Friday, December 4, 2015

မြန်မာက ဒုတိယ

Germanwatch အဖွဲ့ရဲ့ ရာသီဥတု ဆိုးရွားမှု ဒဏ်ခံရတဲ့ ကမ္ဘာ့နိုင်ငံများ မြေပုံ
ရာသီဥတုဆိုးရွားမှုဒဏ် မြန်မာ ဒုတိယအဆိုးဆုံး
နှစ်ပေါင်း ၂၀ အတွင်း ရာသီဥတု ဆိုးရွားတဲ့ ဒဏ်ကို အပြင်းထန်ဆုံး ထိခိုက်ခံခဲ့ရတဲ့ ကမ္ဘာ နိုင်ငံပေါင်း ၁၈၄ နိုင်ငံမှာ မြန်မာ နိုင်ငံက ဒုတိယ အဆိုးဆုံး ဖြစ်တယ်လို့ ဂျာမနီ နိုင်ငံ အခြေစိုက် Germanwatch အဖွဲ့က ပြောပါတယ်။

ရာသီဥတု ဆိုးရွားပြင်းထန်တဲ့ဒဏ်ကို မြန်မာ နိုင်ငံက ဒုတိယ အဆိုးဆုံး ခံရတယ် ဆိုတဲ့ စာရင်းမှာ ပါတာ ၂၀၁၂ ကတည်းကဖြစ်ပြီး လေးနှစ်ရှိပြီလို့ မိုးလေဝသ ပညာရှင် ဒေါက်တာ ထွန်းလွင်က ပြောပါတယ်။

ဒီလို တွက်တဲ့နေရာမှာ သဘာဝဘေးအန္တရာယ် တစ်ခုတည်းကို ကြည့်တာ မဟုတ်ဘဲ နိုင်ငံမှာ သဘာ ဝ ဘေးအန္တရာယ် ကြိုတင်ပြင်ဆင်မှု၊ အန္တရာယ် ကြုံလာတဲ့အခါ ကိုင်တွယ်ဖြေရှင်းမှု အခြေအနေ၊ အစိုးရရဲ့ ဘတ်ဂျက်ငွေသုံးစွဲမှု၊ လူထု အသိပညာပေးမှု စတာတွေကို ခြုံငုံ သုံးသပ်ပြီး မြန်မာ နိုင်ငံကို ကမ္ဘာ့ ဒုတိယ အဆိုးဆုံး လို့ သတ်မှတ်တာ ဖြစ်ကြောင်း သူက ပြောပါတယ်။

သဘာဝအလျောက် ဖြစ်နေတဲ့ သဘာဝဘေးအန္တရာယ် ကျရောက်နိုင်တဲ့ အနေအထားမှာ ကမ္ဘာ့ ၁၈၄ နိုင်ငံ အနက် မြန်မာ နိုင်ငံဟာ နံပါတ် ၁၃၁ နေရာမှာ ရှိတဲ့ အတွက် ဘင်္ဂလားဒေ့ရှ်နဲ့ လာအို နိုင်ငံတို့လောက် မဆိုးဘူးလို့ ဒေါက်တာ ထွန်းလွင်က ပြောပါတယ်။

ဒါပေမဲ့ အန္တရာယ် ကျရောက်မှုကို ကိုင်တွယ် ဖြေရှင်းနိုင်တဲ့ အသင့် အနေအထားမှာတော့ မြန်မာ နိုင်ငံက ၁၈၄ နိုင်ငံမှာ ၁၇၉ ဖြစ်တဲ့ အတွက် အဲဒီနိုင်ငံတွေထက် ပိုအဆင့် နိမ့်တယ်လို့ သူက ဆက်ပြောပါတယ်။

လူထုကို အသိပညာပေးတာ၊ ဘတ်ဂျက်ငွေ ပိုမိုသုံးစွဲတာ၊ သဘာဝ ဘေးအန္တရာယ် ကြိုတင်ပြင်ဆင်မှုတွေ လုပ်တာ စတာတွေကို အရေးတကြီး လုပ်ဆောင်ဖို့ လိုနေပြီး အစိုးရပိုင်းက အဓိက အားထုတ် လုပ်ဆောင် ဖို့ လိုအပ်တယ်လို့ ဒေါက်တာ ထွန်းလွင်က ပြောပါတယ်။
BBC

0 comments:

Post a Comment