Monday, December 21, 2015

ဓမ္မာရုံဆောက်လုပ်မည့် မြေနေရာ ရရှိရန် မြို့ခံလူထု ၃၀၀ ကျော် ဆန္ဒပြတောင်းဆို

ရခိုင်ပြည်နယ် စစ်တွေမြို့ စက်ရုံစုရပ်ကွက်တွင် ရပ်ကွက်ဓမ္မာရုံဆောက်လုပ်မည့် မြေနေရာရရှိရန် မြို့ခံလူထု ၃၀၀ ကျော်ဆန္ဒပြတောင်းဆိုခဲ့ကြောင်း သိရသည်။

ယင်းမြေကွက် ( ၄- က ) ( ၅ - က ) မြေနေရာအား ရပ်ကွက်ဓမ္မာရုံဆောက်လုပ်ရန် အစိုးရ အဆက် ဆက်ထံ တင်ပြတောင်းခံခဲ့သော်လည်း မြေပိုင်ဆိုင်မှု အငြင်းပွားပြီး တိကျသေချာသည့်အဖြေ တစုံ တရာမရရှိသဖြင့် ဓမ္မာရုံ ဖြစ်မြောက်ရေး နာယက ဆရာတော်များနှင့်ရပ်ကွက်လူထုမှ စုပေါင်းကာ ဆန္ဒပြတောင်းဆိုခဲ့ကြောင်း သိရသည်။

ရပ်ကွက်ဓမ္မာရုံရရှိရေးဆန္ဒပြတောင်းဆိုပွဲကို ဒီဇင်ဘာလ ၂၁ ရက်နေ့ မွန်းလွဲ ၁ နာရီအချိန်တွင် စက်ရုံ စုရပ်ကွက်တွင် စုရပ်ကာ “ရပ်ကွက်ဓမ္မာရုံ ရရှိရေး ..ဒို့အရေး…ဒို့အရေး” စသည့်ဖြင့် ကြွေးကြော်ကာ မြို့လယ်တလျှောက် လမ်းလျောက်ဆန္ဒပြ တောင်းဆိုခဲ့ကြသည်။

စက်ရုံစုရပ်ကွက်ဓမ္မာရုံ ဖြစ်မြောက်ရေးကော်မတီအတွင်းရေးမှူး ဦးမောင်အေးက“ကျွန်တော်တို့က သူများ ပိုင်ဆိုင်တဲ့ မြေနေရာကိုတောင်းနေတာ မဟုတ်ဘူး။ အစကတည်းက ဒီမြေဟာ မြေလွတ်တခုဖြစ်တဲ့ အတွက် ရပ်ကွက်ဓမ္မာရုံဆောက်ဖို့ လျှောက်လွှာတင်ပါတယ်။ နောက်ပိုင်း မယက ၊ ခယကတွေက အဲဒီမြေ မှာ ပိုင်ရှင်ရှိတယ် ဆိုပြီး ပြောတယ်။ အဲဒါဆိုရင် ဘယ်သူပိုင်တယ်ဆိုတာ တရားဝင် စာရွက်စာတမ်းနဲ့ပြ ပါဆိုတော့လည်း ပြည်သူကို ချမပြဘူး။ အဲဒီကတည်းမရိုးမသားလုပ်ပြီး ဆောက်ခွင့်မရခဲ့ဘူး။ ခေတ်ပြောင်း လာတဲ့အခါမှာ ကျွန်တော်တို့အားလုံး ဆန္ဒအရ တိုင်ပင်ပြီးဆန္ဒပြ တောင်းရတာပါ။ ကျွန်တော်တို့ ရပ်ကွက် မှာ ဓမ္မာရုံ မရှိတော့ ဘာသာရေးကိစ္စ၊ လူမှုရေးကိစ္စ လူစုပြီး ပြောဖို့ ဆိုဖို့ အင်မတန် အခက်အခဲ ဖြစ်ပါ တယ်”ဟု ပြောသည်။

စစ်တွေမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးမှ ခွင့်ပြုချက်ရယူကာ ဆန္ဒဖော်ထုတ်ခဲ့ကြခြင်းဖြစ်ပြီး ယင်းသို့ ရပ်ကွက်ဓမ္မာရုံ ရရှိရန်အတွက် စက်ရုံစုရပ်ကွက်မှ ပြည်သူများ အပါအ၀င် တခြားသော ရပ်ကွက်မှပြည်သူများမှလည်း လာရောက်ပူးပေါင်းပြီး ဆန္ဒပြတောင်းဆိုခဲ့ကြကြောင်း သိရသည်။
မြတ်ထွန်းဇံ
News Watch(စောင့်ကြည့်သတင်းဂျာနယ်)

0 comments:

Post a Comment