Saturday, December 5, 2015

ဒေါ်စုနဲ့ ဗိုလ်ချုပ်မှူးကြီးဟောင်း တွေ့ဆုံဟု မြေးဖြစ်သူ ထုတ်ပြန်

ဗိုလ်ချုပ်မှူးကြီးဟောင်း သန်းရွှေ မြေးဖြစ်သူ ထုတ်ပြန်ချက်တွင် ပါရှိတဲ့ ငွေစက္ကူ ဓာတ်ပုံ- သတင်းဓာတ်ပုံ နေရွှေသွေးအောင် FB။
05.12.2015
မြန်မာစစ်အစိုးရ အကြီးအကဲဟောင်း ဗိုလ်ချုပ်မှူး ကြီးသန်းရွှေနဲ့အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်တို့ ဒီဇင်ဘာ ၄ ရက် သောကြာနေ့က တွေ့ဆုံခဲ့ကြပါတယ်။ ဒီတွေ့ဆုံမှု နဲ့ပါတ်သက်လို့ ဦးသန်းရွှေရဲ့မြေး ကိုနေရွှေသွေးအောင်က ၂ ဖက် ခွင့်ပြုချက်နဲ့ သတင်း ထုတ်ပြန် တယ်လို့ ဆိုပြီး သူ့ရဲ့ Facebook စာမျက်နှာမှာ ဖော်ပြထားပါတယ်။

သူ့ရေးသားထားချက်အရ ဆိုရင် ဒီလိုတွေ့ဆုံဖို့ ဒေါ်အောင်ဆန်း စုကြည် ဘက် က ကမ်းလှမ်းခဲ့ပုံ ရပါ တယ်၊ တိုင်းပြည်အကျိုး ထိခိုက် ဆုတ်ယုတ်စေနိုင် တဲ့ အငြိုးအတေး နဲ့ အာဃာတ လုံးဝမရှိပါဘူး လို့ ဒေါ်အောင်ဆန်းစုကြည် က ပြောခဲ့တယ်လို့ ဆိုထားပါတယ်။

အနာဂါတ်မြန်မာနိုင်ငံ အောင်အောင်မြင်မြင် တည်ထောင်နိုင်ရေး နဲ့ တပ်မတော် အပါအဝင် အဖွဲ့အစည်း အားလုံး နဲ့ လက်တွဲ ပူးပေါင်းဆောင်ရွက်နိုင်ဖို့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေနဲ့ တွေ့ဆုံဆွေးနွေးချင်တယ်လို့
ဒေါ်အောင်ဆန်းစုကြည် က ကမ်းလှမ်းခဲ့တယ်လို့ ပြောပါတယ်။

ဗိုလ်ချုပ်မှူးကြီးသန်းရွှေဖက်ကတော့ မြန်မာနိုင်ငံရဲ့ နာဂတ်ခေါင်းဆောင်ဟာ ဒေါ်အောင်ဆန်း စုကြည် ဖြစ်လာမယ်ဆိုတာ အားလုံးလက်ခံရမည့် အမှန်တရားဖြစ် တယ်လို့ တုံ့ပြန်တယ်လို့ ရေးထား ပါတယ်၊ ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အမှန်တကယ်ကြိုး ပမ်းဆောင်ရွက် သွားမယ် ဆိုရင် သူ့ဖက်က အစွမ်းကုန် ပံ့ပိုးကူညီသွားမယ် လို့ ဦးသန်းရွှေက တွေ့ဆုံပွဲ မှာ ပြောကြားခဲ့တဲ့ အကြောင်းကို ၂ ဖက်ခွင့်ပြုချက်အရဆိုပြီး ကိုနေရွှေသွေးအောင်ရဲ့ Facebook စာမျက်နှာမှာ ဖော်ပြထားပါတယ်။

သူ့ရဲ့အဖိုးဖြစ်သူဟာ မြန်မာနိုင်ငံကို ဒီမိုကရေစီ လမ်းကြောင်းပေါ်ရောက်အောင် ပို့ဆောင်ပေးခဲ့သူဖြစ်ပြီး အနားယူစဉ် အချိန်ကစလို့ အချိန်အထိ နိုင်ငံရေး အုပ်ချုပ်မှုများတွင် လုံးဝ ပါဝင်ပတ်သက်မှု မရှိဘူးလို့လဲ အာမခံ ထားပါတယ်၊ ခုလို ဒေါ်အောင်ဆန်းစုကြည် နဲ့ ဗိုလ်ချုပ်မှူးကြီးဟောင်း သန်းရွှေတို့ တွေ့ဆုံ ပွဲဖြစ် မလာခင် နိုဝင်ဘာလ ၁၉ ရက်နေ့တုန်းက ကိုနေရွှေသွေးအောင်ဟာ ဒေါ်အောင်ဆန်းစုကြည် ကို အရင်သွားရောက် တွေ့ဆုံခဲ့တာဖြစ်ပါတယ်။
ဗွီအိုအေ (မြန်မာပိုင်း)

0 comments:

Post a Comment