Wednesday, December 16, 2015

အာဏာလွှဲပြောင်းရေး ဒေါ်စုနဲ့ အစိုးရတာဝန်ရှိသူတွေဆွေးနွေး

အာဏာလွှဲပြောင်းရေး ဒေါ်စုနဲ့ အစိုးရတာဝန်ရှိသူတွေဒီကနေ့ ဆွေးနွေးခဲ့ကြ (သတင်းဓါတ်ပုံ- ဦးရဲထွဋ် facebook)
16.12.2015
နိုင်ငံတော်အကြီးအကဲတာဝန်နဲ့ အစိုးရအဖွဲ့တာဝန်တွေကို စနစ်တကျ လွှဲပြောင်းရေးဆိုင်ရာ ညှိနှိုင်းအစည်း အဝေးကို ဒေါ်အောင်ဆန်းစုကြည် ဦးစီးပြီး ဒီကနေ့လုပ်ခဲ့တယ်လို့ ပြန်ကြားရေးဝန်ကြီးဦးရဲထွဋ်ရဲ့ တရား ၀င် ဖေ့စ်ဘုတ်စာမျက်နှာမှာ ရေး ထားပါတယ်။

အစည်းအဝေးကို အစိုးရအဖွဲ့ဘက်က ၀န်ကြီးဦးရဲထွဋ်၊ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယညွှန်ကြားရေး မှူးချုပ် ဦးမောင်မောင်အုန်း၊ သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေးတို့ တက်ရောက်ပြီး အမျိုးသားဒီမိုကရေ စီအဖွဲ့ချုပ် NLD ပါတီဘက်က ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ ဦးဝင်းထိန်၊ ဒေါက်တာမျိုးအောင်နဲ့ ဒေါက် တာအောင်သူတို့ တက်ရောက်တယ်လို့လည်း ပြောထားပါတယ်။

တာဝန်လွှဲပြောင်းတာ အဆင်ပြေ ချောမွေ့စေဖို့တွက်   နှစ်ဘက်ပူးပေါင်းဆောင်ရွက်ရမယ့် လုပ်ငန်းတွေကို အစည်းအဝေးမှာ အသေးစိတ်ဆွေးနွေးကြတယ်လို့လည်း ၀န်ကြီးဦးရဲထွဋ်က ရေးထားပါတယ်။

အစိုးရအဖွဲ့တာဝန်တွေကို စနစ်တကျ တာဝန်လွှဲပြောင်းရေးအတွက် အစိုးရအဖွဲ့ဘက်နဲ့ NLD ပါတီ ဘက်မှာ နှစ်ဘက် ပူးပေါင်း ဆောင်ရွက်ရေးကော်မတီတွေကို အသီးသီးဖွဲ့စည်းပြီးတဲ့နောက် ပိုင်း ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်ဦးစီးပြီး အခုလို အစည်း အဝေးမျိုး လုပ်တယ်လို့သိရတာ ဒါ ပထမဆုံးအကြိမ်ပါပဲ။

အစိုးရဖက်က ဖွဲ့ထားတဲ့ နိုင်ငံတော်အကြီးအကဲ တာဝန်လွှဲပြောင်းမှု အထောက်အကူပြုကော်မတီ မှာ ပြည်ထောင်စုဝန်ကြီး ဦးလှထွန်းက ဥက္ကဋ္ဌအဖြစ် တာဝန်ယူဆောင်ရွက်ပြီး ပြည်ထောင်စုဝန်ကြီး ဦးရဲထွဋ်၊ နိုင်ငံတော်သမ္မတရုံး ညွှန်ကြားရေးမှူးချုပ် ဦးလှထွန်း၊ ဆောက်လုပ်ရေးဝန်ကြီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးမောင်မောင်အုန်း၊ နိုင်ငံတော်သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေးတို့ ပါဝင်ကြောင်း နိုင်ငံတော်သမ္မတရုံးက သတင်းထုတ်ပြန် ထားပါတယ်။

NLD ပါတီဘက်က အသွင်ကူးပြောင်းရေးဆိုင်ရာ အဖွဲ့ထဲမှာတော့ ဦးဝင်းထိန်၊ ဒေါက်တာ မျိုးအောင်၊ ဒေါက်တာ အောင်သူနဲ့ လွှတ်တော်ကိုယ်စားလှယ် သုံးဦးပါမယ်လို့ ဦးဝင်းထိန်က ပြော ထားပါတယ်။
ဗွီအိုအေ (မြန်မာပိုင်း)

0 comments:

Post a Comment