Thursday, December 17, 2015

NLDအစိုးရ အပိုးကျိုးစေရမယ်၊ ဝန်ထမ်းတွေ စိတ်မပူနဲ့လို့ ဒေါ်အောင်ဆန်းစုကြည်ပြော

နေပြည်တော် စည်ပင်ဧည့်ရိပ်သာတွင် ဒီဇင်ဘာ ၁၇ရက်၊ မွန်းလွဲပိုင်းက ဒေါ်အောင်ဆန်းစုကြည်နှင့် ဝန်ထမ်းများတွေ့ဆုံနေစဉ်(ဓာတ်ပုံ- မင်းမင်း/မဇ္ဈိမသတင်းဌာန)
12/17/2015
နေပြည်တော်(ဒီဇင်ဘာ ၁၇)။ ။ အစိုးရအဖွဲ့ဝင်များဖြစ်လာတော့မည့် NLDပါတီဝင်အချို့အား ပြည်သူ တို့အတွက် အပိုးကျိုးသော၊ အသုံးကျသည့် ပုဂ္ဂိုလ်များဖြစ်အောင် ကိုယ်တိုင် တာဝန်ယူကြပ်မတ် သွားမည်ဖြစ်ပြီး ဝန်ထမ်းများအနေဖြင့်လည်း စိတ်မပူကြရန် လာမည့် အစိုးရသက်တမ်းတွင် အစိုးရတစ်ရပ် ဖွဲ့စည်းခွင့်ရတော့မည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုလိုက် သည်။

"နိုင်ငံကို အစိုးရလုပ်မယ့်သူတွေ အပိုးကျိုးမှ နိုင်ငံသူ၊ နိုင်ငံသားတွေ ခံသာမယ်။ အဲ့ဒီအတွက်ကြောင့် ကျွန်မ ပြည်သူကို ကတိပေးထားတဲ့အတိုင်း အဖွဲ့ချုပ်ကလူတွေဆိုးလို့ရှိရင် ကျွန်မပဲ ဆုံးမပါ့မယ်။ ကျွန်မ ဘက်ကနေပြီး တော့ ကျွန်မ ကတိပေးထားတဲ့အတိုင်း အဖွဲ့ချုပ်(NLD)ကလူတွေကို အပိုးကျိုးအောင်လုပ် ဖို့က ကျွန်မတာဝန်တစ် ခုအနေနဲ့ လုပ်ထားပါတယ်" ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

၂၀၁၅ခုနှစ်၊ ဒီဇင်ဘာ ၁၇ရက်၊ မွန်းလွဲပိုင်းက လွှတ်တော်မှ တာဝန်ရှိသူတစ်ချို့အပါအဝင် နေပြည်တော်ရှိ စည်ပင်ဝန်ထမ်းများ၊ အစိုးရဝန်ထမ်းတစ်ချို့နှင့် တွေ့ဆုံစဉ် ဒေါ်အောင်ဆန်းစုကြည်က ထိုသို့ ပြောဆို လိုက်ခြင်း ဖြစ်သည်။

ဝန်ထမ်းများကိုလည်း ဖြုတ်၊ ထုတ်၊ သတ်ဟူသည့် နည်းလမ်းသုံးမည်မဟုတ်ဟုဆိုကာ"ကျွန်မတို့ဝန် ထမ်းတွေ အနေနဲ့ စိတ်မပူပါနဲ့၊ ဝန်ထမ်းတွေက ကျွန်မတို့ကို ကြောက်စရာမလိုပါဘူး" ဟု ဒေါ်အောင် ဆန်းစုကြည်က ပြောသည်။

ထို့ပြင် ဝန်ထမ်းများကို တပ်မတော်မှလာသည့် ဝန်ထမ်း၊ ပြိုင်ဘက်ပါတီကြီးဖြစ်သော ပြည်ထောင်စုကြံ့ ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှလာသည့်ဝန်ထမ်းဟူ၍ ကျောသား၊ ရင်သားခွဲခြားဆက်ဆံသွားမည် မဟုတ်ဟု လည်း သူမက ဆိုသည်။

ဒေါ်အောင်ဆန်းစုကြည်သည် နိုဝင်ဘာ ၈ရက်၊ ရွေးကောက်ပွဲများမတိုင်ခင်ကမြန်မာနိုင်ငံအတွင်း သွားရောက်ခဲ့ သည့် မဲဆွယ်စည်းရုံးရေးခရီးစဉ်များတွင်လည်း သူမ၏ပါတီ အစိုးရဖွဲ့နိုင်ပါက အဂတိကင်း သည့် အစိုးရတစ်ရပ် ဖြစ်စေရမည်ဟု ကတိပြု ပြောဆိုထားသည်။

ယင်းနောက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီသည် နိုဝင်ဘာ ၈ရက် ရွေးကောက်ပွဲများတွင် မဲ ၇၇ ရာခိုင်နှုန်းကျော်ဖြင့် အပြတ်အသတ်အနိုင်ရရှိထားခြင်း ဖြစ်သည်။

ရွေးကောက်ပွဲရလာဒ်များအရ လာမည့် အစိုးရသက်တမ်းတွင် အစိုးရဖြစ်လာတော့မည့်  NLDပါတီ၏ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်သည် လက်ရှိ အစိုးရဌာနတစ်ချို့ကို ပြင်ဆင်ဖွဲ့စည်းသွားမည်ဟုဆိုကာ ဝန်ထမ်းများကို လည်း ကျွမ်းကျင်ရာဌာနတွင်လုပ်ကိုင်ရန် အဆိုပြုခွင့်ပေးမည်ဟုလည်း ဆိုသည်။

သို့သော် "ကိုယ်လုပ်ချင်တိုင်းလည်း လုပ်လို့ရမှာမဟုတ်ဘူး။ ပညာရေးအကြောင်း နားမလည်ဘဲနဲ့ ပညာရေးဌာနပို့ပေးပါ ဆိုရင်တော့ မရဘူး။ ကိုယ့်ရဲ့ ကျွမ်းကျင်ရာ၊ ကျွမ်းကျင်ကြောင်း အဲ့လို ရွေးပိုင်ခွင့်နဲ့ အတိုင်းအတာတစ်ခုထိ ပေးမယ်" ဟု သူမက ဆိုသည်။
မင်းမင်း
Mizzima - News in Burmese

0 comments:

Post a Comment