ်လာပါလိမ့်မယ်။ DASSK ရဲ့နောက်မှာ တစ်ပြည်လုံးငြိမ်သက်စွာနဲ့ စောင့်ကြည့်ဖို့၊ ညောင်သီးလည်းစား လေးညှို့သံလည်းနားထောင်ရမယ့် ကာလပဲဖြစ်ပါလိမ့်မယ်။
လေးစားစွာဖြင့်
Ko Soe Win

0 comments:

Post a Comment