Friday, December 4, 2015

IS စစ်သွေးကြွများ ထိုင်းနိုင်ငံအတွင်းသို့ ၀င်ရောက်လာကြောင်း ရုရှား ထောက်လှမ်းရေးက သတိပေး

ဒီဇင်ဘာ ၄ ရက်က ဘန်ကောက်ရှိ ရဲတပ်ဖွဲ့ရုံးချုပ်၌ သတင်းစာရှင်းလင်းပွဲ ပြုလုပ်နေသော ထိုင်းရဲတပ်ဖွဲ့ ပြောခွင့်ရပုဂ္ဂိုလ်ကို တွေ့ရစဉ်

12/04/2015
ရုရှားထိပ်တန်း ထောက်လှမ်းရေး အေဂျင်စီက IS အဖွဲ့နှင့် ဆက်နွှယ်နေသော ဆီးရီးယား နိုင်ငံသား ၁၀ ဦးသည် ရုရှားနိုင်ငံသားများကို ပစ်မှတ်ထား တိုက်ခိုက်ရန် ထိုင်းနိုင်ငံ အတွင်းသို့ ၀င်ရောက်လာကြောင်း သတိပေးခဲ့သည်ဟု ထိုင်းရဲတပ်ဖွဲ့က ဒီဇင်ဘာ ၄ ရက်တွင် ပြောကြားခဲ့သည်။

“ထိပ်တန်း လျှို့ဝှက်” နှင့် “အလျင် အမြန်” ဟု တံဆိပ်နှိပ်ကာ ထိုင်းအထူး စုံစမ်းရေးတပ်ဖွဲ့ ဒုတိယ အကြီး အကဲက လက်မှတ်ရေးထိုးထားသော စာတစ်စောင်သည် ပြင်ပသို့ ပေါက်ကြားကာ ယင်းကို ဒီဇင်ဘာ ၃ ရက် အနှောင်းပိုင်းတွင် ဒေသခံ မီဒီယာများက ကျယ်ကျယ်ပြန့်ပြန့် ဖော်ပြခဲ့ကြသည်။

ယင်းစာအရ ရုရှားနိုင်ငံ၏ ဖက်ဒရယ် လုံခြုံရေးဌာန (FSB) က အောက်တိုဘာ ၁၅ ရက်မှ ၃၁ ရက်အတွင်း ထိုင်းနိုင်ငံအတွင်းသို့ ဆီးရီးယား နိုင်ငံသား အဖွဲ့တစ်ဖွဲ့ ၀င်ရောက်လာကြောင်းနှင့် ရုရှားနိုင်ငံသားများကို ပစ်မှတ်ထား တိုက်ခိုက်ဖွယ် ရှိကြောင်း ထိုင်းရဲတပ်ဖွဲ့ကို သတိပေးခဲ့သည်ဟု သိရ သည်။

“သူတို့ (ဆီးရီးယားနိုင်ငံသားတွေ) သီးခြားစီ လာကြတာပါ။ လေးဦးက ပတ္တယားကို ၀င်တယ်။ နှစ်ဦးက ဖူးခက်ကို ၀င်တယ်။ နှစ်ဦးက ဘန်ကောက်ကို ၀င်ပြီး ကျန်တဲ့နှစ်ဦး ၀င်တဲ့နေရာကို မသိရသေးပါဘူး” ဟု ယင်းစာတွင် FSB ၏ သတင်းပေးမှုကို ကိုးကား ဖော်ပြထားသည်။

“သူတို့ရဲ့ ရည်ရွယ်ချက်က ရုရှားနိုင်ငံသားတွေနဲ့ ရုရှားနဲ့ထိုင်း မဟာမိတ် ပြုမှုကို ထိခိုက်အောင် ဆိုးရွား တဲ့ ဖြစ်ရပ်တွေ ဖန်တီးဖို့ပါပဲ” ဟု စာတွင် ပြောကြားထားသည်။ သို့ သော် မသင်္ကာဖွယ် လူများကို မည်သူမည်ဝါ များဖြစ်ကြောင်း ဖော်ပြထားခြင်း မရှိပေ။

၂၀၁၄ ခုနှစ်အတွင်း ထိုင်းနိုင်ငံသို့ ရုရှား နိုင်ငံသား ကမ္ဘာလှည့် ခရီးသည် ၁ ဒသမ ၆ သန်းကျော် လာရောက်ခဲ့ပြီး ဥရောပနိုင်ငံများက အများဆုံး ဖြစ်သည်။ ရုရှားနိုင်ငံသားများ ထိုင်းနိုင်ငံသို့ လာရောက် မှုသည် ခရစ်စမတ်နှင့် နှစ်သစ်ကူး ကာလများ၌ အများဆုံးဖြစ်သည်။

ဘန်ကောက်မြို့ရှိ ရုရှားသံရုံးက ဖော်ပြပါစာနှင့် ပတ်သက်၍ ချက်ချင်း မှတ်ချက်ပေး ပြောကြားခဲ့ခြင်း မရှိပေ။ သို့သော် ထိုင်းအမျိုးသား ရဲတပ်ဖွဲ့ အကြီးအကဲ ယက်သစ်ချေ ယင်ဒါက အဆိုပါစာသည် အမှန်တကယ် ပင် ဖြစ်ကြောင်း သတင်းထောက်များအား ပြောကြားခဲ့သည်။
EMG

0 comments:

Post a Comment