Saturday, February 6, 2016

နိုင်ငံသားစိစစ်ရေးကတ်အတုနှင့် လက်နက်ကိုင်ဆောင်သူကို ဖမ်းမိ


တာမွေမြို့နယ် နတ်မောက်ရပ်ကွက်ရှိ Victoria International School အရှေ့တွင် ယနေ့(ဖေဖော်ဝါရီ ၆ ရက်) နံနက် ၂ နာရီ ၂၀ မိနစ်က မော်တော်ယာဉ် တစ်စီးပေါ်မှ လက်နက်ခဲယမ်းများနှင့်အတူ နိုင်ငံသား စိစစ်ရေး ကတ်ပြားအတုများ ကိုင်ဆောင်ထားသည့် အသက် ၂၆ နှစ် အရွယ်အမျိုးသားတစ်ဦးကို ဖမ်းမိခဲ့သည်။

 အဆိုပါ ဖမ်းမိခဲ့သူမှာ အလုံမြို့နယ် နွယ်သာဂီလမ်းတွင် နေထိုင်သည့်ကိုအောင်မြတ်ကျော်ဖြစ်ပြီး ၎င်း မောင်းနှင်လာသည့် Toyota Hilux Vigo ယာဉ်ပေါ်မှ လိုင်စင်မဲ့ ပစ္စတိုသေနတ် တစ်လက်နှင့်အတူ ၉ မမ ကျည် ၇၂ တောင့်တို့ကို သိမ်းဆည်းရမိခဲ့ကြောင်း တာမွေမြို့နယ် ရဲတပ်ဖွဲ့ထံမှ သိရသည်။

"လှည့်ကင်းဆောင်ရွက်နေချိန် လမ်းဘေးမှာ မီးဖွင့်ပြီး ရပ်ထားတဲ့ ကားတစ်စီးကို မသင်္ကာလို့ စစ်ဆေးရာက လက်နက်ခဲယမ်းတွေနဲ့အတူ မှတ်ပုံတင်အတုတွေ ကိုင်ဆောင်ထားတဲ့ အမျိုးသားတစ်ယောက်ကို ဖမ်းမိခဲ့တယ်"ဟု ယင်းမြို့နယ်ရဲတပ်ဖွဲ့မှ ရဲအရာရှိ တစ်ဦးက ပြောကြားသည်။

အဆိုပါအမျိုးသားထံမှ လက်နက်ခဲယမ်းများနှင့်အတူ အမည်လွှဲ နိုင်ငံသားစိစစ်ရေးကတ်ပြားအတု သုံးခု ပတ်စ်စပို့ စာအုပ်တစ်အုပ်နှင့် ယာဉ်အမှတ် MDY- 1G/3160 မော်တော်ယာဉ်တစ်စီးတို့ကို သိမ်းဆည်းခဲ့ပြီး လက်နက်ဥပဒေ ပုဒ်မ ၁၉(စ) ဖြင့် တာမွေမြို့မရဲစခန်းက အမှုဖွင့်ကာ အမှုဖြစ်စဉ် အသေးစိတ်ကို သက်ဆိုင်ရာ ဌာနပေါင်းစုံမှ တာဝန်ရှိသူများက ပူးပေါင်းစုံစမ်းစစ်ဆေးနေကြောင်း အရှေ့ပိုင်းခရိုင် ရဲတပ်ဖွဲ့ထံမှ သိရသည်
The Voice Weekly

0 comments:

Post a Comment