Wednesday, February 11, 2015

ရန်ကုန်ချီ ကျောင်းသားသပိတ်တပ်ကြီးဘွဲ့

ရန်ကုန်ချီ ကျောင်းသားသပိတ်တပ်ကြီးဘွဲ့
============================

( ၁ )
သြော် ... မင်္ဂလာအပေါင်းတွေနဲ့
အစဉ်အလာဒေါင်းတွေလားကွဲ့ 
သြောင်း ... ဓားသွေးကြ
မြားရွေးကြ
အားမွေးကြ
ဒေါင်းတရားတေးဓမ္မနဲ့
ဆွေးတသသ
ဖေးတမမ
ကလေးကအစ
ခွေးကအစ
အေး ... ရရင်ရ
မရရင်ချ
ဘဝက အသိကိုပြဋ္ဌာန်း
(ရန်သူက တိုက်ပွဲပုံသဏ္ဌာန်ကိုပြဋ္ဌာန်း)
အဓိပတိလမ်းပေါ်ကလည်း
'ဆန်း'နဲ့'ဟိန်း'ကို
ရမ်းရော် မှန်းမျှော်မိပါရဲ့ 
ကြမ်းကြမ်းထော်ထော် စတေးခဲ့ရတဲ့
သွေးနဲ့မျက်ရည်ကိုလည်း
ခွေးကတက်ကနေ ရောင်းမစားခဲ့ကြတဲ့
အကောင်းစား ကျောင်းသားလေးတွေကိုဖြင့်
အားပေးမဟဲ့
အားပေးလိုက်မဟဲ့လို့
အားဆေးတွေ မျိုမျိုပြီး
ဟောဒီ ကဗျာအိုကြီးအိုမကောင်
အောင်ဝေး ကလည်း
မောင်ကလေးတို့ကို
ယခေါင်ရှေးက 'မှိုင်း' အလေးပြုသလို
ကိုင်း ... အရေးဂရုပြုလိုက်ပါရဲ့ 
တိုက်ရဲသူသာ အောင်ပွဲခံစတမ်း
တစ်သွေးတစ်သံတစ်မိန့်နဲ့
တစ်ဗိုလ်ကျ တစ်ဗိုလ်တက်
သံမဏိထက်မာတဲ့ အသည်းနှလုံးတွေက
ခရီးအဆုံးအထိ
စည်းရုံးစုစည်းကာ နေ ... ။ ။

( ၂ )
'အရေးတော်ပုံ အောင်ပါစေ'
'အရေးတော်ပုံ အောင်ပါစေ'
တောတောင်ရေမြေ
လှည်းနေလှေအောင်း၊ မြင်းဇောင်းမကျန်
သံလွင်၊ စစ်တောင်း၊ ပေါင်းလောင်းမချန်
သပိတ်တပ်ပေါင်း၊ ချွေးချောင်းစီးသံ
ရန်ကုန်ကြောင်း၊ ခွပ်ဒေါင်းချီကြပြန်ပကွဲ့ 
ဂီတသံ တော်လှန်သီချင်းတွေနဲ့
တိုက်ပွဲခေါ်သံ အော်သံပြင်းချေပေါ့
ြေ>ွမမှန်ရင် တွင်းဝင်ဖြောင့်မှာပဲ
တို့အသည်းကယုံကြည်
ကျောင်းသားပြည်သူ စုံညီ
မန္တလာ- ဒဂုံ ချီကြ
ကန္တာ ဝသုန်ဆီက
ဥုံ ... နီနီ ဒေါင်းအလံ တလူလူနဲ့
ဗုံ ညီညီ မောင်းသံ တဆူဆူပေါ့
ဘယ်သူ တားမလဲ
ဘယ်သူ တားရဲသလဲ
တရားလည်းစောင့်
မြားလည်းဖြောင့်
လောကအမှောင့်
ကြိုးဝိုင်းထောင့်မှာ
ညာဖြောင့်လက်သီး
ဝှီးခနဲ ဝင်လာသလို
အစဉ်အလာကိုထောက်
အို ... ဘာကိုကြောက်ရမလဲ
မြင်းခွာတစ်ချက်ပေါက်ရင်
မီးဟုန်းဟုန်းတောက်မှာပဲ
သွေးသောက်ရယ် စုံစုံညီနဲ့
ကဲ ... ဒီမှာလည်း
ထားဝယ်- ရန်ကုန် ချီကြပြန်သနဲ့
အဆန်ကြောင်း
အစုန်ကြောင်း
အကုန်ပေါင်းရင်တောင်
အပ်တိုတစ်ချောင်း မပါလေတော့
(ရဲဘော်တို့ရဲ့)
မောင်းပြန်ပစ်စရာ မရှိတာမို့
သြောင်း ... အရဟံ သစ္စာကတိတွေနဲ့
ဒေါင်း သရဏံ ဂစ္ဆာမိကြပေတော့
အမိအာဂ တရားမြေသီလာမှာ
အတိဇာတသားတွေ ညီညာလိုက်ပုံက
အကုန်ရရင်ရ
မရရင် ဘာမှမလိုချင်ဘူးတဲ့
(အောင်သောင်းဦးရေ ... )
တပ်ဦးမှာ အောင်လံတွေဝဲပြန်ပေါ့
ရဲတဲ့ အိုးဝေ။ ။

( ၃ )
သြော် ... အရေးတော်ပုံဆိုတာ
ကျောင်းသားအတွေးအခေါ်အဟုန်က စရတာပဲ
ကျနစွာယုံပါ
ဒဂုန်တာရာပြောခဲ့သလို
ကောက်ရိတ်ပွဲတော် နွှဲပျော်ဖို့
နွေဦးကိုကြိုပါစို့ ရဲဘော်တို့ရယ်
ရဲဘော်တို့သွေးခရီးမှာ
အရေးအကြီးဆုံးက
စည်းကမ်းရှိဖို့နဲ့
ညီညွတ်ဖို့ပဲ
မညွှတ်ဦးခေါင်း
အတောင်မညောင်းတဲ့
ဒေါင်းတို့ရဲ့ ခရီး
အတွင်းစည်းထဲမှာ
သပ်လျှိုခွဲမယ့်ဒလန်
ပဉ္စမံတွေ အဝင်မခံနဲ့
ကလေကချေ
လန်ပန်တွေလည်း အဝင်မခံလေနဲ့
ဒါ ... မုန်တိုင်းထန်ချိန်
တို့နိုင်ငံရေးလုပ်နေတာ
ဟုတ်တယ်
ကျောင်းသားတွေ နိုင်ငံရေးမလုပ်ရင်
သူတောင်းစားတွေ သမ္မတဖြစ်ကုန်မှာပေါ့
ဒါ ... ခေတ်ပုံလွှာပြယုဂ်
နောက်မဆုတ်တမ်း
ချီရာလမ်းမှာ
ပန်း ခင်းမထားဘူး
ခြေလှမ်းများ တရားဖြစ်စေ
ဓားအိမ်က ဓားကိုငတ်သလို
ငါတို့ဟာ အနာဂတ်ကိုငတ်ခဲ့
ထလော့
အငတ်ဘေးကျရောက်သူတွေ
ထလော့
ငါတို့ဟာ
ရာဇဝင်ကိုလည်းဖြတ်ခဲ့ကြပေါ့
ကြည့်စမ်း -
ကတ္တရာလမ်းပူပူမှာ
သနပ်ခါးထူထူနဲ့
ကျောင်းသူကလေး
တပ်ဦးထိပ်မှာ လက်ချင်းချိတ်လို့
မိတ်ကပ် မလိမ်းမခြယ်နဲ့
စိတ်ဓာတ် မတိမ်းမပြယ်တဲ့
မိန်းမငယ်ကလေး
ဟယ် ... မိန်းမလည် သိန်ြး<ွကယ်အစိုးရ
ကျဆုံးရမတဲ့
ရဲဘော်တို့
လာ စုရုံးကြဟေ
အဆုံးသတ်တိုက်ပွဲ နွှဲမယ်လေ ... တဲ့
ကွယ် ... အင်တာနေရှင်နယ်တေးတဝေဝေနဲ့
အရေးတော်ပုံရေရှည်ခရီးမှာ
သွေးသစ်ဝေလို့ ချွေးမြစ်ရေသွင်သွင်စီး
အို ... ကျောင်းအမရဲ့
ဒေါင်း ဘာ့ကြောင့် ဘာ့ကြောင့် တွန်ချေသနည်း။

( ၄ )
ဘော ... အို ရဲသွေး
လာမယ့်ဘေး ပြေးတွေ့ 
အမေကမွေး ထောင်ကကျွေး
တို့ကျောင်းသားတွေ ညီရဲ့လားဟေ့
ညီတယ်ဟေ့ ညီတယ်ဟေ့ တဲ့
ချီလေတဲ့ ချီလေ
(ကန်မြဲကိုအေးကျော်ရေ ...)
ကျုပ်မောင်တွေ တောင်သာကိုကျော်ခဲ့ပေါ့
တောင်သာကို ဆရာဂျမ်း(ဦးတင်မိုး)စောင့်တယ်
နပျင်း(နွားပျင်း)တောင်ကြားဆိုတဲ့
ဟောဒီ သူရဲကောင်းတောင်ကြားကို
နောင်များဖြင့် မောင်သွားရင်
မရှောင်မရှား ဒေါင်းများမသွေမဖောက်
ကျောင်းသားခြေထောက်နဲ့
နင်းလျှောက်ခဲ့တဲ့ ကတ္တရာလမ်း
မင်းအရင်အလေးပြုပြီးမှ ဖြတ်သန်းရတော့မယ်
ငါ့ညီ ကြည်ဇော်အေးရဲ့
ရွှေပြည်တော် မျှော်တိုင်း မဝေးပြီလ
ရေကန်သာ ကြာတိုင်း အေးရမပေါ့
တို့ကဗျာသမိုင်း မကွေးရအောင်လေ
ဟေး ... ရဲခေါင်တွေလာချေပေါ့
ဝဲလောင်မှာ ဝဲလောင်မှာ
ဗိုလ်ရာညွန့်က ကြိုသတဲ့
လက်မရွံ့ အသက်စွန့် မောင်တွေကိုလေ
အောင်ပါစေ အောင်ပါစေ သပြေပန်းတွေနဲ့
နောင်တာရှည် မသွေတမ်းပေါ့
လမ်းဆက်လျှောက်မယ် လမ်းဆက်လျှောက်မယ်
ပုပ္ပား
ကျောက်ပန်းတောင်း
ရေနံချောင်း
အို ... ဒေါင်းနေချောင်းမှာ
ဒေါင်းတွေ ပေါင်းဆုံကြမတဲ့
ကောင်းကျိုးအထွေထွေရယ်နဲ့ ချွန်စေမြစေစော
ဒေါင်းအိုးဝေရယ်လို့တွန်စေကစေသောဟဲ့
ဟော ... ပခုက္ကူ စစ်ကူသံရွမ်းပြန်ပေါ့
ခေတ်က တွန်းဆော်နေမှတော့
မြစ်ဝကျွန်းပေါ် ရဲဘော်တွေကလည်း
တိုက်ပွဲခေါ်သံပေးပြီပေါ့
သြော် ... အောင်မှိုင်းဆန်းတို့
နန္ဒစစ်အောင်တို့ရေ ...
နေပြည်တော်မှာ ဆွေးနွေးတာလည်း
ဆွေးနွေးတာပေါ့ကွာ
ဆွေးနွေးရုံနဲ့တော့
သွေးကြွေး မကုန်နိုင်ဘူးကွ
အရေးတော်ပုံ
ယုံကြည်ရင် ရဲရဲဖြတ်
ရန်- ငါ မပြတ်လို့
သံဃာလည်း အသတ်ခံရပြီးပြီ
(ရဲဘော်ကြီး မင်းသွေးသစ်ရေ ...
ရဲဘော်လေး မပိုပိုရေ ...)
အပစ်ရပ်လို့လည်း
အပြတ်ရစ် ခံကြရပြီ
တို့တော်လှန်ရေးခရီး
အရေးကြီးပြီပေါ့
သွေးစည်းကြ သွေးနီးကြ
အဝေး အနီးက ရဲဘော်အပေါင်း
ခွပ်ဒေါင်းတွေ ညီညာလှမ်းကြတော့
အောင်ပွဲသို့ ချီရာ
မန္တလာ- ဒဂုံ
ကန္တာ ရဂုံ
ဟောဒီ ခေတ်သစ်စုံမြိုင် တောလားခရီးကြမ်းမှာ
မညည်းစတမ်း
အပြီးလှမ်းကြဖို့
ညီညွတ်ရေး စည်းကမ်းတွေ
တစ်နည်းတစ်လမ်း တိုးတိုးပြီး
(မျိုးတေဇာမောင်ရေ ...)
မုဆိုးချုံကလည်း လချောင်းတည်း
(နွယ်ဦးလှိုင်ရေ ...)
သီးမျိုးခိုင်ညှာလည်း လြ>ွပတ်တည်း
(ညီလေးစံညိမ်းဦးရေ ...)
ဘီလူးသွားကိုလည်း လဖြဲတည်း။ ။

အောင်ဝေး
ဇန်နဝါရီ ၂၈-၂ဝ၁၅။
ကဗျာဆရာရဲ့ ကဗျာဥာဏ်ကို
ချီးကျူးလေးစားသောအားဖြင့်
Yangon Media Group

0 comments:

Post a Comment