Monday, January 4, 2016

မြန်မာ့ကမ်းလွန်ရေနက်ပိုင်းတွင် သဘာဝဓာတ်ငွေ့ကြောကြီး ရှာဖွေတွေ့ရှိ

ရန်ကုန်၊ ဇန်နဝါရီ ၎
မြန်မာနိုင်ငံ၏ ကမ်းလွန်လုပ်ကွက် A – 6 ရေနက်ပိုင်းတွင် သဘာဝဓာတ်ငွေ့ ၁၂၉ မီတာခန့်ရှိသည့် သဘာဝဓာတ်ငွေ့ ခိုအောင်းနေသည့် သဲကြောကြီးကို ရှာဖွေတွေ့ရှိခဲ့ကြောင်း သိရသည်။

ယခုကဲ့သို့ တွေရရှိခဲ့ကြောင်းကို အဆိုပါ လုပ်ကွက်တွင် လုပ်ကိုင်ခွင့်ရရှိထားသည့် MPRL E & P ရေနံ ကုမ္ပဏီက ဇန်နဝါရီလ ၄ရက်က ထုတ်ပြန်ချက်တစ်စောင် ထုတ်ပြန်၍ ကြေညာခဲ့ခြင်း ဖြစ်သည်။

သတင်းထုတ်ပြန်ချက်အရ ကမ်းလွန်လုပ်ကွက် A – 6 ၌ ပင်လယ်ရေအနက် ပေ ၆၆၇၀ (မီတာ ၂၀၃၀) ခန့်တွင် တွင်းအနက် ၁၇,၄၀၈ ပေ ( ၅၃၀၆ မီတာ) အထိ တူးဖော်ခဲ့သည့် ရွှေရည်ထွန်းတွင်းအမှတ် - ၁ တွင် သဘာဝဓာတ်ငွေ့ ကော်လံ ၄၂၃ ပေ ( ၁၂၉ မီတာ) ခန့်ရှိသည့် သဘာဝဓာတ်ငွေ့ ခိုအောင်းနေသည့် သဲကြောကြီးကို ရှာဖွေတွေ့ရှိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

“အခု ရှာဖွေတွေ့ရှိမှုဟာ ကမ္ဘာ့အဆင့် ကြီးမားတဲ့ ဓာတ်ငွေ့သိုက်တစ်ခုကို ရှာဖွေတွေ့ရှိမှုအစ ဖြစ်နိုင်ပြီး MPRL E & P အနေနဲ့ အခုရှာဖွေတွေ့ရှိမှုကို အဆင့်မြှင့်တင်သွားဖို့အတွက် Woodside Total E & P တို့နဲ့အတူ ဆက်လက် ရှာဖွေတူးဖော်မှုတွေ ပြုလုပ်သွားမှာ ဖြစ်ပါတယ်။ ဒီရှာဖွေ တွေ့ရှိ မှုဟာ အဲဒီလုပ် ကွက်မှာ ပါဝင်ပတ်သက်နေတဲ့ အဖွဲ့အစည်းတွေ အားလုံး အထူးသဖြင့် မြေအောက်သယံဇာတများရဲ့ အဓိက ပိုင်ရှင်ဖြစ်တဲ့ နိုင်ငံတော်နဲ့ ပြည်သူပြည်သားအားလုံးကို အကျိုးဖြစ်ထွန်းစေမယ့် အောင်မြင် မှု ဖြစ်တယ်လို့ ကျွန်တော်ယုံကြည်တယ်” ဟု ဆိုသည်။

နောက်ဆုံးတိုင်းတာရရှိထားသော အချက်အလက်များအရ အဆိုပါ ၄၂၃ ပေ ရှိသော သဘာဝ ဓာတ်ငွေ့ ကော်လံတွင် သဲကြော ၃ ကြော ပါဝင်ပြီး ၎င်း၏ Net Pay မှာ အနည်းဆုံး ပေ ၅၀ ( ၁၅ မီတာ) ခန့်ရှိကြောင်း၊ ယခုရှာဖွေတွေ့ရှိမှုသည် မြန်မာ့ကမ်းလွန်ရေနက်ပိုင်း သမိုင်းတစ်လျှောက်တွင် ပထမဆုံး ကြီးမားသည့် ရှာဖွေတွေ့ရှိမှုဖြစ်ကြောင်း၊ ဤအချက်အလက်များမှာ ကနဦး ရှာဖွေတွေ့ရှိသည့် အချက် အလက်များ ဖြစ်ပြီး အကဲဖြတ်သုံးသပ်မှုများကို ဆက်လက် ဆောင်ရွက်လျှက်ရှိကြောင်း ထုတ်ပြန်ချက် တွင် ဖော်ပြထားသည်။

MPRL E & P သည် မြန်မာ အမျိုးသားများ ဦးဆောင်သည့် ရေနံကုမ္ပဏီ တစ်ခုဖြစ်ပြီး လုပ်ကွက်အမှတ် A – 6 ၏ Operator အဖြစ် ၂၀၀၇ ခုနှစ်တွင် လက်မှတ်ရေးထိုးစာချုပ် ချုပ်ဆိုခဲ့ပြီး အဆိုပါတွင်းကို ၂၀၁၅ ခုနှစ် နိုဝင်ဘာ ၂၇ ရက်မှ စတင်တူးဖော်ခဲ့ခြင်း ဖြစ်ကြောင်းလည်း သိရသည်။
မျိုးသူအောင်
Mizzima - News in Burmese

0 comments:

Post a Comment