Friday, January 22, 2016

အိန္ဒိယစစ်ရေယာဉ် တစ်စင်း နိုင်ငံတောင်ပိုင်း ကမ်းရိုးတန်း၌ နစ်မြုပ်

 
အိန္ဒိယရေတပ်မှ ကြားဖြတ်တိုက်ခိုက်ရေးစစ်ရေယာဉ်တစ်စင်း

နယူးဒေလီ ၊ ၂၂-၁-၂၀၁၆
အိန္ဒိယနိုင်ငံ ရေတပ်မှ ကြားဖြတ် တိုက်ခိုက်ရေး စစ်ရေယာဉ် တစ်စင်းသည် ဇန်နဝါရီ ၂၁ ရက် က နိုင်ငံတောင်ပိုင်းရှိ ချန်နိုင်း ကမ်းရိုးတန်း၌ သင်္ဘောပေါ်တွင် မီးလောင်ကျွမ်းမှု ဖြစ်ပွားပြီးနောက် နစ်မြုပ်ခဲ့ကြောင်း The Hindu Online သတင်းစာက ဖော်ပြထားသည်။

အဆိုပါ စစ်ရေယာဉ်သည် ချန်နိုင်း ကမ်းရိုးတန်း အရှေ့မြောက်ဘက် မှ ရေမိုင် ၉ဝ အကွာတွင် ခုတ်မောင်းနေစဉ် မီးလောင် နစ်မြုပ်မှု ဖြစ်ပွားခဲ့ခြင်း ဖြစ်ပြီး သင်္ဘောပေါ်ရှိ တပ်ဖွဲ့ဝင် ခြောက်ဦးမှာ တစ်စုံတစ်ရာ ထိခိုက်ဒဏ်ရာ ရရှိမှု မရှိကြောင်း သိရသည်။

ထို့ပြင် ယင်းတပ်ဖွဲ့ဝင် ခြောက်ဦးသည် သင်္ဘောနစ်မြုပ် ချိန်တွင် အနီးရှိအခြား စစ်သင်္ဘောပေါ်သို့ ကူးခတ် လာခြင်းကြောင့် ယခုကဲ့သို့ လွတ်မြောက်ခဲ့ခြင်း ဖြစ်သည်။

မီးလောင်ကျွမ်းမှုသည် သင်္ဘော ကိုယ်ထည်အား ပျက်စီးစေခဲ့ပြီးနောက် နစ်မြုပ်မှု ဖြစ်ပွားခဲ့ ရခြင်း ဖြစ်ကြောင်းနှင့် အဆိုပါ မတော်တဆ မှုနှင့် စပ်လျဉ်း၍ စုံစမ်းစစ်ဆေးမှုများ လုပ်ဆောင်ရန် တာဝန်ရှိသူများက အမိန့်ပေး ထားကြောင်း သိရသည်။
PyiChitThar

0 comments:

Post a Comment