Saturday, April 25, 2015

မိုးပြိုခဲ့သော်

26 April 2015
စိတ်ထဲမှာ အောင့်သက်သက်နဲ့ ခံစားလိုက်ရတယ်။ သက်သက်မဲ့ အနိုင်ကျင့်တယ်လို့လည်း ထင်တယ်။ အချုပ်အခြာ အာဏာကို မထီလေးစား ပြုနေပြီလား လို့တောင် အောက်မေ့ လိုက်မိတယ်။ ပြောရရင်တော့ နည်းနည်း လွန်လာပြီလို့ ဆိုနိုင်မလားမသိ။

ဖြစ်တာက ဒီလို။ ဖုန်ကြားရှင်နဲ့ ပတ်သက်ပြီး လောက်ကိုင်မှာ စစ်ပွဲတွေ ဖြစ်ပါရောလား။ ဒီတော့ မြန်မာ့ တပ်မတော်က လောက်ကိုင်မီးကို ငြှိမ်းတယ်။ ဒါပေမဲ့ မီးက ငြိမ်းမသွားဘူး။ ပိုပြီး တောက်လောင် လာတယ်။ အရာရှိနဲ့ အကြပ် စစ်သည်တွေ တစ်ရာကျော် တိုင်းပြည် အတွက် အသက် ပေးသွားကြရတယ်။  ဘယ်တုန်းကမှ ဒီလို အဖြစ်မျိုးနဲ့ မကြုံခဲ့ရဖူးပါဘူး။ အခု လောက်ကိုင် စစ်ပွဲကျမှပဲ အကျအဆုံး အများကြီး ရှိခဲ့ရတယ်။ တပ်မတော်ရဲ့ ဂုဏ်သိက္ခာလည်း ညှိုးနွမ်းခဲ့ရတယ်။

တစ်စ တစ်စနဲ့ ကြီးထွားလာတဲ့ လောက်ကိုင်မီးကို ငြှိမ်းဖို့ အတွက် မြန်မာ့ တပ်မတော် (လေ) က ကူညီခဲ့ရတယ်။ လေကြောင်း ပစ်ကူတွေ လုပ်ပေးခဲ့ရတယ်။ အဲဒီလို လေကြောင်းပစ်ကူ လုပ်ပေးခဲ့ရင်း  တရုတ်ပြည်ဘက်ကို မတော်တဆ ကျည်သင့်ခဲ့ရတယ်။

တရုတ်လူမျိုး ငါးဦး သေဆုံးပြီး ရှစ်ဦးဒဏ်ရာ ရသွားခဲ့တယ်။ ဒါကို  တရုတ် ပြည်က မကျေနပ်ခဲ့ဘူး။ တရုတ်သံရုံးက တစ်ဆင့် မြန်မာနိုင်ငံကို ပြင်းပြင်း ထန်ထန် ကန့်ကွက်လာတယ်။  နောက်ဆုံး မြန်မာနိုင်ငံခြားရေး ၀န်ကြီး ကိုယ်တိုင် တရုတ် နိုင်ငံသွားပြီး တောင်းပန်ခဲ့ရတယ်။

ဒီဖြစ်စဉ် တစ်ရပ်လုံးကို အနုလုံ ပဋိလုံ ခြုံငုံပြီးတော့ စဉ်းစား ကြည့်မိပါတယ်။

တရုတ်နိုင်ငံသား ငါးဦး ဘာကြောင့် သေဆုံး သွားရတာလဲ။ ဒီငါးဦးဟာ ဘယ်အရပ်၊ ဘယ်ဒေသမှာ နေထိုင်ကြတဲ့ သူတွေလဲ။ တရုတ်နဲ့ မြန်မာ နယ်နိမိတ်မျဉ်း အနီးမှာ နေကြတဲ့ သူတွေ ဖြစ်တဲ့အတွက် နယ်စပ် တိုက်ပွဲမှာ မတော်တဆ ဖြစ်ခဲ့ကြရတယ်။ ဘယ်သူကမှ  ဖြစ်ရ ကောင်းစေလို့တော့ အကြောင်းမဲ့ တိုက်ခိုက်မှာ မဟုတ်ပါဘူး။ တိုက်စရာလည်း အကြောင်း မရှိပါဘူး။ သေဆုံးသွားတဲ့ သူတွေက စစ်နဲ့ဘာမှ မပတ်သက်တဲ့ သာမန် အရပ်သားတွေပဲ။ နောက်ပြီး တစ်ဖက် နိုင်ငံသားတွေလည်း ဖြစ်နေတယ်။

တစ်ဖက် နိုင်ငံထဲမှာလည်း နေနေကြတဲ့ သူတွေဖြစ်တယ်။ အဲဒီတော့ နှစ်နိုင်ငံ စစ်ဖြစ်ကြတာ မဟုတ်ဘဲနဲ့တော့ အကြောင်းမဲ့ တိုက်ခိုက်တာ မဖြစ်နိုင်ဘူးလို့ သုံးသပ်မိပါတယ်။ ဒီလိုဖြစ်ရတာဟာလည်း မတော်တဆ ဖြစ်ရတာလို့ပဲ ယူဆကြရမှာပါ။ ဘယ်သူမှ ဖြစ်ရကောင်းစေလို့ တိုက်ခိုက်ခဲ့တာ မဟုတ်ပါဘူး။

နောက်တစ်ခါ ထပ်ပြီး စဉ်းစား ကြည့်မိပါတယ်။ ဒီလိုဖြစ်လာစေဖို့ အကြောင်းတရားက ဘာလဲ။ အခြေခံ အကြောင်း တရားက ဘာလဲ ဆိုတော့ ကိုးကန့် ခေါင်းဆောင် ဖုန်ကြားရှင်ကစပြီး မွှေးတဲ့မီးပဲ။ ကိုးကန့် ဒေသကို ပြန်လည် သိမ်းပိုက်ဖို့ အတွက် စစ်ဆင်ရေးစပြီး လုပ်တယ်။

မြန်မာ့ တပ်မတော်က ပြန်တိုက်တော့ တရုတ် ပြည်ဘက်ကို ထွက်ပြေး တိမ်းရှောင်သွားတယ်။တရုတ် ပြည်ရဲ့ တစ်ထောင့် တစ်နေရာကနေပြီး စစ်ဆင်ရေးကို ဦးဆောင် နေတယ်လို့ ခန့်မှန်းရတယ်။ ဖုန်ကြားရှင်ရဲ့ နောက်ကွယ်မှာ ဘယ်သူတွေ ပါဝင် ပတ်သက်နေမလဲ။ ဘယ်သူတွေက သွေးထိုး မြှောက်ပင့်နေမလဲ။ ဒါဟာ တွေးစရာပါ။

တစ်စ တစ်စ ကြီးထွားလာတဲ့ ကိုးကန့်စစ်ပွဲမှာ မြေပြင် စစ်ဆင်ရေးနဲ့ မလုံလောက်တဲ့ အတွက် လေကြောင်း ပစ်ကူတွေပါ ၀င်ပြီး အကူအညီ ပေးလာရတယ်။ ဒီလိုနဲ့ တရုတ် နိုင်ငံသား ငါးဦး မတော်တဆ ထိမှန် သေဆုံးသွားခဲ့ ရတာပါပဲ။

နှစ်နိုင်ငံ နယ်စပ်မျဉ်းတွေမှာ တိုက်ပွဲဖြစ်ရင် သိပ်ပြီး သတိထားရပါတယ်။ ကိုယ့်နိုင်ငံထဲက ကျည်တစ်တောင့် တစ်လေတောင် သူ့နိုင်ငံထဲကို ကျခွင့်မရှိပါဘူး။ အဲဒါကြောင့်လည်း နယ်စပ်တွေမှာ ထကြွ သောင်းကျန်းနေတဲ့ သူပုန်သူကန်တွေကို နှိမ်နင်းရင် သတိကြီးကြီး ထားကြရပါတယ်။

သူပုန်တွေကလည်း အခြေအနေ မကောင်းရင် တစ်ဖက် နိုင်ငံထဲကို ပြေးဝင် ခိုလှုံတတ်ကြ ပါတယ်။ အဲဒီလို ပြေးဝင်သွားတဲ့ သူပုန်ကို လိုက်လံ နှိမ်နင်းရင်း တစ်ခါတစ်ရံ နယ်မြေ ဖြတ်ကျော်မှုတွေ၊ ကျည်ဆန် ကျရောက်မှုတွေ ဖြစ်လေ့ဖြစ်ထ ရှိပါတယ်။ ဒါပေမဲ့ ပြဿနာ မလုပ်ရင်ဘာမှ မဖြစ်ပေမယ့် ပြဿနာ ရှာချင်ရင်တော့ ပြဿနာ ကြီးထွား သွားတတ်ပါတယ်။

မြန်မာနိုင်ငံဟာ စီးပွားရေးနဲ့ စစ်ရေးမှာ အားနည်းနေတဲ့ နိုင်ငံ ဖြစ်လေတော့ ပြဿနာ ရှာပြီဆိုရင် အင်မတန် မျက်နှာငယ် ရပါတယ်။ တစ်ချိန်တုန်းက ဗ.က.ပ တွေကို နယ်စပ်မှာ လက်သပ်မွေးပြီး မြန်မာ့ ပြည်တွင်းရေးကို  မွှေနှောက် ခဲ့စဉ်တုန်းက ကိုယ့်နိုင်ငံက ဘာမှ မပြောသာခဲ့ပါဘူး။ နောက်ပြီး ၁၉၆၇ ခုနှစ်၊ မော်စီတုန်း ရင်ထိုးတံဆိပ် အရေးအခင်း တုန်းကလည်း ပြည်တွင်းရေးမှာ အများကြီး ၀င်နှောက် ခဲ့ဖူးတာပါပဲ။ ဒါပေမဲ့ သံတမန် အဆက်ပြတ်ရုံ လောက်အထိပဲ ကိုယ့်ဘက်က စွမ်းဆောင် နိုင်ခဲ့တာပါ။ ရာဇသံ ပေးနိုင်လောက်အောင် ကိုယ့်ဘက်က အင်အား မရှိခဲ့ပါဘူး။

မြန်မာ့ ပြည်တွင်းရေးမှာ တစ်ဖက်နိုင်ငံက ၀င်ရောက် ခြယ်လှယ် နေတာကို တွေ့ရပြီး ခေါင်းငုံ့ခံနေရတာ ကြာလာတော့ ခံပြင်းမိတယ်။ ကိုယ့်မှာက ပြန်ပြီး တုံ့ပြန်နိုင်လောက်တဲ့ အင်အားကလည်း မရှိတော့ ပိုပြီး ခံရခက်တယ်။ ကိုယ့်နိုင်ငံထဲက သစ်တွေကို နေ့စဉ် ရက်ဆက် အလုံးအရင်းနဲ့ဝင်ပြီး ခိုးထုတ်နေတာ ဆယ်စုနှစ်ပေါင်း ကြာခဲ့ပါပြီကော။ သစ်တော ဆိုတာများ (၇၀) ရာခိုင်နှုန်း လောက် ရှိရာကနေ (၂၀) ရာခိုင်နှုန်းလောက်ပဲ ကျန်တဲ့အထိ ရက်ရက် စက်စက် ခိုးထုတ်ခဲ့ကြတယ်။ နောက်ဆုံး သစ်မြစ်တောင်မချန်ဘူး။ တူးဆွပြီး ယူသွားကြတယ်။ ကျွန်တော်တို့ လက်ပိုက်ပြီး ကြည့်နေကြရတယ်။

တစ်ခါခိုးရင် သစ်ကားစီးရေ (၂၀၀) နီးပါး ရှိတယ်ဆိုတော့ သစ်တွေ ဘယ်လောက် ကုန်သွားမလဲ ခန့်မှန်းလို့ ရပါတယ်။ ဒီလိုကားတွေက တစ်နေ့ တစ်ရက်တင် မဟုတ်ဘူး။ နေ့စဉ် ရက်ဆက် လနဲ့ချီ၊ နှစ်နဲ့ချီပြီး ခိုးထုတ်ခဲ့ကြတာ။ ဘယ်နိုင်ငံသားတွေလဲ ဆိုတာ သိနေတာပဲ။ ဟိုတစ်လောက သစ်ကားစီးရေ (၂၀၀) ဖမ်းမိတယ်။ သစ်တောဦးစီးက ၀န်ထမ်း လေးဦး အသတ် ခံလိုက်ရတယ်။ ဘယ်သူ့လက်ချက်လဲ  သိသာနေတာပဲ။

ကျွန်တော်တို့ နိုင်ငံက မသိတာမှ မဟုတ်ဘဲ။ သိသိကြီးနဲ့ ခံနေရတာ။ ပြန်ပြီး တွန်းလှန်နိုင်စွမ်း မရှိလို့ စိတ်နာနာနဲ့ ခံနေရတယ်။ နိုင်ငံရဲ့ စီးပွားရေးကလည်း ချွတ်ခြုံကျ။ တပ်မတော်ကလည်း သူတို့နဲ့ယှဉ်နိုင်လောက်အောင် စစ်လက်နက်က မပြည့်စုံဘူး။

လက်ရှိ စစ်လက်နက်တွေ တောင်မှ သူတို့ ကူညီပါတယ်ဆိုတဲ့  မီးကျိုး မောင်းပျက်တွေ ဖြစ်နေမလား မသိဘူး။ ဒီတော့ သူပြုသမျှ နုရတဲ့ဘ၀မျိုး ရောက်နေခဲ့ကြရတယ်။ သွားလေသူ ဗိုလ်ချုပ်အောင်ဆန်း ပြောခဲ့တဲ့ စကားတွေကိုပဲ နားထဲမှာ ပြန်ပြီး ကြားယောင်နေတယ်။

““လက်သည်း ဆိတ်တော့ လက်ထိပ်နာ””ဆိုတဲ့ စကား ရှိပါတယ်။ ကိုယ့်နိုင်ငံက တရားဝင် တောင်းပန်ခဲ့ရတာကို တစိမ့်စိမ့်တွေးပြီး၊ တစိမ့်စိမ့် နာကြည်းနေမိ တယ်။ မြန်မာနိုင်ငံထဲက သယံဇာတ ပစ္စည်းတွေ ဆိုရင်လည်း စိတ်ရှိတိုင်း မွှေနှောက် ထုတ်ယူ သွားခဲ့ကြတယ်။ မြန်မာနိုင်ငံရဲ့ အကျိုးစီးပွား အတွက် မဖြစ်စလောက် အကူအညီပေးပြီး အဆီကိုစား၊ အသားကို မျိုခဲ့ကြတယ်။ အဲဒီ မဖြစ်စလောက် အကူအညီ ပေးတာကိုပဲ ကျေးဇူး အတင်ခံပြီး ယူခဲ့ကြရတယ်။ ကိုယ့်ဘက်က ညံ့တော့ ဒီလိုပဲ ခံခဲ့ကြရမှာပေါ့။

မြန်မာနိုင်ငံထဲမှာ လာပြီး အချုပ်အခြာ အာဏာကို ထိပါး နှောင့်ယှက်တာတွေ အများကြီး တွေ့နေရပါတယ်။ လက်ပံတောင်းတောင် ကြေးနီ စီမံကိန်းလို နေရာမျိုးမှာ သူတို့ အလံလွှင့်ပြီး ဗိုလ်ကျ နေတာတွေကိုလည်း ရင်နာနာနဲ့ ကြည့်နေခဲ့ရတယ်။ မြန်မာနိုင်ငံအနှံ့ တရားမ၀င် ၀င်ရောက် ကျူးကျော် နေထိုင်ပြီး စီးပွားရေး လုပ်စားနေတာတွေ။ လိုင်စင်မဲ့ စီးပွားရေး လုပ်ငန်း လုပ်ဆောင် နေတာတွေဟာ တစ်ဖက် နိုင်ငံနဲ့ တစ်နွှယ်ငင် တစ်စင်ပါ ဆိုရလောက်အောင် ပတ်သက်မှုတွေ ရှိနေတာပါပဲ။ ကျွန်တော်တို့ မြန်မာနိုင်ငံသားတွေ အားလုံး သိသိကြီးနဲ့ ရင်နဲ့မမျှအောင် ခံစား နေကြရပါတယ်။ ကိုယ့်အပေါ် စော်ကားနေမှန်း သိပါလျက်နဲ့ လက်တုံ့ပြန်ဖို့ ခက်နေတာကို ရင်နာမဆုံး ဖြစ်မိတယ်။

မြန်မာနိုင်ငံရဲ့ သမိုင်းကြောင်းကို နှိုက်က မကောင်းဘူး ထင်ပါတယ်။ တစ်ချိန်တုန်း ကတော့ အမျိုးဂုဏ် ဇာတိဂုဏ်တွေနဲ့ မော်ကြွား နိုင်ခဲ့ကြတယ်။ အနော်ရထာခေတ် ဦးတည်ဘွားရဲ့ နဖူးကို ထုံးသုံးချက် တားနိုင်ခဲ့တယ်။ ဆင်ဖြူရှင်ခေတ် တရုတ် စစ်တပ်ကြီးကို ဟန့်တား နိုင်ခဲ့တယ်။ လူအင်အား အဆမတန် များပြားပါတယ် ဆိုတဲ့ တရုတ် စစ်သည်တွေကို သွေးပျက်အောင် ဖျက်ဆီး ဟန့်တား နိုင်ခဲ့ကြတယ်။

သမိုင်းရဲ့ အတိတ် တစ်နေရာဆီက မြန်မာ့မော်ကွန်း သူရဲကောင်းကြီးတွေများ ရှိနေခဲ့ဦးမယ်ဆိုရင် ကျွန်တော်တို့ တစ်တွေကို ““လူရေး ညံ့လှချည်လား  ကွယ်ရို့””လို့ အပြစ် ဆိုနေမှာ အမှန်ပါပဲ။

ညံ့ကာမှ ညံ့ရော။ ကျွန်တော်တို့ ညံ့ခဲ့ကြတာ ကြာပါပြီ။ အင်္ဂလိပ်-မြန်မာ ပထမစစ်ပွဲ ကတည်းက ဆိုပါတော့။ အရင်းရှင် နယ်ချဲ့ စီးပွားရေး စနစ်ကြီး ကမ္ဘာတစ်ဝန်း ဖြန့်ကြက် လာလိုက်တာ အရှေ့ အိန်္ဒိယ ကျွန်းဆွယ် အထိ ရောက်လာပါရော့လား။ ပြင်သစ်၊ ဒတ်ခ်ျ၊ ပေါ်တူဂီ၊ အင်္ဂလိပ်တွေရဲ့ ကုမ္ပဏီတွေဟာ အရှေ့တောင် အာရှမှာ ခြေကုတ် ယူလာကြရင်း မြန်မာနိုင်ငံကို သွေးတိုး စမ်းခဲ့ကြတယ်။

 အင်္ဂလိပ်-မြန်မာ ပထမစစ် မဖြစ်ခင် ကာလ မြန်မာ့ နန်းတွင်းရေး ဟာလည်း စည်းလုံးမှု ပြိုကွဲနေတယ်။ နန်းမတော် မယ်နု အုပ်စုနဲ့ သာယာဝတီ မင်းသားတို့ရဲ့ ပဋိပက္ခကြောင့် အင်္ဂလိပ်ရဲ့ ရန်ကို တွန်းလှန်တဲ့ နေရာမှာ လစ်ဟာခဲ့ရတယ်။ စစ်သူကြီး မဟာဗန္ဓုလတို့ ဘယ်လောက်ပဲ သတ္တိကောင်းကောင်း၊ ဘယ်လောက်ပဲ စစ်ရေး ကျွမ်းကျင် ကျွမ်းကျင် ဘုရင်နဲ့ မိဖုရားရဲ့ ပံ့ပိုးမှုရေချိန် မကိုက်ခဲ့လို့ အင်္ဂလိပ်ကို နယ်မြေတချို့ ဖဲ့ပေးခဲ့ရတယ် မဟုတ်လား။

အင်္ဂလိပ်-မြန်မာ ဒုတိယ စစ်ပွဲမှာလည်း ဒီလိုပဲ။ ပုဂံမင်းရဲ့ အရည်အချင်း ညံ့ဖျင်းမှုကြောင့် မြန်မာနိုင်ငံ အလယ်ပိုင်း အထိ ပေးလိုက် ရပြန်တယ်။ အလောင်းဘုရား ထားရစ်ခဲ့တဲ့ မြန်မာနိုင်ငံဟာ အရည်အချင်း ညံ့ဖျင်းလှတဲ့ မင်းတွေရဲ့ လက်ထက်မှာ တဖြည်းဖြည်းနဲ့ လုံးပါးပါးလာခဲ့တယ်။  မင်းတုန်းမင်းနဲ့ ကနောင်မင်းသားတို့ လက်ထက် ရောက်တော့ ဟုတ်လိမ့်မလားလို့ မျှော်လင့်ချက်နဲ့ အားတက်ခဲ့မိတယ်။

ဒါပေမဲ့လည်း အာဏာရူးတဲ့ မင်းညီ မင်းသားတွေကြောင့် ကနောင် မင်းသားကြီး ရေတိမ် နစ်ခဲ့ရပြန်တယ်။ ကနောင်မင်းသား နတ်ရွာစံခြင်းဟာ မြန်မာနိုင်ငံသူ့ကျွန်ဖြစ်ဖို့ အကြောင်းတစ်ရပ် ဖြစ်လာခဲ့တယ်။ အထက် မြန်မာနိုင်ငံရယ်လို့သာ ကျန်တော့တဲ့ မြန်မာနိုင်ငံကို ကယ်တင်နိုင်မယ့် သူဆိုလို့ ကနောင် မင်းသားပဲ ရှိခဲ့တာပါ။ ခေတ်မီတဲ့ လက်နက် နိုင်ငံတစ်ရပ် ထူထောင်ပြီး အင်္ဂလိပ်ကို ပြန်တိုက်ဖို့ တာစူနေတဲ့ အိမ်ရှေ့ကိုယ်တော်ကြီးဟာ အမြော်အမြင် ကြီးမား လှပါပေတယ်။

ဒါပေမဲ့လည်း မြန်မာတွေ ညံ့ခဲ့ကြပါတယ်။ ကိုယ့်နိုင်ငံ ပြန်လည် ထူထောင်ရေးထက် အာဏာကို ငမ်းငမ်းတက် မက်ခဲ့ကြလို့ နန်းတွင်းရေးမှာ သွေးချောင်း စီးခဲ့ကြရတယ်။

ကိုယ့်အချင်းချင်း စည်းလုံး ညီညွတ်မှု မရှိမှတော့ ဘယ်သူက ရိုသေလေးစား ခန့်ညားပါဦးတော့မလဲ။ ဒီတော့ ဘုံဘေဘားမား သစ်ကုမ္ပဏီကလည်း သစ်တွေကို ပိုခုတ်ပြီး ခိုးထုတ် ခဲ့တယ်လေ။ သစ်ခိုးလို့ ခိုးပါတယ် ပြောတော့ မကျေနပ်ချင်ဘူး။ ဒဏ်တပ်တော့ အတပ် မခံဘူး။ အင်္ဂလိပ် အစိုးရဆီကို တိုင်တယ်။

အင်္ဂလိပ် အစိုးရကလည်း မြန်မာပြည်ကို သိမ်းပိုက်ဖို့ အကွက် စောင့်နေခဲ့တယ်။ ဘုံဘေဘားမား သစ်ကိစ္စနဲ့ ပတ်သက်ပြီး ပြဿနာ မဟုတ် ပြဿနာ လုပ်လာခဲ့တယ်။ ရာဇသံတွေ ပေးလာတယ်။ ဘယ်လောက် အထိ မြန်မာ့ အချုပ်အခြာ အာဏာကို ထိပါး စော်ကားလာသလည်း ဆိုရင် အင်္ဂလိပ် ကိုယ်စားလှယ်တွေ ဘုရင့် ရှေ့တော်မှောက် ၀င်ရောက်တဲ့ အခါ ဖိနပ်စီးပြီး ဓားကိုင်ခွင့် ပေးရမယ်လို့ ဆိုလာတယ်။

နောက်ပြီး အင်္ဂလိပ်မင်းတို့ သဘောတူ ခွင့်ပြုချက် မရဘဲ မြန်မာ အစိုးရဟာ ဘယ်နိုင်ငံနဲ့မှ မဆက်ဆံရဘူးလို့ တောင်းဆိုလာတယ်။ ဒါနဲ့တင် မလုံလောက်သေးလို့ ထင်ပါရဲ့။  မြန်မာ အစိုးရက ပြန်လည် ဖြေရှင်း တင်ပြ တောင်းဆိုခြင်းကို လုံးဝ လက်မခံဘူးလို့ အပြတ်ငြင်းတဲ့ ရာဇသံတွေ ပေးလာပါတယ်။  မြန်မာအစိုးရ အနေနဲ့ သစ်ခိုး ထုတ်တာကို လက်ပူး လက်ကြပ်မိနေပါ လျက်နဲ့ နောက်ဆုံး အရေး မယူတော့ပါဘူး၊ ကျေအေးပါ မယ်လို့ ပြန်ပြီး တောင်းပန် လိုက်ရတဲ့အထိ ရာဇဣနြေ္ဒ ပျက်ခဲ့ရပါတယ်။

အပြစ်ရှာလိုသူထံမှ ဆင်ခြေပေးလို့ မရနိုင်ပါဘူး။ အင်္ဂလိပ်ဟာ မြန်မာနိုင်ငံကို အပြီးတိုင် သိမ်းပိုက်ဖို့ အခြေအနေ ကောင်းကို စောင့်နေတဲ့ သူတွေပါ။ အကြောင်းတိုက်ဆိုင် လာပြီဆိုတာနဲ့ ရာဇသံပေးပြီး စစ်သဘောင်္တွေနဲ့ ချီတက်ခဲ့ကြတယ်။

မြန်မာဘုရင် အစိုးရက ဘယ်လောက်ပဲ လိုက်လျော လိုက်လျော နားမ၀င်တော့ပါဘူး။ မတရား ကျူးကျော်စော်ကား သိမ်းပိုက် လိုက်ပါတော့တယ်။ မြန်မာသမိုင်းမှာ အဲဒီအတိုင်း အမှန် ဖြစ်ခဲ့ပါတယ်။ မြန်မာနိုင်ငံကို ၀င်ရောက်သိမ်းပိုက်ချင်တဲ့ ဆန္ဒတွေနဲ့ အပစ်တွေ ရှာနေကြပါတယ်။ တစ်စိတ်ကို တစ်အိတ် လုပ်နေကြပါပြီ ။ ကိုယ်မှားတဲ့ အမှားကိုကြတော့ ဆိတ်သားရေနှင့် ဖုံးဖိခဲ့ကြပြီး မြန်မာနိုင်ငံရဲ့ အမှားကိုတော့ ခွင့်မလွတ်နိုင်အောင် ဒေါသပုန် ထနေကြပါပြီ။

ကျွန်တော်တို့ တစ်တွေ အများကြီး သတိထားရ ပါတော့မယ်။ ကိုယ့်နိုင်ငံ အတွင်းကို အချိန်မရွေး ၀င်ရောက် လာနိုင်ပါတယ်။ ဒီလိုဝင်ရောက် ခဲ့တာမျိုးကိုလည်း ကဗ္ဘာ့သမိုင်းမှာ တွေ့ဖူးကြမှာပါ။

တိဗက်ကို တရုတ်တွေ ၀င်ခဲ့ဖူးတယ်။ အာဖဂန်နစ္စတန်ကို ရရှားတွေ ၀င်ခဲ့ဖူးတယ်။ ကူဝိတ်ကို အီရတ်တပ်တွေ ၀င်ခဲ့ဖူးတယ်။ ယူကရိန်း နယ်ထဲကို ရရှားတွေ ၀င်ရောက်ခဲ့ဖူးတယ်။ တကယ်လို့များ ကျွန်တော်တို့ နိုင်ငံထဲကို အိမ်ပြပြီး ၀င်ရောက် လာခဲ့မယ် ဆိုပါတော့ ကျွန်တော်တို့ ဘာတွေ ပြင်ဆင်ထားကြဖို့ လိုမလဲ ဆိုတာ နဖူးပေါ် လက်တင်ပြီးတော့သာ စဉ်းစားထားကြ ပါကုန်လော့…။
သိန်းမြင့်ညို (ချောက်)
The Messenger Media

0 comments:

Post a Comment