Wednesday, December 2, 2015

မ၀င်းမော်ဦးအတွက် အမျှဝေမည်

ရှစ်လေးလုံးဒီမိုကရေစီအရေးတော်ပုံကြီးအတွက် ကျည်ဆန်ထိမှန်ခဲ့သည့် မ၀င်းမော်ဦးအား ဆရာဝန်နှစ်ဦးက ကယ်တင်လာစဉ်
12-03-15
ကွယ်လွန်ပြီး ၂၇ နှစ်ကြာချိန်အထိ အမျှမဝေရသေးသော ရှစ်လေးလုံးအရေးတော်ပုံတွင် သေဆုံးသွားသည့် အဋ္ဌမတန်း ကျောင်းသူ မ၀င်းမော်ဦးအား ဒီဇင်ဘာ ၆ ရက်တွင် အမျှဝေမည် ဖြစ်ကြောင်း သတင်းရရှိသည်။

မ၀င်းမော်ဦး၏ အမျှဝေဆွမ်းသွတ်ပွဲကို ရှစ်လေးလုံးအရေးတော်ပုံတွင် ပါဝင်သော ညောင်တုန်းမြို့ရှိ နိုင် ငံရေးအကျဉ်းသားဟောင်းဦးအုန်းကျော်က ဦးဆောင်ပြုလုပ်ခြင်း ဖြစ်သည်။ အမျှဝေပွဲကိုလည်း ညောင် တုန်းမြို့ရှိ အမြောင်းကျေးရွာ ဝေဠုဝန်ကျောင်းတိုက်၌ ပြုလုပ်သွားမည်ဖြစ်ကြောင်းဦးအုန်းကျော်က ပြော သည်။

‘‘ကျွန်တော်တို့ရဲ့ ရဲဘော်ညီ မလေး မ၀င်းမော်ဦးကို စစ်မှန်တဲ့ ဒီမိုကရေစီမရသေးဘူးဆိုပြီးတော့ အမျှ မဝေသေးဘူးပေါ့။ အခုအ ချိန်ကတော့ ဒီမိုကရေစီဖြစ်နေ သည်ဖြစ်စေ၊ မဖြစ်သေးဘူးဖြစ်စေ သူ့အတွက် အမျှဝေသင့်နေ ပြီလို့ ထင်လို့ပါ။ သူသေဆုံးတာ လည်း(၂၇)နှစ်ကျော်သွားပြီလေ။ ဒီအချိန်က အကောင်း ဆုံးအချိန် ဖြစ်နေပါပြီ’’ဟု ၎င်းက ပြောသည်။ညောင်တုန်းမြို့တွင် ပြုလုပ်သော အမျှဝေပွဲသို့ တက်ရောက် မည်ဖြစ်သော်လည်း မ၀င်းမော်ဦး၏ မိဘများက စက်တင်ဘာ ၁၉ ရက်မှသာ အမျှဝေမည်ဟု မ၀င်းမော်ဦး၏ မိခင်ဒေါ်ခင်ဌေးဝင်းက ပြောသည်။

‘‘ညောင်တုန်းမြို့ကတော့ ဖိတ်ထားတယ်။ သူတို့က အမျှဝေ ချင်တယ်လို့ ခွင့်တောင်းတာပေါ့။ ဒါပေမဲ့ အန်တီတို့ကတော့ ရေစက်မချပါဘူး။ ဒီမိုကရေစီမရမချင်း သူတောင်းထားတဲ့ ကတိအတိုင်းပေါ့။ ရေစက် မချပါနဲ့လို့ မှာ ထားတာပေါ့။ သူ့နာမည်ခေါ်ပြီး တော့ အမျှမဝေပါနဲ့လို့ ကတိ တောင်းထားတာပေါ့။ အန်တီတို့ ကလည်း ဒေါ်အောင်ဆန်းစုကြည်  ဆီကို အာဏာလွှဲပေးပြီးမှ သမီးအတွက် အမျှဝေသွားမှာ ပါ’’ဟု ဒေါ်ခင်ဌေးဝင်းက ပြောသည်။

ရှစ်လေးလုံးအရေးတော်ပုံ တွင် စစ်တပ်က အာဏာသိမ်းပြီး နောက်နေ့ စက်တင်ဘာ ၁၉ ရက်၌ပါဝင်သော အသက်(၁၆) နှစ်အရွယ် မ၀င်းမော်ဦးသည် ကျည်ဆန်ထိမှန်၍ သေဆုံးသွားခြင်း ဖြစ်သည်။ ဒီမိုကရေစီ မရမချင်း အမျှမဝေရန်မှာကြားသွားသောကြောင့် သူ၏ မိဘများက အမျှမဝေပေးဘဲ စောင့်ဆိုင်းနေခြင်းဖြစ် သည်။
ငြိမ်းချမ်း
7Day News

0 comments:

Post a Comment