Tuesday, January 5, 2016

မျိုးတုံးပျောက်ကွယ်မည့်အန္တရာယ်နှင့် ရင်ဆိုင်နေရသော တူနာ(tuna) ငါးကြီးကို အမေရိကန်ဒေါ်လာ ၁၁၇,၀၀၀ဖြင့် ဂျပန်ဆူရှီဆရာကြီးက ၀ယ်ယူ

တိုကျို၊ ဇန်န၀ါရီ ၅
တိုကျို၏ ဆူကီဂျီငါးဈေးက နှစ်သစ်ကူးလေလံပြုလုပ်စဉ် ဧရာမဆူးတောင်ပြာ တူနာငါးကြီးတစ်ကောင်ကို ဂျပန်ဆူရှီဆရာကြီးတစ်ဦးက အမေရိကန်ဒေါ်လာ ၁၁၇,၀၀၀ကျော်ဖြင့် ဇန်န၀ါရီ ၅က ပေးဝယ်ခဲ့သည်။

မျိုးတုံးပျောက်ကွယ်နိုင်သည့် အန္တရာယ်နှင့် ရင်ဆိုင်နေရသော မျိုးစိတ်တစ်ခုဖြစ်သည့် ကီလိုဂရမ် ၂၀၀လေးသော ငါးကြီးအတွက် ဈေးပြိုင်ပေးမှုမှာ ယန်းငွေ ၁၄ သန်းတွင် ရပ်တန့်သွားသည်။ ယင်းငါးကို ဂျပန်၏ မြောက်ပိုင်းကမ်းရိုးတန်းအလွန်တွင် ဖမ်းမိခဲ့ခြင်းဖြစ်သည်။

ယခုဈေးမှာ လွန်ခဲ့သည့်နှစ်က ရောက်ရှိခဲ့သော ငါးဈေးထက် သုံးဆပိုများသော်လည်း ၂၀၁၃ခုနှစ် က ရောက်ရှိခဲ့သော စံချိန်တင် ယန်း ၁၅၅ဒသမ၄သန်းထက်မူ များစွာ နည်းနေသေးသည်။ ထိုစဉ် က ဟောင်ကောင်စားသောက်ဆိုင်တွဲတစ်ခုကလည်း အနည်းငယ်ပိုမိုကြီးမားသော အမျိုးစားတူငါးအတွက် အင်နှင့် အားနှင့် ယှဉ်ပြိုင်လာသည်။

နှစ်သစ်ကူးလေလံမှာ ဆူကီဂျီတွင် နှစ်စဉ်လုပ်နေကျပွဲတစ်ခုဖြစ်ပြီး နှစ်တစ်နှစ်အတွက် ပထမဆုံးငါးကို ၀ယ်ယူနိုင်သည့် ဂုဏ်အတွက် လေလံဆွဲသူများက မတန်တဆပေး၍ ၀ယ်ယူလေ့ရှိသည်။ သို့သော်လည်း ဆူးတောင်ပြာတူနာငါးကို အကြီးမားဆုံးစားသုံးသူဖြစ်သော ဂျပန်သည် ယင်းငါးများကုန်သွယ်မှုကို ပိတ်ပင်ရန် တောင်းဆိုမှုများနှင့် ရင်ဆိုင်ရပြီးနောက်မှ ၄င်းအစဉ်အလာပေါ်လာခြင်းဖြစ်သည်။ ယင်းငါးမျိုးမှာ မျိုးတုံးပျောက်ကွယ်တော့မည်ဟု သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝါဒီများက သတိပေးလျက်ရှိသည်။

အစိုးရများအနေဖြင့် မပျောက်ကွယ်ရေး အရေးယူဆောင်ရွက်မှုများ အပြည့်အ၀အကောင်အထည်ဖော် လျင်တောင် ပစိဖိတ်တူနာငါးအရေးအတွက်မှာ ဆက်လက်လျော့ကျရန် ရှိနေသည်ဟု Pew Charitable Trusts မှ ကမ္ဘာလုံးဆိုင်ရာတူနာထိန်းသိမ်းရေး ဒါရိုက်တာ အာမန်ဒါနစ်ဆင်က ပြောသည်။ ဆူးတောင်ပြာတူနာသည် အများအားဖြင့် ဆူကီဂျီတွင် ရရှိနိုင်သော ဈေးအကြီးဆုံးငါးဖြစ်ပြီး ဆူကီဂျီသည် ကမ္ဘာတွင် အကြီးဆုံးငါးနှင့် လက္ကားပင်လယ်စာဈေးကွက်ဖြစ်သည်။

ဇန်န၀ါရီ ၅က လေလံအောင်သူ ကီယိုရှီကီမူရာသည် လူကြိုက်များသော ဆူရှီဆိုင်တွဲ Sushi-Zanmai ၏နောက်ကွယ်မှ ကုမ္ပဏီ၏ ဥက္ကဋ္ဌဖြစ်သည်။

ပြည်ပခရီးသည်များနှစ်သက်သည့် သေးငယ်သည့်ဆိုင်ကလေးများ၊ လက္ကားရောင်းချသူများအတွက် ပြန့် ကျဲနေသော အဆောက်အအုံအစုတစ်ခုဖြစ်သည့် ဆူကီဂျီဈေးမှာ ၄င်း၏ နှစ် ၈၀ကြာသမိုင်းကို အဆုံး သတ်ပြီး ကီလိုမီတာအနည်းငယ်ဝေးသော တိုယိုဆုရှိ ခေတ်မီအဆောက်အအုံသို့ ရွှေ့ပြောင်းတော့ မည်ဖြစ်သည်။
Mizzima - News in Burmese

0 comments:

Post a Comment