Thursday, March 12, 2015

လက်ပတ်နီဝတ် အရပ်သားသုံးဖြိုခွင်းမှု စုံစမ်းရေးကော်မရှင်ဖွဲ့၊ မတ်လ ၃၁ ရက်နေ့ သမ္မတထံ အစီရင်ခံရမည်

ရန်ကုန်၊ မတ် ၁၁
အမျိုးသားပညာရေး ဥပဒေ ပြင်ဆင်ရေးအတွက် သပိတ်မှောက် ကျောင်းသားများကို အကြမ်းမဖက်ရန် ရန်ကုန်မြို့လယ် မြို့တော်ခန်းမအနီး ဆန္ဒထုတ်ဖော်သူများကို လက်ပတ်နီဝတ် အရပ်သားများ အသုံးပြုပြီး ဖြိုခွင်းခြင်းမှာ ဥပဒေနှင့် ညီညွှတ်မှု ရှိမရှိ စစ်ဆေးရန် စုံစမ်းရေးကော်မရှင်ကို ဖွဲ့စည်းလိုက်ပြီး မတ်လ ၃၁ ရက်နေ့တွင် နိုင်ငံတော်သမ္မတထံ အစီရင်ခံစာ တင်ရမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတရုံးက ထုတ်ပြန်လိုက်သည်။

မတ်လ ၁၀ ရက်နေ့က ဖွဲ့စည်းလိုက်သည့် အဆိုပါ စုံစမ်းစစ်ဆေးရေးကော်မရှင်တွင် ပြည်ထဲရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်မှူးချုပ် ကျော်ကျော်ထွန်းက ဥက္ကဋ္ဌအဖြစ် တာဝန်ယူပြီး စုစုပေါင်း ငါးဦး ပါဝင်သည်။

ထို့အပြင် ထုတ်ပြန်ချက်အတွင်း စုံစမ်းစစ်ဆေးရေး ကော်မရှင်က လက်ပတ်နီပတ် အရပ်ဝတ်များ အသုံးပြု၍ ဆန္ဒထုတ်ဖော်သူများကို ဖြိုခွင်းခြင်းသည် ဥပဒေနှင့် ညီညွတ်မှု ရှိ၊ မရှိ စစ်ဆေးပြီး အလားတူဖြစ်စဉ်များ ထပ်မံမဖြစ်ပွားရေး ကြိုတင်ကာကွယ်ဆောင်ရွက်သင့်သည့် အကြံပြုချက်များ နိုင်ငံတော်သမ္မတထံ တင်ပြရမည်ဟု ပါရှိသည်။

“ကျွန်တော်တို့ ဒီကိစ္စကို ဘယ်လောက်အထိ အစိုးရက ကိုင်တွယ်နိုင်မလဲ စောင့်ကြည့်ရမှာပေါ့။ ကျွန်တော်တို့လည်း တောင်းဆိုထားတာပဲ။ ဘယ်လိုဖြေရှင်းချက်ပေးမလဲ ဆိုတာကို စောင့်ရမယ်။ လေးလေးနက်နက် စုံစမ်းဖို့ကိုလည်း မျှော်လင့်ပါတယ်” ဟု ၈၈ မျိုးဆက်ကျောင်းသား ဦးမြအေးက ဆိုသည်။

အမျိုးသားပညာရေး ဥပဒေကြမ်းကို ပြင်ဆင်ရေး ကျောင်းသားသပိတ်များကို အစိုးရက အကြမ်းမဖက်ရေးအတွက် တက္ကသိုလ်ကျောင်းသားသမဂ္ဂ အဖွဲ့ဝင်များက ဆန္ဒထုတ်ဖော်ခြင်းကို မတ်လ ၅ ရက်နေ့ ညနေပိုင်းတွင် တာဝန်လက်ပတ်ဝတ် အရပ်ဝတ်များနှင့် ရဲတပ်ဖွဲ့ဝင်များက အင်အားသုံး အကြမ်းဖက် ရိုက်နှက်ဖြိုခွဲပြီး ၈၈ ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ အဖွဲ့ဝင် သုံးဦးနှင့် ကျောင်းသားငါးဦးကို ဖမ်းဆီးထိန်းသိမ်းခဲ့သည်။

ယင်းနောက် မတ်လ ၆ ရက်နေ့ နံနက်ပိုင်းတွင် ဖမ်းဆီးခံရသူများကို ရန်ကင်းမြို့နယ် ရဲတပ်ဖွဲ့စခန်းက ပြန်လွှတ်ပေးသော်လည်း လက်ပတ်နီဝတ် အရပ်သားများ အသုံးပြုခြင်းသည် ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေများနှင့် ညီညွှတ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြင့်ဆွေက ပြောကြားထားသည်။

သို့သော်လည်း ကိုလိုနီခေတ်တွင် ပြဋ္ဌာန်းခဲ့သော ဥပဒေ ပုဒ်မများကို လိုရာဆွဲပြီး ကိုင်တွယ်ဖြေရှင်းမှုအပေါ် လက်မခံကြောင်းနှင့် အစိုးရက တာဝန်ယူ စုံစမ်းပြီးနောက် ဖြေရှင်းချက်ထုတ်ရမည် ဖြစ်ကြောင်း ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်များက တိုက်တွန်းပြောကြားထားသည်။
The Voice Weekly

0 comments:

Post a Comment