Wednesday, June 3, 2015

အမျိုးသားများ မုတ်ဆိတ်မွေး အရှည်ထားကြရန် ISIS အဖွဲ့ အမိန့်ထုတ်

ဘဂ္ဂဒက် ၊ ၃-၆-၂၀၁၅
ISIS စစ်သွေးကြွ များသည် ၄င်းတို့ ထိန်းချုပ်ရာ နယ်မြေဒေသများ အတွင်းရှိ အမျိုးသား များအား မုတ်ဆိတ်မွေး များကို ရိတ်သင်ခြင်း မပြုဘဲ အရှည် ထားကြရန် အမိန့်ထုတ်ပြန် လိုက်ကြောင်း သိရသည်။

ISIS စစ်သွေးကြွ အဖွဲ့၏ အမိန့် ထုတ်ပြန်ချက် သည် ထိန်းချုပ် နယ်မြေများ အနက် အဓိက အခိုင်အမာ ခြေကုပ်စခန်း တစ်ခုဖြစ်သည့် မိုဆူးလ်မြို့တွင် ဇွန် ၁ ရက်မှစ၍ အသက်ဝင် ခဲ့ပြီး အမိန့် နာခံခြင်း မရှိသည့် မုတ်ဆိတ်မွေး ရိတ်သူ အမျိုးသား များကို ပြစ်ဒဏ်ချမှတ် သွားမည်ဟု ထုတ်ပြန်ချက် တွင် ဖော်ပြ ထားသည်။

သို့ရာတွင် စစ်သွေးကြွများ ချမှတ်လိုက်သည့် အမိန့် ထုတ်ပြန်ချက် အား လူဦးရေ နှစ်သန်းကျော် နေထိုင်သည့် မိုဆူးလ်မြို့ခံ အများအပြား က ဆန့်ကျင်ကြ သော်လည်း အမိန့်ကို အာခံနိုင်ခြင်း မရှိကြောင်း သိရသည်။

စစ်သွေးကြွ များသည် ပြည်သူများအား မုတ်ဆိတ်မွေး မရိတ်ဘဲ အရှည်ထားရန် အမိန့်ထုတ်ပြန် လိုက်ခြင်းသည် ဘာသာရေး အရ မဟုတ်ဘဲ အီရတ် အစိုးရတပ် များက လေကြောင်းမှ တိုက်ခိုက်ရာတွင် ပိုမို အခက်အခဲ တွေ့စေရန် အတွက် ရည်ရွယ်ခြင်း ဖြစ်သည်ဟု ကျွမ်းကျင်သူ များက ပြောကြား ထားသည်။

မိုဆူးလ်မြို့သည် စစ်သွေးကြွများ သိမ်းဆည်း ထားသည့် အခြားမြို့ကြီး များနှင့်မတူဘဲ လူဦးရေ ထူထပ် သောကြောင့် အစိုးရတပ် များနှင့် အမေရိကန် တိုက်လေယာဉ် များက လေကြောင်းမှ တိုက်ခိုက် လာပါက စစ်သွေးကြွ များအနေဖြင့် အရပ်သား များကို လူသားဒိုင်း အဖြစ် အသုံးပြုရန် ရည်ရွယ် ထားကြောင်း ထုတ်ပြန်ချက် များအရ သိရသည်။
PyiChitThar

0 comments:

Post a Comment