Sunday, January 24, 2016

ဒုက္ခသည်အားလုံးကို လက်ခံလိုက်ပါက ဥရောပ မတည်မငြိမ်ဖြစ်လိမ့်မည်ဟု ပြင်သစ်ဝန်ကြီးချုပ် သတိပေး

ဒါးဗို့၊ ဇန်န၀ါရီ-၂၄
စက္ကန့်ပိုင်းအတွင်းတွင် ၄င်းတို့၏ သတင်းစကားကို လစ်ဗျားရှိ ဒုက္ခသည်စခန်းများတွင် စမတ်ဖုန်း များနှင့် ဝေငှနေကြသောကြောင့် ဥရောပခေါင်းဆောင်များအနေဖြင့် ဒုက္ခသည်များကို ဥရောပက ကြိုဆိုမည် ဟု လက်လွတ်စပါယ် မပြောကြားရန် ပြင်သစ်ဝန်ကြီးချုပ်က သတိပေးလိုက်သည်။

“လာခဲ့၊ ခင်ဗျားကို ကြိုဆိုမယ်ဆိုတဲ့ သတင်းစကားက အကြီးအကျယ် ရွှေ့ပြောင်းအောင် လှုံ့ဆော်ပေးနေ တယ်”ဟု ပြင်သစ်ဝန်ကြီးချုပ် မင်နျူရယ် ဘောက သောကြာနေ့က ဆွစ်ဇာလန်၊ ဒါးဗို့တွင် ကျင်းပသွား ခဲ့သော ကမ္ဘာ့စီးပွားရေးဖိုရမ်တွင်  ပြုလုပ်သည့် ဗွီဒီယိုအင်တာဗျူးတစ်ခုတွင် ပြောကြားခဲ့သည်။ စစ်ဒဏ်ခံ အီရတ်နှင့် ဆီးရီးယားမှ ဒုက္ခသည်အားလုံးကိုသာ လက်ခံလိုက်ပါက ဥရောပအနေဖြင့် လုံးဝမတည် မငြိမ်ဖြစ်သွားလိမ့်မည်ဟုလည်း ၄င်းက ပြောကြားခဲ့သည်။

ဥရောပအနေဖြင့် ၄င်း၏ အပြင်စည်းများကို ပိုမိုထိန်းချုပ်နိုင်ရန် လုပ်ဆောင်ရတော့မည်ဟုလည်း ဘော က ပြောကြားခဲ့သည်။

“ဥရောပဟာ သူ့ရဲ့ ကိုယ်ပိုင်နယ်စပ်စည်းတွေကို မကာကွယ်နိုင်တော့ဘူးဆိုရင် ဥရောပဆိုတဲ့ သဘော လက္ခဏာဟာလည်း မေးခွန်းထုတ်စရာ ဖြစ်လာလိမ့်မယ်”ဟုလည်း ၄င်းက ပြောကြားခဲ့သည်။

ဂျာမနီက ၂၀၁၅ခုနှစ်တွင် ရွှေ့ပြောင်းအခြေချနှင့် ဒုက္ခသည် ၁သန်းကျော်ကို လက်ခံနေချိန်တွင် ပြင်သစ်က မူ ဒုက္ခသည်အမြောက်အများကို ၀င်ခွင့်မပြုဘဲ တံခါးပိတ်ထားခဲ့သည်။ ပြင်သစ်သမ္မတ ဆရန်ဆွာ အော် လွန်းကမူ ပြင်သစ်နိုင်ငံက ဒုက္ခသည် ၂၄၀၀၀ကို ၀င်ခွင့်ပြုမည်ဟု ပြီးခဲ့သည့်နှစ် စက်တင်ဘာလက ပြော ကြားခဲ့သည်။

ဒုတိယကမ္ဘာစစ်နောက်ပိုင်းတွင် အကြီးမားဆုံးပမာဏဖြင့် အလုံးအရင်း လှိမ့်ဝင်လာနေသည့် ရွှေ့ပြောင်း အခြေချ ဒုက္ခသည်များကို ဥရောပအနေဖြင့် ကိုင်တွယ်ဖြေရှင်းရန် ရုန်းကန်နေရချိန်တွင် လူထုများကြား တွင် ရွှေ့ပြောင်းအခြေချဆန့်ကျင်ရေး စိတ်ဓာတ်များလည်း ပြင်းထန်နက်ရှိုင်းလာနေသည့် အခင်းအကျင်း တွင် ဘော၏ မှတ်ချက်စကား ထွက်ပေါ်လာခဲ့ခြင်းပင် ဖြစ်သည်။ 

ဒတ်ခ်ျ ဘဏ္ဍာရေးဝန်ကြီး ဂျာရုန်း ဒစ်ဆယ်အက်ဘလွန်နှင့် ဥရောပဗဟိုဘဏ်ကြီးအကဲ မာရီယို ဒရက်ဂီတို့ ကလည်း ဥရောပသို့ ၀င်ရောက်လာနေသည့် ရွှေ့ပြောင်းအခြေချ အရေအတွက်ကို မလျှော့ချနိုင်ပါက ဥရောပလူ့အဖွဲ့အစည်းမှာ ၄င်းတို့ကြောင့် ပြောင်းလဲသွားလိမ့်မည်ဟု သတိပေး ပြောကြားခဲ့သည်။

“ကျနော်တို့ရဲ့ လူ့အဖွဲ့အစည်းဟာ ဒီဒုက္ခသည်တွေကြောင့် ပြောင်းလဲသွားလိမ့်မယ်။ ဘယ်ကိုဦးတည်နေ တယ်ဆိုတာတော့ ခန့်မှန်းရုံပဲ တတ်နိုင်မယ်။ ဒီစိန်ခေါ်မှုကို အခွင့်အလမ်းအဖြစ် ပြောင်းလဲဖို့က အချိန် ဘယ်လောက်ကြာဦးမယ်ဆိုတာလည်း ပြောဖို့ စောလွန်းသေးတယ်”ဟု ဒရက်ဂီက ပြောကြားခဲ့သည်။

ဂျာမနီနှင့် ဒိန်းမတ်အပါအ၀င် ဥရောပနိုင်ငံတစ်ချို့က ၄င်းတို့အား ကူညီရသည့် စရိတ်နှင့်ကာမိအောင် ဒုက္ခသည်များထံမှ အဖိုးတန်ပစ္စည်းများကို သိမ်းယူနေကြရာ အချို့က ထိုလုပ်ရပ်မှာ နာဇီလက်ထက် အစုလိုက်အပြုံလိုက် မျိုးတုံးသုတ်သင်ရေးကာလက ဂျူးများအပေါ် ကျူးလွန်သည့် လုပ်ရပ်ကို သတိရစရာဖြစ် သည်ဟု ဝေဖန်နေကြသည်။

အခြားသောနိုင်ငံများကမူ ရွှေ့ပြောင်းအခြေချနှင့် ဒုက္ခသည်များ မ၀င်နိုင်အောင် နယ်စပ်များကို ပိတ်ပြီး နံရံများတည်ဆောက်ရန်ပင် စဉ်းစားနေကြသည်ဟု ဆိုသည်။
Mizzima - News in Burmese
အေအက်ဖ်ပီ

0 comments:

Post a Comment