Tuesday, December 15, 2015

အဆိုးအကောင်း အကြောင်းအကျိုးမသိ ငွေမျက်နှာ ကြည့်သူများ၏ ပြောဆိုမှု ကြောင့် မြန်မာ့အနာဂတ် မပျက်စီးစေလိုဟု သူရ ဦးရွှေမန်းဆို

လက်ရှိအချိန်တွင် စိတ်ကြီးဝင်၍ အကောင်းအဆိုး ၊ အကြောင်းအကျိုးကိုမသိသော ငွေပြား(အသပြာ) လည်ပင်းတွင် ဆွဲထားခံကြရသော၊ မဟောသဓာဇာတ်တော်လာ ၀ိဒေဟရာဇ် ပုတ်သင်ကဲ့သို့ အချို့သူ များ၏ စိတ်ကြီးဝင် ကယောင်ကတန်း ရေးသားပြုမှု ပြောဆိုမှုများကြောင့် မြန်မာတို့၏ အနာဂတ်အလှကို
မဖျက်ဆီးစေလို၊ မပျက်စီးစေလိုကြောင်း လွှတ်တော် နာယက သူရဦးရွှေမန်းကသူ၏ ဖေ့စ်ဘုတ် လူမှု ကွန်ယက် စာမျက်နှာတွင် ရေးသားထားသည်။

ထိုသို့သော အရေးအသား၊ အပြောအဆိုများကို ရပ်တန်းကရပ်ကြရန် ပြည်သူများကလိုလားနေကြ သည်ဟု ပြည်ထောင်စု လွှတ်တော်နာယက သူရဦးရွှေမန်းက ဒီဇင်ဘာ၁၅ ရက်တွင် ၎င်း၏ ဖေ့စ်ဘုတ် စာမျက်နှာတွင် ရေးသားထားသည်။

အကူးအပြောင်း ကာလအတွက် ကြီးမားသော စိန်ခေါ်မှုမှာ တစ်ဦးနှင့်တစ်ဦးတစ်ဖက်နှင့် တစ်ဖက် ယုံကြည်မှု ရရှိရေး ဖြစ်သည့် ရိုးသားမှု၊ ပွင့်လင်းမြင်သာမှု၊တာဝန်ခံမှု၊ တာဝန်ယူမှု လေးစားမှု၊ နားလည်ပေးမှုများ အပြန်အလှန် ရရှိရေးတို့အတွက် တွေ့ဆုံဆွေးနွေး အဖြေရှာရေးပင် ဖြစ်ကြောင်းလည်း သူကဆိုသည်။

မြန်မာနိုင်ငံ၏ နိုင်ငံရေးတွင် လူပုဂ္ဂိုလ် ခေါင်းဆောင်များ၏ အခန်းကဏ္ဍသည်အလွန် အရေးကြီးကြောင်း ၊ အချင်းချင်း အပြန်အလှန် ယုံကြည်စိတ်ချရေးအတွက်တွေ့ဆုံဆွေးနွေးမှုများ တိုင်ပင်ညှိနှိုင်းမှုများ ရှိကြရမည်ဖြစ်ပြီး ထိုသို့မဟုတ်ဘဲမတွေ့ဆုံနိုင်၊ ညှိနှိုင်းတိုင်ပင် ဆွေးနွေးနိုင်မှုများ မရှိကြလျှင် အမျိုးသား ရင်ကြားစေ့ရေး၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး၊ ငြိမ်းချမ်းရေးတို့အတွက် မမျှော်လင့်နိုင်သကဲ့သို့ ယနေ့ကာလ အပါအ၀င် နောင်အနာဂတ် နိုင်ငံအတွက်ကောင်းလာမည် မဟုတ်ဟု ရေးသားထားသည်။

သူရဦးရွှေမန်းမှာ မကြာသေးခင်က ပြုလုပ်ခဲ့သည့် ဒေါ်အောင်ဆန်းစုကြည်နှင့်ယခင် တပ်မတော် ခေါင်းဆောင်ဟောင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ( အငြိမ်းစား ) တို့တွေ့ဆုံဆွေးနွေးရာတွင် ကြားဝင် ကူညီ ဆောင်ရွက်ပေးခဲ့သည်ဟု သတင်းထွက်ပေါ်ခဲ့ဖူးသည်။

ယင်းတွေ့ဆုံမှုအပြီး နောက်ပိုင်းတွင် အဆိုပါ တွေ့ဆုံမှုအား အရေးမပါသည့်တွေ့ဆုံမှုလို နာမည်ကျော် ဖေ့စ် ဘုတ်လော်ဘီ သမားများ ဖြစ်သည့် ရဲမိုး၊မောင်မောင်အောင် တို့မှ ၄င်းတို့၏ လူမှုကွန်ယက် စာမျက်နှာ တွင် ရေးသားခဲ့ကြပြီးသမ္မတပြောခွင့်ရ ၀န်ကြီး ဦးရဲထွဋ်မှလည်း ယင်းတွေ့ဆုံမှုမှာ ပုဂ္ဂိုလ်ရေးအရ
တွေ့ဆုံမှုသာဖြစ်ကာ အစိုးရ၏ အာဏာ လွှဲပြောင်းရေး လုပ်ငန်းစဉ်ကို သြဇာသက်ရောက်မည် မဟုတ်ကြောင်း မီဒီယာများကို ဖြေဆိုထားသည်။

“သြဇာရှိတဲ့သူတွေ၊ အာဏာရှိတဲ့သူတွေအကြားမှာ တွေ့ဆုံတာ ကောင်းတယ်။ ဒါပေမယ့် ညှိနှိုင်းအဖြေရှာ ဖို့ အတွက် ရှေ့ရှုဖို့ ကြိုးစားသင့်တယ်၊ အဲဒီလို ညှိနှိုင်းအဖြေရှာတဲ့အခါမှာ နှစ်ဖက် အပေးအယူလုပ်ပြီး အဖြေရှာမယ်၊ ပြန်လည်သင့်မြတ်ရေးကို ရှေ့ရှုမယ်ဆိုတာကို အခြေခံပြီး အဖြေရှာရမယ်၊ ဘာကိုအဖြေ ရှာသင့်လဲ ဆိုတော့ အခုလို ကွဲပြားနိမ့်ကျနေတဲ့ လူ့အဖွဲ့အစည်းကို ငြိမ်းချမ်းမှု၊ဖွံဖြိုးမှုနဲ့ သဟဇာတဖြစ်တဲ့ လူ့အဖွဲ့အစည်းဖြစ်အောင် ဘယ်လို ကူးပြောင်းမလဲဆိုတာကို ဦးတည်ဆွေးနွေး အဖြေရှာသင့်တယ်၊ အရင်းအမြစ် ပြဿနာကိုဖေါ်ထုတ်ဆွေးနွေး အဖြေထုတ်နိုင်တဲ့ သတ္တိ နဲ့ အပြန်အလှန် ယုံကြည်မှုပေးနိုင်တဲ့
ဝန်းကျင်ကို တည်ဆောက်ဖို့ လိုအပ်ပါလိမ့်မယ်။ အဲဒီလို ဖြစ်စဉ်ထဲမှာ လိုလားသူ၊မလိုလား သူ၊အမြတ် ထုတ်လိုသူတွေ အများကြီး ရှိနိုင်ပါတယ်။ ဒါပေမယ့် တကယ်ဒီဖြစ်စဉ်မှာ ပါဝင်သင့်သူ၊ အကျိုးပေးနိုင် သူတွေကို ပါဝင်စေခြင်းက ပိုအကျိုးရှိမယ်ထင်ပါတယ်” ဟု မြန်မာ့နိုင်ငံရေး လေ့လာသူ ဒေါက် တာနိုင်အောင်က ပြောသည်။

ဒီဇင်ဘာ ၁၅ ရက် နံနက်ပိုင်း သူရဦးရွှေမန်း၏ ဖေ့စ်ဘုတ်လူမှုကွန်ရက် စာမျက်နှာတွင် ဖော်ပြထား သည့် ရေးသားချက်မှာ ဒေါ်အောင်ဆန်းစုကြည်နှင့် သူရဦးရွှေမန်းတို့၏ လက်တလော တွေ့ဆုံမှု များတွင် ဒေါ်အောင်ဆန်းစုကြည်၏ အကူးအပြောင်းကာလဖြစ်သော ယနေ့ကာလအတွက် “ကြီးမားသော စိန်ခေါ်မှုက ဘာလဲ” ဆိုသည့်မေးခွန်းအပေါ် ပြန်လည်ဖြေဆိုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

သတင်း - ဇော်မင်းထွန်း
The Ladies News Journal

0 comments:

Post a Comment