Monday, January 18, 2016

အဓမ္မကျင့်သတ်ခံရမှု တစ်နှစ်ပြည့်သော်လည်း အမှုမှန်မပေါ်သေး


01/18/2016
ချင်းမိုင်၊ ဇန်နဝါရီ ၁၈ ။ ။ အဓမ္မပြုကျင့်၍ သတ်ဖြတ်ခံခဲ့ရသော ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် (KBC)မှ စေ တနာ့ ဝန်ထမ်း ကချင်ကျောင်းဆရာမ နှစ်ဦး အမှုနှင့်ပတ်သက်၍ အမှန်တရားကို ရှာဖွေရန်အတွက် “တရား မှု ရှာဖို့ နှောင့်နှေးခြင်းမှာ တရားမှုကို ငြင်းပယ်ခြင်းပါ”ဟူသော အစီရင်ခံစာကို ဥပဒေအထောက် အကူပြု ကွန်ရက်(LAN) နှင့် ကချင်အမျိုး သမီးများအစည်းအရုံး (ထိုင်းနိုင်ငံ) KWAT တို့က ဇန်နဝါရီလ ၁၈ ရက်က ထုတ်ပြန်လိုက်သည်။

စာမျက်နှာ ၁၁၀ ပါ အစီရင်ခံစာတွင် မြန်မာနိုင်ငံ၌ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများ၊ စစ်ရာဇ ဝတ်မှုများနှင့် ပတ်သက်၍ ကောင်းခါးကျေးရွာတွင် မမရန်လုရာနှင့် မတန်ဘောင်ခေါန်နန်စင်တို့နှစ်ဦး အဓမ္မပြုကျင့် ခံရ၍ သတ်ဖြတ်ခံခဲ့ရသည်ကို အဓိကထား၍ အမှန်တရားကို ရှာဖွေရန်အတွက် ဇန်နဝါရီလ ၁၈ ရက်က ထုတ်ပြန် လိုက်ခြင်း ဖြစ်သည်။

ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှ အသက် ၂၀ နှစ်အရွယ် မမရန်လုရာနှင့် အသက် ၂၁ နှစ်အရွယ် မတန်ဘောင် ခေါန်နန်စင်တို့သည် ရှမ်းပြည်နယ် မူဆယ်ခရိုင် ပန်ဆိုင်းမြို့နယ် နမ်တောင်းကျေးရွာ အုပ်စု ကောင်းခါးကျေးရွာတွင် ၂၀၁၅ ခုနှစ် ဇန်နဝါရီလ ၁၉ ရက်က အဓမ္မပြုကျင့်ခံရ၍ သတ်ဖြတ်ခဲ့ရသည်။

သတ်ဖြတ်ခံရသော ဆရာမနှစ်ဦးအတွက် တရားမျှတမှုကို လိုလားခြင်းနှင့် တိုင်းရင်းသားဒေသများရှိ အမျိုးသမီးများအတွက် ယခုကဲ့သို့ အဖြစ်မျိုး ထပ်မံ မဖြစ်ပေါ်လာစေရန် ရည်ရွယ်၍ လုပ်ဆောင် ရခြင်း ဖြစ်သည်ဟု ထိုင်းနိုင်ငံ ချင်းမိုင်မြို့ အခြေစိုက် KWAT မှ တွဲဘက် အထွေထွေအတွင်းရေးမှူး မဆိုင်းဇင်က ပြောသည်။

အစိုးရ စစ်တပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော်(KIA) တို့ တိုက်ပွဲ စတင်ဖြစ်ပွားသော ၂၀၁၁ ခုနှစ်မှ ၂၀၁၅ ခုနှစ်အတွင်း ကချင်အမျိုးသမီးများအပေါ် အဓမ္မပြုကျင့်ခံရမှု အများအပြားရှိခဲ့သော်လည်း ယခုအမှု သည် အကြီးဆုံးဖြစ်ခဲ့သော ဆရာမ နှစ်ဦး၏ အမှုမှန်ဖော်ထုတ်နိုင်မှသာလျှင် ကချင်အမျိုး သမီးများအတွက် လုံခြုံမှု ရရှိနိုင်မည် ဖြစ်ကြောင်း သူက မဇ္ဈိမကို ပြောသည်။

“ဒီလို အဆိုးဝါးဆုံးဖြစ်တဲ့အမှုမှာ ကျမတို့က တရားမျှတမှုကို မရှာဖွေပေးနိုင်ဘူးဆိုရင် နောက်လာမဲ့ အချိန် မှာလည်း စစ်အစိုးရက ဆက်လက် အုပ်ချုပ်မှု ရှိနေတဲ့အချိန်မှာ သမ္မတတွေကို လွှတ်ငြိမ်းချမ်းသာ ခွင့်ပေး ထားတယ်။ ပြစ်ဒဏ်ပေးလို့မရတဲ့ ပုဒ်မ ၄၄၅ တွေ ရှိနေသ၍ကတော့ ဒီလို တိုင်းရင်းသားဒေသမှာ ဒီလို အမှုတွေ ဆက်ဖြစ်လာလို့ ရှိရင် ကျမတို့က ဘယ်နေရာမှာမှ အမျိုးသမီးတွေအတွက် မလုံခြုံသလို၊ ဘယ်နေ ရာမှာမှ တရားမျှတမှု ရှာဖွေဖို့ ခက်တယ်။ အဲဒါကြောင့်မို့ ဘာဖြစ်ဖြစ်တရားမျှတမှုကို လိုချင်လို့ ဒီလို ပူးပေါင်းဆာင်ရွက်ရခြင်း ဖြစ်တယ်”ဟု ၎င်းက ပြောသည်။

KWAT သည် အစီရင်ခံစာ ထုတ်နိုင်ရန်အတွက် ၂၀၁၅ ခုနှစ် ဇွန်လမှစတင်၍ KBC၊ ဥပဒေအထောက် အကူပြု ကွန်ရက်(LAN) တို့နှင့် ပူးပေါင်း၍ အမှုမှန်ဖော်ထုတ်ရန် အချက်အလက်များ ရှာဖွေစုဆောင်းခဲ့ သည်။

ဆရာမ နှစ်ဦး သေဆုံးစဉ် ဖြစ်စဉ် အသေးစိတ် တင်ပြထားခြင်း၊ အမှု စုံစမ်းစစ်ဆေးရာတွင် မျက်မြင် သက်သေ ဒေသခံများ၏ ပြောဆိုချက်များအပေါ် သုံးသပ်ခြင်း၊ အမှုတွင် သံသယဖြစ်သူ အစိုးရ တပ်ရင်း ၅၀၃ တပ်ရင်းမှူး ဗိုလ်မှူး အောင်ဖြိုးမြင့်နှင့် အထက်အရာရှိများ၊ ရဲတပ်ဖွဲ့မှ စုံစမ်းမှုအပေါ် တားဆီးခြင်းများကို အသေးစိတ် အစီရင်ခံစာတွင် ဖော်ပြထားသည်။

ရဲများက အခင်းဖြစ်နေရာနှင့် သေဆုံးသွားသာ ဆရာမ နှစ်ဦး၏ အလောင်းကို စစ်ဆေးနေစဉ် ရွာသားများ အား ဓါတ်ပုံမှတ်တမ်း ရယူခြင်းကို စစ်တပ်အရာရှိများက တားမြစ်ခဲ့ခြင်း၊ ဖုန်း၊ ကင်မရာများဖြင့် အခင်းဖြစ် ပွားသည့် နေရာကို မှတ်တမ်းတင်ရိုက်ယူပါက ၎င်းပစ္စည်းများကို ဖျက်ဆီးပစ်မည်ဟု ခြိမ်းခြောက်ခဲ့ခြင်းသည် စစ်တပ်က ကျူးလွန်မှုကို ဖုံးကွယ်ရန် လုပ်ဆောင်ခြင်း ဖြစ်ကြောင်း အစီရင်ခံစာက ဆိုသည်။

အမှုမှန်ဖော်ထုတ်ရန်အတွက် ရဲတပ်ဖွဲ့မှ လုပ်ထုံးလုပ်နည်းအတိုင်း မလုပ်ဆောင်ခြင်းများ ရှိသဖြင့် ထိုအမှု အား ဆက်လက် လုပ်ဆောင်သွားမည် ဖြစ်ကြောင်း မဆိုင်းဇင်က ပြောသည်။

“သက်သေခံ အထောက် အထားတွေကို ရဲတွေက အကုန်ဖျောက်လိုက်တယ်။ ကျမတို့ကို ဒီအန်အေစစ်ဖို့ ဆံပင်ကို ရဲက လုပ်ထုံး လုပ်နည်းအတိုင်း မလုပ်တာရယ်၊ ဆရာမ နှစ်ဦးရဲ့ ကိုယ်ခန္ဓာမှာ ရှိတဲ့ သုတ် ရည်တွေကို ကောင်းကောင်း မသိမ်းဆည်းတာရယ်က တချို့က နေပြည်တော်မှာ ပို့ထားတယ်လို့ ပြော တယ်။ ဓါတ်ခွဲခန်းမှာ ပို့ထားတယ်လို့ပြောတယ်။ သူတို့အဖြေက နှစ်ခုထွက်တယ်။ KBC က တောင်း တဲ့အချိန်မှာ ရဲတွေက မပေးဘူး”ဟု ၎င်းက ပြောသည်။

ထို့ပြင် ဆရာမနှစ်ဦး၏ ခန္ဓာကိုယ်ပေါ်မှ မျိုးရိုးဗီဇ (DNA) စစ်ဆေးရန်အတွက် ရဲတပ်ဖွဲ့၏ တာဝန်ရှိသူများက စစ်ဆေးခြင်းအတွက်လုံလောက်သည့် သက်သေအထောက်အထားများ ရရှိထားပြီး ပြစ်မှုကျူး လွန်သူများ အား ညွန်ပြနိုင်သော်လည်း KBC မှ မေးမြန်းချိန်တွင် ရဲအရာရှိများက ပျက်စီးပျောက်ဆုံးသွားပြီ ဟု ဖြေဆိုခဲ့သဖြင့် ပြစ်မှုကျူးလွန်သူအား တရားမျှတမှုအတွက် အရေးယူနိုင်တော့မည် မဟုတ်ကြောင်း လည်း ဆိုထားသည်။

ကောင်းခါးအမှုအား အစိုးရမှ ဆောင်ရွက်နေမှုများသည် စစ်တပ်ကို အကာအကွယ်ပေးထားသည် ကို တွေ့မြင်နိုင်ပြီး KWAT အနေဖြင့် မကြာမီ တက်လာမည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရ အနေဖြင့် ပြစ်မှုကျူးလွန်သူအား တရားဥပဒေအရ အရေးယူဆောင်ရွက်ပေးရန်နှင့် စစ်တပ် အနေဖြင့် အပစ်ဒဏ်ပေးခံခြင်းမှ ကင်းလွတ်နေမှုအား အဆုံးသတ်စေရန် တိုက်တွန်းလိုကြောင်း KWAT အထွေထွေ အတွင်းရေးမှူး ဒေါ်မွန်းနေလီက ထုတ်ပြန်ချက် ထည့်သွင်းပြောဆိုထားသည်။

အစီရင်ခံစာအတွက် အခက်အခဲတစ်ခုမှာ အမှုနှင့်ပတ်သက်၍ တပ်မတော်၏ စုံစမ်းစစ်ဆေးမှုများကို KWAT အနေဖြင့် ကိုယ်တိုင်နားထောင်နိုင်ခြင်းမရှိသည့် အခက်အခဲဖြစ်ကြောင်း မဆိုင်းဇင်က ပြောသည်။

ယင်းအစီရင်ခံစာနှင့် ပတ်သက်သည့် သတင်းစာရှင်းလင်းပွဲကို KWAT က ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ နိုင် ငံခြားသတင်းထောက်များကလပ်(FCCT) တွင် သတင်းစာရှင်းလင်းပွဲ ကျင်းပရန် ရှိနေသည်။

ဇန်နဝါရီလ ၁၉ ရက်သည် ဆရာမ နှစ်ဦး အသတ်ခံရမှု တစ်နှစ်ပြည့်ဖြစ်ပြီး အထိမ်းအမှတ် ဆုတောင်းပွဲများ ကို ပြည်တွင်း၊ ပြည်ပ၌ ပြုလုပ်ရန် ရှိနေသည်။
Mizzima - News in Burmese

0 comments:

Post a Comment