Monday, December 14, 2015

မြန်မာနိုင်ငံတွင် အလုပ်လုပ်နိုင်သည့် နုပျို သည့် လူဦးရေများပြား သော်လည်း လူမှုပင်စင်စနစ်မရှိသဖြင့် အသက်ရှည်ကျန်းမာစွာ နေထိုင်နိုင်မှု နည်းပါး

ကမ္ဘာ့ဘဏ်၏ အစီရင်ခံစာသစ် တွင် မြန်မာနိုင်ငံတွင် အသက် ၆၇ နှစ် အထက် လူဦးရေမှာ စုစုပေါင်း လူဦးရေ၏ ၆ ရာခိုင်နှုန်းခန့်သာ ရှိပြီး အစီရင်ခံစာ၌ ပါဝင်သည့် နိုင်ငံများအနက် အနုပျိုဆုံး နိုင်ငံ တစ်ခုဖြစ်သည်။

အရှေ့အာရှနိုင်ငံအများစုတွင် သက်ကြီးရွယ်အိုဦးရေ များပြားလာနေပြီး အလုပ်လုပ်နိုင်သူဦးရေ လျင်မြန်စွာ ကျဆင်းနေသော်လည်း မြန်မာနိုင်ငံ မှာမူ ကွဲပြားခြားနားသည့် အခြေအနေရှိနေသည်ဟု ကမ္ဘာ့ဘဏ်၏ အစီရင်ခံစာသစ် တစ်ခုတွင် ဖော်ပြသည်။

အရှေ့အာရှဒေသတွင် အသက် ၆၅ နှစ်အထက် လူဦးရေ ၂၁၁ သန်းခန့် ရှိပြီး ကမ္ဘာ့အသက် ၆၅ နှစ်အ ထက် လူဦးရေ၏ ၃ ပုံ ၁ ပုံ ခန့်ဖြစ်သည်။ အလုပ်လုပ်နိုင်သည့် အင်အားစုမှ လျော့ကျသွားပြီး ကျန်း မာရေး စောင့်ရှောက်မှု ပိုမို လိုအပ်သူဦးရေ တိုးပွားလာလျက် ရှိသည်။

တရုတ်၊ ဂျပန်၊ ကိုရီးယား၊ ထိုင်းနှင့် စင်ကာပူနိုင်ငံများမှာ အလုပ်လုပ်နိုင် သည့် အသက်အရွယ်ရှိသူဦးရေ လျင်မြန်စွာ ကျဆင်းလာမည်ဟု မျှော်လင့် ထားပြီး ၂၀၄၀ တွင် လက်ရှိထက် ၁၀ ရာခိုင်နှုန်း လျော့နည်းသွား ဖွယ် ရှိသည်။ ထိုပမာဏမှာ တရုတ်နိုင်ငံတစ်ခုတည်းတွင်ပင် အလုပ်လုပ်နိုင်သူ သန်း ၉၀ ခန့် လျော့နည်း သွားခြင်း ဖြစ်သည်။

သို့သော် မြန်မာ၊ ကမ္ဘောဒီးယား၊ ဖိလစ်ပိုင်၊ အင်ဒိုနီးရှားနှင့် လာအိုတို့နှင့် အတူ အလုပ်လုပ်နိုင်သူဦးရေ တိုးလာမည့် နိုင်ငံစာရင်းတွင် ပါဝင်လျက် ရှိသည်။

နိုင်ငံများ၏ ဖွံ့ဖြိုးတိုးတက်မှုနှင့် ချမ်းသာကြွယ်ဝမှုကာ မျှော်မှန်းနိုင်သည့် သက်တမ်းနှင့် မွေးဖွားနှုန်းတို့ အပေါ် သက်ရောက်မှုရှိသည်။ ဂျပန်နှင့် ကိုရီးယားကဲ့သို့ ၀င်ငွေ မြင့်မားသည့် နိုင်ငံများတွင် အသက် ၆၅ နှစ်အထက် လူဦးရေ များပြားပြီး ၂၀၁၀ တွင် စုစုပေါင်း လူဦးရေ၏ ၁၄ ရာခိုင်နှုန်း ရှိသည်။

ဆင်းရဲမွဲတေမှုနှုန်း စတုတ္ထအမြင့်ဆုံးဖြစ်သော မြန်မာ နိုင်ငံတွင် လူ ၂၅ ဦးလျှင် ၁ ဦးခန့်သာ အလုပ်လုပ်နိုင်သည့် အသက်အရွယ် ကို ကျော်လွန် သည် အထိ အသက်ရှင်နေထိုင်ရလေ့ရှိသည်။

ဖွံ့ဖြိုးပြီးနိုင်ငံများတွင် မွေးဖွားနှုန်းမြှင့်တင်နိုင်ရန် ကြိုးစား လုပ်ဆောင်နေ ရချိန်တွင် မြန်မာနိုင်ငံအနေဖြင့် သက်ကြီးလူဦးရေနှင့် ပတ်သက်၍ ပိုမို ကျယ်ပြန့်သော ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေး ကျန်း မာရေးစောင့်ရှောက်မှု ရည်မှန်းချက်များကို ဦးတည်ဆောင်ရွက်သင့်သည်ဟု အစီရင်ခံစာက အကြံပြုထားသည်။

“လူမှုပင်စင်စနစ်နဲ့ ထိရောက်တဲ့ လူမှုဆက်ဆံရေး အစီအစဉ်တွေ မရှိ တဲ့ မြန်မာနဲ့ ကမ္ဘောဒီးယားကို ၀င်ငွေနည်း နိုင်ငံတွေအတွက် အကောင်းဆုံး ပုံစံကတော့ လူမှုထောက်ပံ့ရေး အစီအစဉ်တွေ တိုးချဲ့ဖို့ပါ။ စစ်တမ်းအရ သက်ကြီးရွယ်အို ဆင်းရဲသူ အများစုဟာ မိသားစုနဲ့ အတူ နေထိုင် တာ တွေ့ရပါတယ်။” ဟု အစီရင်ခံစာတွင် ဖော်ပြထားသည်။

တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် လူမှုဖူလုံရေး အစီအစဉ်ကို ၂၀၁၄ တွင် ကြေညာခဲ့ပြီး အစိုးရ၀န်ထမ်း မဟုတ်သော နိုင်ငံသားများအတွက် အစိုးရက ပထမဆုံးအကြိမ် ပင်စင်ခံစားခွင့် ပေးရန် ကနဦးခြေလှမ်းဖြစ် သည်။ အသက် ၆၅ နှစ်အထက် နိုင်ငံသားများအား ဆေးဝါးနှင့် အခြားလိုအပ်သည်များအတွက် ကာမိစေ ရန် လစဉ် ၂၅၀၀၀ ကျပ် ထောက်ပံ့ရန် ထိုအစီအစဉ်တွင် မူလက ဖော်ပြထားသည်။

သို့သော် ထိုအစီအစဉ်အတွက် ဘတ်ဂျက် ကျပ်သိန်း ၅၀၀၀ သာ ခွင့်ပြုပေးခဲ့သဖြင့် အသက် ၉၀ အထက် နိုင်ငံသားများအတွက် တစ်နှစ်လျှင် ၂၀၀၀၀ ကျပ်ခန့် သာ ထောက်ပံ့ရန် လုံလောက်ပြီး အဆိုပြုထားသည်ထက် များစွာ လျော့နည်းသည်။

သက်ကြီးရွယ်အိုများအား ကူညီထောက်ပံ့ရန် တာဝန်ကို မကြာမီတွင် NLD အစိုးရက ရယူရမည်ဖြစ်သည်။ NLD ၏ ရွေးကောက်ပွဲ ကြေညာ စာတမ်း တွင် ကျန်းမာရေးအသုံးစရိတ်ကို တိုးမြှင့်သွားမည် ဟု ဖော်ပြ ထားသည်။ ထို့အပြင် အခြေခံ ကျန်းမာရေး စောင့်ရှောက်မှုကို အသက်အရွယ်မရွေး ပိုမိုရရှိစေမည်ဟု NLD က ကတိပြုထားသည်။
KHTun
The Ladies News Journal

0 comments:

Post a Comment