Wednesday, December 23, 2015

ဒီချုပ်အစိုးရကို မှန်းမျှော်ကြည့်ခြင်း

ဒေါ်အောင်ဆန်းစုကြည်၊ ဦးတင်ဦး၊ ဦးဝင်းထိန်နှင့် ပါတီမှတာဝန်ရှိသူများအချို့ကို အခမ်းအနားတစ်ခု၌ တွေ့ရစဉ်။(ဓာတ်ပုံ-ဂျေမောင်မောင်(အမရပူရ))

2015-12-23
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)က အစိုးရဖွဲ့ရန် ဆောင်ရွက်မှုများ စတင်နေပါပြီ။ ဒေါ်အောင်ဆန်း စုကြည်က ပါတီဗဟိုအလုပ်အမှုဆောင်များကို ဒီချုပ်အစိုးရအဖွဲ့တွင် ထမ်းဆောင်လိုသည့် ရာထူးများကို ဆန္ဒပြုခိုင်းထားသည်။ ပါတီဗဟိုအလုပ်အမှုဆောင် ဦးဝင်းထိန်က သူ့အနေဖြင့် ဒီချုပ်အစိုးရအဖွဲ့တွင် မည်သည့်ရာထူးမှ မလိုချင်ကြောင်း ဆန္ဒပြုထားသည်။ ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် လွှတ်တော် ဥက္ကဋ္ဌမလုပ်ဟု ပါတီခေါင်းဆောင်များအား ပြောကြားထားကြောင်းလည်း ဒီချုပ်လွှတ်တော်ကိုယ်စား လှယ်အချို့က ပြောသည်။

ထို့အပြင် ဒီချုပ်အစိုးရအဖွဲ့တွင် ခန့်အပ်ရန်လျာထားသည့် ဝန်ကြီးအချို့၏နောက်ကြောင်းကို လေ့လာမှုများ
ပြုလုပ်နေပြီဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်အစိုးရဖွဲ့ရန် ကူညီမည်ဟု ပြောကြားထားသော ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ မကြာခဏ တွေ့ဆုံနေကြသည်။

ထို့ကြောင့် ဒီချုပ်ကဦးဆောင်ဖွဲ့စည်းမည့် အစိုးရအဖွဲ့တွင် မည်သည့်ပုဂ္ဂိုလ်များ ပါဝင်လာကြမည်နည်းဆို သည်ကို တစ်နိုင်ငံလုံးသာမက တစ်ကမ္ဘာလုံးကပါ စိတ်ဝင်စားနေကြသည်။

အမျိုးသားပြန်လည်သင့်မြတ်ရေးကို ဦးတည်သော အစိုးရဖွဲ့စည်းမည်ဟုပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ကပြောကြားထားသည့်အတွက်လည်း ဒီချုပ်ပါတီဝင်မဟုတ်သူများသည် လက်ရှိအစိုးရအဖွဲ့တွင် ပါဝင်လာ ရန်ရှိသည်က အားလုံး၏စိတ်ဝင်စားမှုကို ပိုမိုမြင့်တက်စေခဲ့သည်။

ဒီချုပ်ကလည်း အစိုးရအဖွဲ့ အပါအဝင် ပြည်ထောင်စုအဆင့်ရာထူးများအတွက် လူတစ်ရာကျော် ရွေးချယ်ခန့် အပ်ရမည်ဖြစ်သည်။ သမ္မတ၊ ဒုသမ္မတ၊ လွှတ်တော်ဥက္ကဋ္ဌနှစ်ဦး၊ ဝန်ကြီး၊ ဒုဝန်ကြီးများ၊ တိုင်းဒေသ ကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များနှင့် လွှတ်တော်ဥက္ကဋ္ဌများအပြင် ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးဥက္ကဋ္ဌ၊ စာရင်း စစ်ချုပ်၊ ပြည်ထောင်စုရှေ့နေချုပ် ပြည်ထောင်စုတရားသူကြီးချုပ်ဗဟိုဝန်ထမ်းရွေးချယ်ရေးဥက္ကဋ္ဌ၊ ရွေးကောက် ပွဲကော်မရှင်ဥက္ကဋ္ဌ၊ လူ့အခွင့်အရေးကော်မရှင်ဥက္ကဋ္ဌ၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌ၊ ဗဟိုဘဏ်ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် ဥက္ကဋ္ဌနှင့် နေပြည်တော်ကောင်စီဝင် စသည်တို့ပါဝင် သည်။

အချို့သော အစိုးရအဖွဲ့ဝင်များနှင့် ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များသည်ဖွဲ့စည်းပုံအခြေခံဥပဒေ အရ ရွေးကောက်ခံ (လွှတ် တော်ကိုယ်စားလှယ်) ဖြစ်ရန် လိုသည်။

ထိုအစိုးရအဖွဲ့တွင် ပါဝင်မည့်သူအချို့ကို ရွေးကောက်ပွဲဝင်ရန် ယခင်ကတည်းက နေရာချထားခဲ့သည်။ အထူးသဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ပြည်နယ်၊ တိုင်းဝန်ကြီးချုပ်ခန့်အပ်မည့်သူများကိုဖြစ်သည်။ ဖွဲ့စည်းပုံအခြေခံဥပဒေအရပြည်နယ်၊ တိုင်းဝန်ကြီးချုပ် များနှင့် လွှတ်တော်ဥက္ကဋ္ဌများသည် သက်ဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ်များ ဖြစ်ရမည်ဟုပြဋ္ဌာန်းထားသည်။

အစိုးရအဖွဲ့နှင့် ပြည်ထောင်စုအဆင့်ရာထူးများအတွက် ဒီချုပ်က ရွေးကောက်ပွဲတွင် သုံးကြိမ်စလုံး အနိုင်ရခဲ့သူများထဲမှ အများစုကိုရွေးချယ်ရန်ရှိကြောင်း ဒီချုပ်ဗဟိုအလုပ်အမှုဆောင် ဦးဝင်းထိန်က မီဒီယာတစ်ခုနှင့် အင်တာဗျူးတွင် ပြောကြားခဲ့သည်။

လက်ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့တွင် ၁၉၉၀၊ ၂၀၁၂ နှင့် ၂၀၁၅ ရွေးကောက်ပွဲ သုံးကြိမ်စလုံးတွင် အနိုင်ရရှိခဲ့သူ အမျိုးသားကိုးဦးနှင့် အမျိုးသမီးသုံးဦး စုစု ပေါင်း ၁၂ ဦးရှိသည်။

ယင်း ၁၂ ဦးထဲတွင် ငါးဦးသည် ၂၀၁၅ ရွေးကောက်ပွဲ၌ ပြည်နယ်နှင့်တိုင်းဒေသကြီးလွှတ်တော် မဲဆန္ဒနယ် များမှ ဝင်ရောက်ယှဉ်ပြိုင်အနိုင်ရခဲ့သဖြင့် ပြည်နယ်/ တိုင်းဝန်ကြီးချုပ်(သို့မဟုတ်) လွှတ်တော်ဥက္ကဋ္ဌများဖြစ် လာရန် အလားအလာ အကောင်းဆုံးသူများဟု နိုင်ငံရေးလေ့လာသူများနှင့် လွှတ်တော်ကိုယ်စား လှယ်အချို့က သုံးသပ်ကြသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေအရ ပြည်နယ်၊ တိုင်းဝန်ကြီးချုပ်များအား နိုင်ငံတော်သမ္မတက ခန့်အပ်ရပြီး ထိုသူများသည် သက်ဆိုင်ရာပြည်နယ်၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များ ဖြစ်ရမည်ဖြစ်သည်။ ထို့ကြောင့် ရွေးကောက်ပွဲ သုံးကြိမ်အနိုင်ရသူများထဲမှ တိုင်းဒေသကြီး (သို့မဟုတ်) ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်အဖြစ် အနိုင်ရရှိထားသူများ၊ ဝန်ကြီးချုပ်(သို့မဟုတ်) လွှတ်တော် ဥက္ကဋ္ဌများဖြစ်လာရန် အခြေအနေကောင်းသည်ဟု သုံးသပ်ရခြင်း ဖြစ်သည်။

ရွေးကောက်ပွဲသုံးကြိမ်အနိုင်ရသူများထဲတွင် ဒေါက်တာအောင်မိုးညိုသည် မကွေးတိုင်းဒေသကြီး ပွင့်ဖြူမြို့ နယ်တိုင်းဒေသကြီး လွှတ်တော်မဲဆန္ဒနယ်(၁)တွင် အနိုင်ရရှိခဲ့သည်။ ဒေါက်တာဇော်မြင့်မောင်သည် လည်း မန္တလေးတိုင်းဒေသကြီး အမရပူရမဲဆန္ဒနယ် တိုင်းဒေသကြီးလွှတ်တော်မဲဆန္ဒနယ်(၁)မှ အနိုင်ရရှိခဲ့ သည်။ အလားတူ ဒေါက်တာမြင့်နိုင်သည်  စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုမြို့နယ်တိုင်းဒေသကြီးလွှတ်တော် မဲဆန္ဒနယ်(၁)မှ အနိုင်ရခဲ့သည်။ ထို့ကြောင့် ၎င်းတို့သုံးဦးသည် သက်ဆိုင်ရာတိုင်းဒေသကြီးဝန်ကြီး ချုပ်ဖြစ်လာလိမ့်မည်ဟု နိုင်ငံရေးလေ့လာသူများက သုံးသပ်နေကြသည်။

ထို့အပြင် ဦးမန်းဂျော်နီက ဧရာဝတီတိုင်းဒေသကြီး ကျုံပျော်မြို့နယ် တိုင်းဒေသကြီးလွှတ်တော် မဲဆန္ဒနယ် (၂)မှ အနိုင်ရရှိထားပြီး ဦးကျော်မြင့်က လပွတ္တာမြို့နယ်တိုင်းဒေသကြီးလွှတ်တော်မဲဆန္ဒနယ်(၁)မှ အနိုင်ရရှိထားသဖြင့် ထိုနှစ်ဦးထဲက တစ်ဦးသည် ဝန်ကြီးချုပ်ဖြစ်လာမည်ဟု ဧရာဝတီတိုင်းဒေသကြီးမှ ဒီချုပ်ကိုယ်စားလှယ်အချို့ ခန့်မှန်းထားကြသည်။

အလားတူ ရွေးကောက်ပွဲသုံးကြိမ်တိုင်အနိုင်ရခဲ့သူများထဲမှ ဒေါ်အောင်ဆန်းစုကြည်နှင့်ရင်းနှီးကျွမ်းဝင်သော ဦးဝင်းမြင့်မှာ တာမွေမြို့နယ် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်နှင့် ဒေါ်ခင်စန်းလှိုင်သည် စစ်ကိုင်း တိုင်းဒေသကြီး ပုလဲမြို့နယ် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်မှ အနိုင်ရရှိထားသဖြင့် ထိုနှစ်ဦးထဲမှ ပြည်သူ့ လွှတ်တော်ဥက္ကဋ္ဌနှင့် ဒုဥက္ကဋ္ဌဖြစ်လာနိုင်သည်ဟု သုံးသပ်မှုအချို့လည်း ရှိသည်။ ဒေါ်အောင်ဆန်းစုကြည်က သူ့အနေဖြင့် လွှတ်တော်ဥက္ကဋ္ဌမလုပ်ဟု ပါတီဗဟိုကော်မတီအား ပြောထားသဖြင့် သူတို့နှစ်ဦးမှာ ဖြစ် လာရန် အခြေအနေပိုကောင်းသည်ဟု သုံးသပ်ရခြင်းဖြစ်သည်။

ရွေးကောက်ပွဲသုံးကြိမ်အနိုင်ရရှိထားပြီး ဒေါ်အောင်ဆန်းစုကြည်နှင့်ရင်းနှီးသည့် ဦးအောင်ကြည်ညွန့်သည် မကွေးတိုင်းဒေသကြီး အမျိုးသားလွှတ်တော်မဲဆန္ဒနယ်အမှတ်(၄)မှ အနိုင်ရရှိထားသဖြင့် အမျိုးသား လွှတ်တော်ဥက္ကဋ္ဌ ဖြစ်လာနိုင်သည်ဟု အမျိုးသား လွှတ်တော်မှ ကိုယ်စားလှယ်အချို့က ထင်မြင်ယူ ဆကြသည်။

လက်ရှိ ကျင်းပနေသော အမျိုးသားလွှတ်တော်တွင်လည်း ဦးအောင်ကြည်ညွန့်အား ဒီချုပ်ပါတီ ၏ခေါင်းဆောင်အဖြစ် တာဝန်ပေးထားသည်။ ထို့အပြင် အစိုးရအဖွဲ့တွင် ပါဝင်လာနိုင်သူများသည် ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲနှင့် ၂၀၁၅  ရွေးကောက်ပွဲတို့တွင် အနိုင်ရရှိသူများဖြစ်သည်။ ထိုသူများထဲမှ ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့နယ် တိုင်းဒေသကြီးမဲဆန္ဒနယ် (၂)မှ အနိုင်ရရှိထားသော ဦးဖြိုးမင်း သိန်းနှင့် ဆိပ်ကြီးခနောင်တို မြို့နယ်တိုင်းဒေသကြီးလွှတ်တော် မဲဆန္ဒနယ်(၁)မှ အနိုင်ရရှိ ထားသော ဒေါ်စန္ဒာမင်းတို့နှစ်ဦးမှာ ရန်ကုန်တိုင်းဝန်ကြီးချုပ် (သို့မဟုတ်) ရန်ကုန်တိုင်းလွှတ်တော်ဥက္ကဋ္ဌဖြစ် လာနိုင်သူများဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ဦးဖြိုးမင်းသိန်းကို ရန်ကုန်တိုင်းဒေသကြီးကို ဦးဆောင်ရမည်ဟု ပြောထားသဖြင့် ဦးဖြိုးမင်းသိန်းသည် ဝန်ကြီးချုပ်ဖြစ်လာရန် ရာခိုင်နှုန်းပိုများသည် ဟု လေ့လာသူများက သုံးသပ်သည်။ ပြည်ခိုင်ဖြိုးပါတီမှ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ် စားလှယ် အချို့ကမူ ရန်ကုန်တိုင်းဝန်ကြီးချုပ်မှာ ဦးဖြိုးမင်းသိန်းဖြစ်မည်ဟု ခန့်မှန်းနေကြသည်။

ရွေးကောက်ပွဲတွင် သုံးကြိမ်၊ နှစ်ကြိမ် အနိုင်ရရှိသူများပြီးလျှင် ၂၀၁၅ ရွေးကောက်ပွဲတွင် အနိုင်ရရှိသူများထဲ မှ ပါတီဗဟိုအလုပ်အမှုဆောင်အချို့နှင့် ပါတီတည်ထောင်စဉ်ကတည်းက ပါဝင်ခဲ့သူများလည်း အစိုးရအဖွဲ့ တွင် ပါဝင်လာမည်ဟု သုံးသပ်သူများလည်းရှိသည်။

ကရင်ပြည်နယ် ဘားအံတိုင်းဒေသကြီးလွှတ်တော်မဲဆန္ဒနယ် အမှတ်(၁)မှ အနိုင်ရရှိခဲ့သူ ဒေါ်နန်း ခင်ထွေးမြင့်မှာ လက်ရှိပါတီ၏ ဗဟိုအလုပ်အမှုဆောင်(CEC)ဖြစ် ပြီး ကရင်တိုင်းရင်းသူလည်းဖြစ်သည်။ ထို့ကြောင့် ဒေါ်နန်းခင်ထွေးမြင့်သည် ကရင်ပြည်နယ်ဝန်ကြီး ချုပ်ဖြစ်ရန် သေချာသလောက်ရှိသည်ဟု ကရင်ပြည်နယ်ဒေသခံ ဒီချုပ်လွှတ်တော်ကိုယ်စားလှယ်အချို့က သုံးသပ်ကြသည်။

ပဲခူးတိုင်းဒေသကြီးတွင်လည်း လက်ရှိတိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များထဲမှ ရေတာရှည်မြို့နယ် တိုင်းဒေသကြီးလွှတ်တော်မဲဆန္ဒနယ်(၁)မှ အနိုင်ရရှိလာသူ ဒေါက်တာကျော်ကျော်သည် ပဲခူးတိုင်း ဝန်ကြီးချုပ်ဖြစ်လာနိုင်သူဟု လေ့လာသုံးသပ်သူများက ခန့်မှန်းထားကြသည်။ ဒေါက်တာ ကျော်ကျော်သည် ၁၉၉၀ ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့သည့် ပါတီ၏ အမာခံတစ်ဦးဖြစ်သည်။ မွန်ပြည်နယ်ဝန်ကြီး ချုပ်ရာထူး အတွက် ကျိုက်ထိုမြို့နယ်ပြည်နယ် မဲဆန္ဒနယ်(၂)မှ အနိုင်ရရှိသူ ဒေါက်တာ အေးဇံမှာလည်း အလား အလာကောင်းသည်ဟု သတင်းအချို့ထွက်ပေါ်နေသည်။

ကျန်ရှိနေသော ကချင်၊ ချင်း၊ ရှမ်း၊ ကယား၊ ရခိုင်ပြည်နယ်နှင့် တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် လွှတ်တော်ဥက္ကဋ္ဌရာထူးများအတွက် ခန့်မှန်းရခက်နေဆဲ ဖြစ်သည်။ ရခိုင်ပြည်နယ် ဝန်ကြီးချုပ်ရာထူး အတွက်ကိုမူ ရခိုင်ပြည်နယ် ဂွမြို့နယ် ပြည်နယ်လွှတ်တော် မဲဆန္ဒနယ်(၂)က အနိုင်ရရှိထားသော ဦးညီပုမှာ အလားအလာကောင်းသည်ဟု ရခိုင်တိုင်းရင်းသားနိုင်ငံရေးလေ့လာသူအချို့က ဆိုသည်။ သို့သော်လည်း ရခိုင်ပြည်နယ်တွင် ရခိုင်အမျိုးသားပါတီ (ANP)က အများစုအနိုင်ရရှိထားသဖြင့် ရခိုင်အမျိုး သားပါတီနှင့် ညှိနှိုင်းရမည့် သဘောဖြစ်သည်။ ရခိုင်အမျိုးသားပါတီ အမတ်များထဲမှ ပြည်နယ်ဝန်ကြီးချုပ် ခန့်အပ်ရန်လျာထားသူ ANP ပါတီဥက္ကဋ္ဌ ဒေါက်တာအေးမောင်မှာလည်းရွေးကောက်ပွဲတွင် ရှုံးနိမ့်ခဲ့သည်။

ထို့ကြောင့် သမ္မတက ဝန်ကြီးချုပ်ကို တိုက်ရိုက်ခန့်အပ်သဖြင့် ရခိုင်ပြည်နယ် ဝန်ကြီးချုပ် (သို့မ ဟုတ်) ရခိုင်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌမှာ ဒီချုပ်ပါတီမှ ဦးညီပုဖြစ်လာနိုင်ခြေရှိသည်ဟု သုံးသပ်သူများက ဆိုသည်။

အလားတူ ရှမ်းပြည်နယ်တွင်လည်း ပြည်ခိုင်ဖြိုးပါတီက အများစုအနိုင်ရရှိထားပြီး ကျားခေါင်းပါတီက ဒုတိယ အများဆုံးနှင့်ဒီချုပ်က တတိယအများဆုံး အနိုင်ရရှိထားသည်။ အများဆုံးအနိုင်ရရှိသော ပြည်ခိုင်ဖြိုးပါတီက လက်ရှိဝန်ကြီးချုပ်နှင့် ဝန်ကြီးချုပ်အဖြစ် လျာထားသူဟု ထင်ကြေးပေးခံရသော အငြိမ်းစားဒုတိယဗိုလ် ချုပ်ကြီးအောင်သန်းထွဋ်မှာလောက် ကိုင်ပြည်နယ်မဲဆန္ဒနယ် အမှတ် (၁)မှ အနိုင်ရရှိထား သည်။ ဒေါ်အောင်ဆန်းစုကြည်က အမျိုးသား ပြန်လည်သင့်မြတ်ရေး အဓိကဆောင်ရွက်မည် ပြောကြား ထားသဖြင့် ရှမ်းပြည်နယ်တွင် မည်သူဝန်ကြီးချုပ်ဖြစ်မည်ကိုမူ ခန့်မှန်းရခက်နေသည်။ ရှမ်းပြည်နယ်အတွက် ဝန်ကြီးချုပ်သည် ပြည်ခိုင်ဖြိုး (သို့မဟုတ်) ကျားခေါင်းပါတီမှတစ်ဦးဦးကိုခန့်အပ်နိုင်သည်ဟုသုံးသပ်ကြသည်။

ဒီချုပ်ပါတီ၏ မူဝါဒအရ တိုင်းရင်းသားပြည်နယ်များ၏ ဝန်ကြီးချုပ်များသည် သက်ဆိုင်ရာ ပြည်နယ်ဒေသခံ တိုင်းရင်းသားစစ်စစ် ဖြစ်ရမည်။ ရှမ်းပြည်နယ်တွင် ရှမ်းတိုင်းရင်းသား၊ ကချင်ပြည်နယ်တွင် ကချင်တိုင်းရင်း သား၊ ချင်းပြည်နယ်တွင် ချင်းတိုင်းရင်းသား၊ စစ်စစ်ထဲမှ ပြည်နယ်လွှတ်တော်မဲဆန္ဒနယ်တွင် အနိုင်ရရှိထား သူများထဲမှ တစ်ဦးသည် ဝန်ကြီးချုပ် ဖြစ်လာနိုင်သည်။

အစိုးရအဖွဲ့တွင် အခြားသောပါတီများထဲမှလည်း ဒီချုပ်၏အစိုးရအဖွဲ့သစ်၌ပါလာနိုင်သူများရှိ သည်။ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်ကလည်း ဒီချုပ်ပါတီဝင်မဟုတ်သူများ ပါဝင် လာနိုင်ကြောင်း ပြောကြားထားသည်။

ထိုသူများထဲတွင် လက်ရှိပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းမှာ ဒီချုပ်အစိုးရအဖွဲ့တွင် ပါဝင်လာနိုင် သည်ဟု ခန့်မှန်းသုံးသပ်သူများလည်း ရှိသည်။ ဒေါ်အောင်ဆန်းစုကြည်နှင့် သူရဦးရွှေမန်း၏ဆက်ဆံရေးမှာ အလွန်ကောင်းမွန်သည်။ ရွေးကောက်ပွဲပြီး တိုင်းရင်းသားလွှတ်တော် ကိုယ်စားလှယ်များနှင့် ဒေါ်အောင် ဆန်းစုကြည်တွေ့ဆုံရာတွင် ယခုအခြေအနေအထိ ဒေါ်အောင်ဆန်းစုကြည် ဆောင်ရွက်နိုင်သည်မှာ ပြည် သူ့လွှတ်တော်ဥက္ကဋ္ဌ၏ကျေးဇူးကြောင့်လည်းပါသည်ဟု ထုတ်ဖော်ချီးကျူးခဲ့ကြောင်း တိုင်းရင်းသား လွှတ်တော်ကိုယ်စားလှယ်တစ်ဦးက ပြောသည်။

သူရဦးရွှေမန်းနှင့်ရော ဒေါ်အောင်ဆန်းစုကြည်နှင့်ပါ ရင်းနှီးသူတစ်ဦး၏ပြောဆိုမှုအရ သူရဦးရွှေမန်းသည် ဒီချုပ်အစိုးရအဖွဲ့တွင် ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌရာထူးထက်ပင် ကြီးသောနေရာ ပေးလိမ့်မည်ဟု ခန့်မှန်းပြောကြားသည်။ လေ့လာသူအချို့၏သုံးသပ်ချက်အရ သူရဦးရွှေမန်းသည် အစိုးရအဖွဲ့သစ် တွင် ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ၊ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေခုံရုံး ဥက္ကဋ္ဌ၊ မြန်မာ့ငြိမ်း ချမ်းရေးစင်တာဥက္ကဋ္ဌ သို့တည်းမဟုတ် သမ္မတဖြစ်လာနိုင်သည်ဟု သုံးသပ်ကြသည်။ သို့သော် သူရဦးရွှေမန်း သမ္မတဖြစ်ရန်ကတော့ ရာခိုင်နှုန်းနည်းသည်ဟု သုံးသပ်သူများလည်းရှိသည်။

တစ်ခုတော့ စဉ်းစားစရာရှိ သည်က ဒေါ်အောင်ဆန်းစုကြည် နှင့် သံတမန်များတွေ့ဆုံစဉ် ဒီချုပ်က ခန့်အပ်မည့် သမ္မတသည် အ မျိုးသား(HE)ဖြစ်သည်ဟု ပြော ကြားခဲ့ကြောင်း သံတမန်သတင်း ရပ်ကွက်က ဆိုသည်။

ဒေါ်အောင်ဆန်းစုကြည်က လွှတ်တော်ဥက္ကဋ္ဌမလုပ်ဟု ပါတီအား ပြောကြားထားသဖြင့် ဒေါ်အောင် ဆန်းစုကြည် သမ္မတဖြစ်လာမည်လားဟု သုံးသပ်မှုများလည်းရှိသည်။ ဒေါ်အောင်ဆန်းစုကြည်နှင့် အငြိမ်းစားဗိုလ်ချုပ်မှူးကြီးသန်းရွှေတို့တွေ့ဆုံပြီးနောက် ဒေါ်အောင်ဆန်းစုကြည်အား သမ္မတမဖြစ်ရန် တားမြစ်ထားသည့် ပုဒ်မ ၅၉(စ)ကို ဆိုင်းငံ့ထားနိုင်သည်ဟု ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် သူရဦးအောင်ကိုက သုံးသပ်သည်။ သို့သော် အစိုးရအဖွဲ့သစ်တွင် သူရဦးရွှေမန်းနှင့် ရင်းနှီးသော (သို့မဟုတ်) သူရဦးရွှေမန်းထောက်ခံသော ဝန်ကြီးဟောင်းများ၊ လွှတ်တော်ကိုယ်စားလှယ်များနှင့် အငြိမ်းစားတပ်မတော်အရာရှိအချို့ ပါဝင်လာနိုင်သည်။ ရာခိုင်နှုန်းအားဖြင့် ၂၅ ရာခိုင်နှုန်းခန့် ပါဝင်လာနိုင်သည်ဟုပင် လေ့လာသူအချို့က ဆိုသည်။

ဒေါ်အောင်ဆန်းစုကြည်၏ အမျိုးသားပြန်လည်သင့်မြတ်ရေးမူအရ ရွေးကောက်ပွဲနီးမှ တပ်မတော်က အငြိမ်းစားယူကာ ရွေးကောက်ပွဲတွင် ဝင်ပြိုင်ခဲ့သည့်တပ်မတော်ထိပ်တန်းခေါင်းဆောင်အချို့လည်း ဒီချုပ်အစိုးရအဖွဲ့တွင် ပါဝင်လာနိုင်သည်ဟုလည်း မြန်မာ့တပ်မတော်အကြောင်း လေ့လာသူအချို့က သုံးသပ်ကြသည်။ အထူးသဖြင့် ပြည်နယ်၊တိုင်းဝန်ကြီးချုပ်ရာထူးနှင့် ပြည်ထောင်စုဝန်ကြီးရာထူးများအတွက် အနည်းဆုံးနှစ်ဦးခန့်ပါလာနိုင်သည်ဟု လက်ရှိတပ်မတော်ခေါင်းဆောင်များနှင့် နီးစပ်သူအချို့က သုံးသပ်ထားသည်။

ထို့အပြင် ဒေါ်အောင်ဆန်းစုကြည်နှင့် ရင်းနှီးသော ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် သူရဦးအောင်ကိုမှာ လည်း အစိုးရအဖွဲ့သစ်တွင်ပါဝင်လာနိုင်သည်ဟု ခန့်မှန်းသူအချို့လည်းရှိသည်။ သူရ ဦးအောင်ကိုသည် သူရဦးရွှေမန်းနှင့်အတူ စစ်တက္ကသိုလ်အပတ်စဉ် (DSA-11)သင်တန်းဆင်း ဖြစ် သည်။ တပ်မတော်တွင် ဗိုလ်မှူးချုပ်ရာထူးအထိ တာဝန်ထမ်းဆောင်ခဲ့ပြီး တပ်မတော်အစိုးရလက်ထက်တွင် သိပ္ပံနှင့်နည်းပညာ ဒုဝန်ကြီးနှင့် သာသနာရေးဒုဝန်ကြီးရာထူးများ ထမ်းဆောင်ခဲ့သည်။

လက်ရှိတွင် ပြည်သူ့လွှတ်တော်၏ တရားစီရင်ရေး၊ ဥပဒေရေးရာနှင့် တိုင်ကြားစာများ၊ အသနားခံစာများ စိစစ်ဆောင်ရွက်ရေး ကော်မတီဥက္ကဋ္ဌတစ်ဦးဖြစ်သည်။ ဒီချုပ်ပါတီတွင်းမှဆိုလျှင် ရန်ကုန် တက္ကသိုလ် ပါမောက္ခချုပ်ဟောင်း ဒေါက်တာအောင်သူ၊ ဦးစိုးဌေး၊ ဒေါ်အောင်ဆန်းစုကြည်၏ မိသားစုဆရာဝန် ဒေါက် တာတင်မျိုးဝင်းနှင့် စိုက်ပျိုးရေးပညာရှင် ဒေါက်တာထွန်းဝင်းတို့သည် အစိုးရအဖွဲ့သစ်တွင် ပါဝင်လာနိုင် သည်ဟု ပါတီနှင့် နီးစပ်သူအချို့က သုံးသပ်ကြသည်။

ယခုအခါ အစိုးရနှင့်ဒီချုပ်က ဖွဲ့စည်းထားသော တာဝန်လွှဲပြောင်းရေးကော်မတီအစည်းအဝေးများ စတင်ကျင်းပနေပြီ ဖြစ်သည်။ မည်သူများအစိုးရအဖွဲ့တွင် ပါဝင်လာမည်ကို ဖေဖော်ဝါရီလလယ်ခန့်တွင် ပိုမိုသိရှိလာရနိုင်သည်။ ဒေါ်အောင်ဆန်းစုကြည်နှင့် နီးစပ်သူတစ်ဦး၏အဆိုအရ ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် ဒုဝန်ကြီးများအား အသက်ငယ်ပြီး လုပ်ငန်းကျွမ်းကျင်သူများကို ခန့်ထားရန် လိုအပ်သည်ဟု ဆိုသည်။

‘‘ဒေါ်အောင်ဆန်းစုကြည် အခုထိပြောတာတွေကို နားထောင်ကြည့်မယ်ဆိုရင်တော့ သူ့ကြည့်ရတာ ဒီချုပ်အမတ်တွေအပေါ် အခြေခံပြီးတော့ အစိုးရဖွဲ့မယ့်ပုံတော့ မပေါ်ဘူး။ သူ့ကြည့်ရတာ Technocrats လို့ခေါ်တဲ့ ကျွမ်းကျင်တဲ့သူတွေရယ်၊ အုပ်ချုပ်ရေးအ တွေ့အကြုံရှိတဲ့ အရင်အစိုးရအဆက်ဆက်တုန်း ကတည်းက သူနှစ်သက်တဲ့ပုဂ္ဂိုလ်တွေရယ်၊ တပ်မတော်ထဲက တချို့တစ်ဝက်ရယ်၊ အဲဒီပုဂ္ဂိုလ်တွေနဲ့ သူတွဲပြီးတော့များ အစိုးရဖွဲ့နိုင်သလားလို့ ကျွန်တော်ခန့်မှန်းမိပါတယ်’’ဟု မြန်မာ့နိုင်ငံရေးလေ့ လာသူ ဦးမင်းဇင်က ခန့်မှန်းသုံးသပ်ထားသည်။

ထို့ကြောင့် မကြာမီ လပိုင်းအတွင်း ဒေါ်အောင်ဆန်းစုကြည်က ပြည်သူ့အစိုးရနှင့် ဒီချုပ်အမတ်အများစုရှိမည့် လွှတ်တော်တို့ကိုမည်သို့အပြန်အလှန်ထိန်းကျောင်း ဆောင်ရွက်မည်လဲဆိုသည်ကို မြင်တွေ့ရတော့ မည်ဖြစ်သည်။
အောင်ထက်ပိုင်
7Day Daily

0 comments:

Post a Comment