Thursday, October 29, 2015

ပြည်ခိုင်ဖြိုးပါတီ၏ အင်အားပြလှုံ့ဆော်ပွဲ ရေဦး ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ (တာဝန်) ဟု ကပ်ထားသည့် ကားတစ်စီးပါ

ရေဦးရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ (တာဝန်) ဟု ကပ်ထားသည့် ကားအား တွေ့ရစဉ်
Thu, 10/29/2015 - 21:01
ပြည်ခိုင်ဖြိုးပါတီ ဒုဥက္ကဋ္ဌနှင့် စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးသင်းလှိုင်တို့ ပါဝင်သော ပြည် ခိုင်ဖြိုးပါတီ၏ အင်အားပြ လှုံ့ဆော်ပွဲ ယာဉ်တန်းတွင် ရေဦးရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ (တာဝန်) စာသားကပ်ထားသည့် ကားတစ်စီးကို အသုံးပြုထားခြင်းအပေါ် ဒေသနိုင်ငံရေး အသိုင်းအ၀ိုင်းက ဝေ ဖန်လျက် ရှိကြောင်း သတင်းရရှိသည်။

အောက်တိုဘာ ၂၉ရက်က ရေဦးမြို့နယ်တွင် ပြုလုပ်သော ပြည်ခိုင်ဖြိုးအင်အားပြ ယာဉ်တန်း၌ အောလ် စတားနိုင်း ဆောက်လုပ်ရေးကုမ္ပဏီ စတစ်ကာ ကပ်ထားသောကား၏ ရှေ့မှန်တွင် ရေဦးရွေးကောက် ပွဲ ကော်မရှင်အဖွဲ့ခွဲ (တာဝန်) ဟု တံဆိပ်ကပ်ထားသည်ကို တွေ့ရပြီး ၎င်းဖြစ်စဉ်သည် လာ မည့် ရွေးကောက်ပွဲအပေါ် သံသယများစွာ ဖြစ်စေကြောင်း သုံးသပ်မှုများ ရှိနေသည်။

“ဌာနဆိုင်ရာက ၀န်ထမ်းနဲ့ အသုံးအဆောင်တွေကို လုံးဝသုံးခွင့် မရှိဘူးလို့ ကော်မရှင်က ပြဋ္ဌာန်းထား တယ်။ အခုဟာက ကော်မရှင်ကိုယ်တိုင်က ဥပဒေကို ချိုးဖောက်သလို ဖြစ်နေတယ်” ဟု ရေဦး နယ်ခံ နိုင်ငံရေးတက်ကြွ လှုပ်ရှားသူ တစ်ဦးက ဆိုသည်။

အဆိုပါ ဖြစ်ရပ်အပေါ်ရေဦးမြို့နယ် ရွေးကောက်ပွဲကော်မရှင်ခွဲသို့ သွားရောက် မေးမြန်းကြည့်ရာ “ကျွန်မတို့ က မဲစာရင်းကိစ္စတွေ လုပ်တုန်းက ကားတစ်စီး ငှားခဲ့တယ်။ အဲဒီကားမှာ ရေဦးရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲ (တာဝန်) ဆိုတဲ့ တံဆိပ်ကပ်လိုက်တာ။ ကားပြန်အပ်တော့လည်း တံဆိပ်မခွာမိဘူး။ အဲဒီကား ပဲ ဖြစ်မှာပါ။ ပြည်ခိုင်ဖြိုးက လူတွေကလည်း အဲဒီတံဆိပ်ကိုခွာဖို့ မေ့နေလို့နေမယ်။ ကျွန်မတို့ရုံးမှာပိုင်တဲ့ ကားမရှိဘူး။ အပြင်ကကားပဲ ငှားသုံးတာ” ဟု တာဝန်ရှိသူ ဒေါ်လှိုင်ဦးမေက ပြောကြားသည်။

“ကားငှားသုံးတာကို တံဆိပ်ခွာဖို့ နှစ်ဖက်လုံးက မေ့နေတယ် ဆိုရင်လည်း ဒါက မဖြစ်သင့်ဘူးပေါ့” ဟု ရေဦးနယ်ခံ ဦးအောင်မြင့်သောင်းက သုံးသပ်သည်။

ပြည်ခိုင်ဖြိုးအင်အားပြ ယာဉ်တန်းတွင် ရွှေဘိုခရိုင်တွင်း ရှစ်မြို့နယ်မှ ကားအစီးရေ ရာချီကာ အသုံးပြု လှည့်လည်ခဲ့ကြပြီး လူဦးရေ သောင်းဂဏန်းဝန်းကျင် ပါဝင်ကြောင်း ပါတီဝင်များက ပြောကြားသည်။
ရဲရင့်အောင်
Eleven Media Group

0 comments:

Post a Comment