Monday, December 21, 2015

နိုင်ငံရေးခေါင်းဆောင်ဦးအောင်ဆန်း၏ မှတ်သားစရာ စကားများ

ဗိုလ်ချုပ်အောင်ဆန်းကို ဦးအောင်ဆန်းဟု ရေးသားလိုက်သဖြင့် ခွင့်လွှတ်စေချင်သည်။ ဒီအတိုင်း ဦးအောင် ဆန်းဟု လက်လွတ်စပယ် မရေးပါ။ နိုင်ငံရေးခေါင်းဆောင်ဟူသော နာမဝိသေသနဖြင့် တွဲဖက်ပေးထား ပြီးမှ ရေးပါသည်။ အမှန်တကယ်လည်း ဗိုလ်ချုပ်အောင်ဆန်း လုပ်ကြံခြင်း မခံရမီ နောက်ဆုံးနှစ်ဝက် ၁၉၄၇ ခုနှစ်အတွင်းက ဖြစ်ရပ်များနှင့် မိန့်ခွန်း (မိန့်ခွန်းဆိုသည်ထက် လူထုကို တိုက်ရိုက်ပြောသော စကားများ သာ ဖြစ်သည်။ ယနေ့ခေတ် ပျင်းရိငြီးငွေ့ဖွယ် စာဖတ်ပြသော မိန့်ခွန်းများနှင့် ခွဲခြားမြင်စေလိုပါ သည်)
အချို့ကို ကိုးကားလိုသည့်အတွက် စစ်ခေါင်းဆောင် နာမဝိသေသန ဗိုလ်ချုပ်ကို ခေတ္တချန်ထားခြင်း ဖြစ် သည်။

ကိုလိုနီခေတ် မြန်မာများအတွက် အမြင့်ဆုံးရာထူးကို ရရှိထားသူ အသက် ၃၂နှစ်အရွယ် ဦးအောင်ဆန်း ၏ ပြောစကားများသည် လက်တွေ့ကျသည်။ ပွင့်လင်းသည်။ ရုတ်တရက် ကြည့်လျှင် တဲ့တိုး ကျသည် ကြမ်းတမ်းသည်ဟု ထင်ရသော်လည်း စေ့စေ့စပ်စပ် လေ့လာလျှင် စေတနာကို ခံစားရသည်။ အဲဒါ
တွေကို ဗိုလ်ချုပ်အောင်ဆန်းအဖြစ် ပြောနေတာမဟုတ် စစ်တပ်ကနေ ထွက်သွားပြီး နိုင်ငံရေးသမား လုံးလုံး ဖြစ်ကာ ဖဆပလအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးအောင်ဆန်းအဖြစ် ပြောခြင်းဖြစ်သည်။

ဦးအောင်ဆန်း လွတ်လပ်ရေးတရား လိုက်ဟောရင်း ဇာတိရပ်ရွာ နတ်မောက်သို့ ၁၉၄၇ မတ် လ ၂၅ ရက်နေ့တွင် ရောက်သည်။ ဇနီးနှင့်သားသမီး သုံးယောက်လည်း အတူပါသည်။ သူငယ်စဉ်က စာသင်ခဲ့ ဖူးသော ဒီပင်္ကရာကျောင်းဝိုင်းထဲတွင် တရားဟောသည်။ "နတ်မောက်ကို လာကြရတဲ့ အကြောင်းက ကိုယ့်
အရပ်ဒေသမို့ ပြန်လာတယ်။ ကျုပ်က နတ်မောက်သား နံပတ် ၁ ဖြစ်တယ်ဆိုပြီး ဟိုကလာတိုင်၊ ဒီကလာ တိုင် နဲ့ သိပ်တိုင်နေကြတာပဲ။ နတ်မောက်နယ်နဲ့ ပတ်သက်လို့ ကျုပ်လုပ်နိုင်တာကို လုပ်ပေးခဲ့ပါမယ်။ လုပ်ပေးမယ် ဆိုပေမည့် လူပုဂ္ဂိုလ်တွေ လုပ်နိုင်သလောက်သာ လုပ်ပေးမယ်။ ကျုပ်တို့ ဘိုးဘိုးအောင်နဲ့
အဆက်အသွယ် မရှိဘူး။ ဘုရားတောင် အားလုံးအတွက် ကောင်းအောင် တရားတွေဟောပြောခဲ့ပေမဲ့ မလုပ်တတ်ရင်၊ ဘုရားပြောတဲ့အတိုင်း မလိုက်နာရင် အလကားပဲ။ အဲဒီတော့ လုပ်ချင်စိတ်နဲ့ လုပ်တတ် မှကောင်းမှာ"

သူပြောတာက ရှင်းသည်။ ဒေသသားကနေ အစိုးရခေါင်းဆောင် ဖြစ်သော်လည်း လုပ်သင့် လုပ်ထိုက် တာတွေကိုသာ လုပ်ပေးမည်။ ကျန်တာ ကိုယ့်အားကိုယ်ကိုးမှ ဖြစ်မည်။ လုပ်ချင်စိတ် ရှိယုံနှင့်မရ။ လုပ်တတ်ဖို့လည်း လိုသည်။ ဒါမှသာ အပြည့်အဝရမည်ဟု ဆိုခဲ့သည်။

တစ်ချိန်တည်းမှာပင် သူသည် အင်္ဂလိပ်အစိုးရ၏ ဝန်ကြီးလည်းဖြစ် အစိုးရအဖွဲ့ ခေါင်းဆောင်လည်း ဖြစ်နေ သည်။ ဘုရင်ခံ အမှုဆောင်ကောင်စီ ဒုဥက္ကဋ္ဌ (ဥက္ကဋ္ဌက ဘုရင်ခံကိုယ်တိုင်ဖြစ်သည်) ခေတ် အခေါ် ဝန်ကြီးချုပ်ရာထူး ဖြစ်သည်။ ကြားဖြတ်အစိုးရတွင် ဘုရင်ခံသည် အဓိပတိဖြစ်သော်လည်း ကိုလိုနီအုပ် ချုပ်ရေး၏ ရုပ်ပြခေါင်းဆောင်သာ ဖြစ်နေလေပြီ။ ဘုရင်ခံပြောသမျှ ခေါင်းညိတ်တတ်သည့် လူစားတွင် ဦးအောင်ဆန်းမပါဝင်။ တိုင်းပြည်အတွက် တကယ်အကျိုးရှိသော ကိစ္စများတွင်သာ သဘောတူလေ့ရှိသည်။

တကယ် အာဏာပိုင်တာ မဟုတ်သေး၊ အင်္ဂလိပ်အစိုးရ လက်အောက်မှ ဝန်ကြီးအဖွဲ့ ခေါင်းဆောင် သာဖြစ်သည်။ လိုချင်တာတွေကို ဘိုးဘိုးအောင်လို ချက်ချင်း ဖန်တီးပေးနိုင်မည် မဟုတ်။ ဒါကိုသူ က မော်တော်ကား အပျက်ကိုပြင်မောင်းခိုင်းတာနှင့် ဥပမာပေးသည်။ "အင်္ဂလိပ်ဥပဒေ ဖြစ်နေပေမဲ့ ကျုပ်က
အုပ်ချုပ်တဲ့သူနေရာက အုပ်ချုပ်နေရတယ်။ ဥပမာပြရရင် မော်တော်ကား အပျက်ကြီးကို ပြင်မောင်းခိုင်းထား တာပဲ။ အမောင်းခိုင်းပေမည့် အချုပ်အခြာ အာဏာက အင်္ဂလိပ်လက်ထဲမှာ ရှိနေတော့ ကျုပ်တို့က ဘာမှ မပြင်နိုင်သေးဘူး။ မော်တော်ကား အပျက်မို့လို့ ကျုပ်တို့က ဘယ်လောက် အမောင်းကောင်းကောင်း၊
စက်မကောင်းလို့ လိုရာကို မြန်နိုင်သလောက် မြန်အောင် မရောက်နိုင်ဘူး" ဟု နတ်မောက်တွင် သူ၏ရာထူးနှင့် နိုင်ငံရေး မျှော်မှန်းချက်ကို နှိုင်းယှဉ်ပြောကြား သွားခဲ့သည်။

ယနေ့ခေတ်တွင်လည်း ဦးအောင်ဆန်း၏ သမီးဖြစ်သူ ခေါင်းဆောင်သော ပါတီက ပြည်လုံး ကျွတ် ရွေးကောက်ပွဲတွင် သောင်ပြိုကမ်းပြို နိုင်လိုက်ပြန်ပြီ။ သို့သော် သူမသည် လွတ်လပ်သော အစိုးရအဖွဲ့ကို ကားပျက်ကြီးကို မောင်းရသလိုမောင်းရဦးမည်မှာ သေချာပါသည်။ အချုပ်အခြာအာဏာ သည် ၂၀၀၈ အခြေခံ ဥပဒေက ခွင့်ပြုပေးသလောက်သာ ရမည်။ ကားပျက်ကြီးကိုပြင်ဖို့ ကြိုးစားသလို
လွှတ်တော်တွင်းရှိ အခွင့်ထူးခံ ကိုယ်စားလှယ်တွေကလည်း သဘောတူမှရမည်။၂၀၁၅ ခုနှစ်က ပုဒ်မ ၄၃၆ တစ်ခုကိုသာ ပြင်ဖို့ ဆော်ဩမိသည်။ အခွင့်ထူးခံတွေက ဆတ်ဆတ်ထိမခံ ချက်ချင်းတုံ့ပြန်သည်။ မပြင်နိုင်။ ဒါကြောင့် လာမည့် ၂၀၁၆ခုနှစ်တွင် အစိုးရအဖွဲ့အား ပြည်သူ့ကိုယ်စားလှယ်အားဖြင့် ဆက်ပြင်ရဦးမည်မှာ
သေချာပါသည်။

ဦးအောင်ဆန်းသည် အစိုးရအဖွဲ့ အကြီးအကဲဖြစ်သော်လည်း ဘုရင်ခံရေးဆွဲထားသည့် စက္ကူဖြူ စီမံကိန်းကို ကန့်ကွက်ဆန္ဒပြရာတွင် ထိပ်ဆုံးမှခေါင်းဆောင်သည်။ တစ်နှစ်အတွင်း လွတ်လပ်ရေးပေးဖို့ တောင်း ဆိုရာတွင် ဖဆပလဥက္ကဋ္ဌအဖြစ် လက်မှတ်ထိုးသည်။ တစ်နှစ်အတွင်း လွတ်လပ်ရေးပေးမည်ဟု ကတိမပေးလျှင် လူထုတိုက်ပွဲ ဆင်နွှဲမည်ဟုလည်း ရာဇသံပေးသည်။ အုပ်ချုပ်ရေး အကြီးအကဲ ဖြစ်သော် လည်း လူထုခေါင်းဆောင်အဖြစ်လွတ်လပ်ရေးကို မျက်ခြည်မပြတ်ဘဲ လိုအပ်လျှင် အချိန်မရွေး ရာထူး စွန့်ကာ အနုနည်းဖြင့် တိုက်မည့် အကြောင်း တဖွဖွပြောသည်။

"ခုခေတ်မှာ ဘုရင်ခံတောင် ဇွတ်အတင်းမလုပ်နိုင်ဘူး။ အားလုံးအတွက် စီမံကိန်းဆွဲပြီးမှ လုပ်လာရပြီ။ ခင်ဗျားတို့လည်း လုပ်ကြည့်ပါ။ ညီညွတ်လို့မရနိုင်ဘူးဆိုရင်တောင် အစိုးရတွေ ခေတ်တွေပြောင်းတိုင်း စိတ်တွေပါ ပြောင်းလိုက်ပါ။ စိတ်မပြောင်းဘဲ ကိုးရိုးကားရား လုပ်မယ်ဆိုရင် ဘုရင်ခံလုပ်ရင် ဘုရင်ခံကို တိုက်မယ်။ အောက်ကလူတွေ ဝန်ထမ်းတွေလုပ်ရင် ဖိနှိပ်ပေးမယ်။ လူကြီးဆိုလျှင် လူကြီးနှင့်တူအောင် အရေးယူရမယ်" ဟုလည်း ပြောခဲ့သည်။

ယနေ့ မြန်မာနိုင်ငံတွင် ဦးအောင်ဆန်း၏ သမီးဖြစ်သူ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်ကို သူမ လုပ်နိုင်သည်ထက် ပိုမိုမျှော်လင့်ထားသူတွေက များနေသည်။ သူမအဖေ ဦးအောင်ဆန်းကတော့ အသက် ၃၂ နှစ်အရွယ် ငယ်ရွယ်နုပျိုသော နိုင်ငံရေးသမားပီပီ ပွင့်ပွင့်လင်းလင်း ပြောခဲ့သည်။ ကျွန်တော်တို့ ဘိုးဘိုးအောင်နှင့် အဆက်အသွယ် မရှိပါတဲ့။ နတ်မောက်တွင် ပြောခဲ့သော စကားဖြစ်၏။ လိုအပ်တာ ထက်ပို၍ မျှော်လင့်မနေနှင်၊ ကိုယ်လုပ်မှကိုယ်ရမည်။ လုပ်ချင်သောစိတ်နှင့် လုပ်နိုင်သော အားရှိမှဖြစ်မည်။

ခေတ်ဟောင်း စနစ်ဟောင်းကို ဖက်တွယ်မထားရန် အစိုးရမင်းဆိုတိုင်း အကြောက်မလွန်ရန်နှင့် အစိုးရဝန်ထမ်းများကို အကောင်းမြင်ဝါဒဖြင့် မြင်တတ်အောင် ပြောခဲ့ပြန်သေးသည်။ "အင်္ဂလိပ်ကို သခင်တင်မနေနှင့်။ ကျုပ်တို့ မကြာခင် သခင်ဖြစ်တော့မည်။ လွတ်လပ်ရေး ရန်ပုံငွေကို လူချမ်းသာတွေ
များများထည့်ပါ။ အစိုးရ အမှုထမ်းများကိုတော့ မဆဲပါနှင့်။ အချင်းချင်း ညီညွတ်အောင် လုပ်ကြပါ။ အကြောက်မလွန်ပါနှင့် အစိုးရဘက်ကရော လူထုဘက်ကပါ ကျုပ်ပြုပြင်ခဲ့ပါ့မယ်" ဟု ပြောခဲ့သည်။ ယနေ့ခေတ် အာဏာလွဲပြောင်းယူတော့မည့် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ပြောစကားများ
နှင့် ဆင်တူသည်။ မှန်မှန် ကန်ကန်လုပ်သော ဝန်ထမ်းတွေ ဘာမှ ကြောက်နေစရာမလို။ လာဘ်ပေး လာဘ်ယူမှုနှင့် အဂတိ လိုက်စားမှုတွေကို အဓိကထား ပြုပြင်ရမည်။ ဝန်ထမ်းများအတွက် အကျင့်ဟောင်းတွေကို ပြောင်းလဲနိုင်ဖို့ အချိန်အတိုင်းအတာ တစ်ခုပေး စောင့်ကြည့်သွားမည်ဟု ပြော ခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော အမှိုက်ကောက်ပွဲ အကြောင်းကြားရသည်။ လွှတ်တော်အမတ်တွေ လည်း ဒေသအလိုက် အမှိုက်ကောက်ကြတာတွေကို သတင်းများက ဖော်ပြသည်။ အမှိုက်ကောက်တာ
ရှက်စရာမဟုတ်ကြောင်း လူထုခေါင်းဆောင်က သက်သေပြသွားပါပြီ။ အမှိုက်ပစ်တာကသာ ရှက်စ ရာဖြစ်ကြောင်း ပြည်သူလူထု အားလုံး နားလည်သင့်သည်။ လမ်းမပေါ်က အမှိုက်များသည် စစ်အာဏာရှင် က ပစ်ချသွားတာမဟုတ်၊ ဖိနှိပ်ခံပြည်သူတွေကသာ ရက်ပေါင်း လပေါင်းများစွာ စည်းမဲ့ကမ်းမဲ့ ဖွသွားခြင်း ဖြစ်သည်။ အပြောင်းအလဲကို လိုချင်သော ဒီခေတ်ကြီးတွင် လူတိုင်းအမှိုက်ကောက်စရာ မလိုပါ၊ လူတိုင်း အမှိုက်မပစ်ကြဖို့သာ လိုသည်။

ဒီမိုကရေစီ၏ ဆန့်ကျင်ဘက် စည်းမဲ့ကမ်းမဲ့ အလေ့အကျင့်များကိုသာ ဆက်လက် မွေးမြူသွားဦးမည်ဆိုလျှင် လူထုခေါင်းဆောင်သည် တိုင်းပြည်တိုးတက်ရာ တိုးတက်ကြောင်း အကောင်အထည် ဖော်ရမည့်အစား မကြာခဏ ဦးဆောင် အမှိုက်ကောက်ပြနေရခြင်းဖြင့် အချိန်ကုန် သွားရပေလိမ့်မည်။ ကောက်သူ က ကောက်ပြသွားခဲ့ပြီ။ နောက်ထပ် အမှိုက်တွေ ထပ်မချဖို့လိုသည်။ ၂၀၁၆ တွင်လည်း လူထုခေါင်းဆောင် သည် ဘိုးဘိုးအောင်နှင့် အဆက်အသွယ်ရနိုင်စရာမရှိ၊ ဒါကြောင့် သာမန်လူပုဂ္ဂိုလ် တစ်ယောက်လိုသာ ဆက်လက်အလုပ် လုပ်ပြသွားလိမ့်မည်။ ထို့ကြောင့်လွန်ခဲ့သော နှစ်ပေါင်း ၆၈ နှစ်ကျော်က ဦးအောင် ဆန်းပြောစကား အတိုင်း လွတ်လပ်ရေးကို လိုချင်လျှင် လွတ်လပ်ရေး တရားကိုကျင့်မှ ဖြစ်မည်။ ထိုနည်းတူစွာပင် ဒီမိုကရေစီနှင့် ထိုက်တန်သော နိုင်ငံသား အခွင့်အရေးတွေကို လိုအပ်တာထက်ပို ၍ မျှော်လင့်မနေနှင့် ကိုယ်လုပ်မှ ကိုယ်ရမည်။ လုပ်ချင်သော စိတ်နှင့် လုပ်နိုင်သော အားရှိမှသာ
လက်တွေ့ အကောင်အထည်ကို ခံစားနိုင်မည် ဖြစ်ပါတော့သည်။
လှမျိုးထွန်း
The Ladies News Journal

0 comments:

Post a Comment