Sunday, January 24, 2016

ကျောက်ကပ်မှောင်ခိုအရောင်းအဝယ်ကို သီရိလင်္ကာ စုံစမ်းလျှက်ရှိ

ကိုလံဘို၊ ဇန်န၀ါရီ-၂၄
နိုင်ငံခြားသားများအတွက် ကျောက်ကပ်အစားထိုးမှုမှန်သမျှကို အာဏာပိုင်များက ပိတ်ပင်လိုက်ပြီး နှစ်ရက် အကြာတွင် ခွဲစိတ်ဆရာဝန်တစ်စုက လူ့ကျောက်ကပ်များ ရောင်းဝယ်ဖောက်ကားသည့် မှောင်ခိုလုပ်ငန်း တစ်ခုကို လုပ်ကိုင်နေကြောင်း စွပ်စွဲချက်များကို စတင် စုံစမ်းစစ်ဆေးနေပြီဖြစ်ကြောင်း သီရိလင်္ကာ ကျန်းမာရေးဝန်ကြီးက ဇန်န၀ါရီလ ၂၃ရက်နေ့တွင် ပြောကြားခဲ့သည်။

စုံစမ်းစစ်ဆေးမှုကို ကြီးကြပ်ရန် ကျွမ်းကျင်သူ ၅ဦးပါဝင်သည့် ကော်မတီတစ်ရပ်ကို ခန့်အပ်ဖွဲ့စည်း ခဲ့ကြောင်းလည်း ၀န်ကြီးဌာနက ပြောကြားခဲ့သည်။

မှောင်ခိုလုပ်ငန်းနှင့် ပတ်သက်သည့် စွဲချက်များမှာ ပထမဦးစွာ အိန္ဒိယမီဒီယာတွင် ပေါ်ထွက်လာခဲ့ခြင်း ပင် ဖြစ်သည်။ တရားမ၀င် ရောင်းဝယ်သည့် ကျောက်ကပ်များကို လက်ခံသူအများစုမှာ အိန္ဒိယနိုင်ငံ သားများဖြစ်သည်ဟု ဆိုသည်။ လူ့အင်္ဂါအစိတ်အပိုင်းများ ရောင်းဝယ်မှုမှာ သီရိလင်္ကာနိုင်ငံတွင် မရားမ၀င်ပေ။

စုံစမ်းစစ်ဆေးမှု မပြီးမချင်း နိုင်ငံခြားသားများတွင် ကျောက်ကပ်အစားထိုး ခွဲစိတ်ကုသမှုမှန်သမျှကို ပိတ်ပင်ဆိုင်းငံ့ထားမည်ဖြစ်ကြောင်း သီရိလင်္ကာ ကျန်းမာရေးဝန်ကြီး ရာဂျီသာ ဆီနာရက်နေး က ပြောကြားခဲ့သည်။

“တကယ်လို့ တစ်ယောက်ယောက်က ကျောက်ကပ် အရောင်းဝယ်လုပ်လာရင် ဒါဟာ လက်ခံနိုင်ဖွယ် မဟုတ်လို့ တရားမ၀င်ပါဘူး။ ကျနော်တို့ ကြားရသလောက်တော့ ကြားပွဲစားတွေက ငွေအမြောက်အများ ရနေပြီး ဆရားဝန် ၆ယောက်လည်း ပါဝင်ပတ်သက်နေတယ်လို့ သိရပါတယ်”ဟု ၄င်းက ပြောကြားခဲ့သည်။

ထိပ်တန်းရဲအရာရှိတစ်ယောက်၏ အိန္ဒိယမီဒီယာသို့ ပြောကြားချက်အရ ကျောက်ကပ်ရောင်းဝယ်မှုတွင် ဖမ်းဆီးမိခဲ့သူတစ်ဦးမှာ အရောင်းအ၀ယ်တစ်ခုလျှင် အိန္ဒယရူပီး ၁၀၀၀၀၀ (ကန်ဒေါ်လာ ၁၄၈၀)နှုန်းဖြင့် ကျောက်ကပ်လှူဒါန်းမှု ၁၅ကြိမ်ကို ပွဲစားလုပ်ပေးခဲ့ပြီး အလှူရှင်တစ်ယောက်လျှင် ရူပီး ၅၀၀၀၀ပေးခဲ့ရသည်ဟု ဆိုသည်။

သတင်းများအရ ၂၀၁၂ခုနှစ်နောက်ပိုင်းတွင် ကိုလံဘိုရှိ ဆေးရုံ ၄ခုတွင် အစားထိုးရန်အတွက် လူ၆၀က ၄င်းတို့၏ ကျောက်ကပ်များကို ထုတ်ရောင်းခဲ့သည်ဟု ဆိုသည်။
Mizzima - News in Burmese

0 comments:

Post a Comment