Thursday, January 15, 2015

“ကျမ ရင်နာရလွန်းလို့ မတင်ချင်ခဲ့တဲ့ သတင်း”

( အဲ့ဒါ ပြည်သူ့တပ်မတော်သား ဆိုသူတွေရဲ့ လုပ်ရပ်လား …. ဒါမှမဟုတ် …. ခပ်ညံ့ညံ့ တီဗီဇာတ်လမ်းထဲ က သူပုန်တွရဲ့ လုပ်ရပ်မျိုးလား …. )

ပဲခူးတိုင်း၊ အင်းတကော်မြို့နယ်က လက်နက်ခဲယမ်းမီးကျောက်တပ်(CAD)ရဲ့ အသိမ်းဆည်းခံရတဲ့ လယ် ယာမြေတွေနဲ့ပတ်သက်လို့တော့ အတော်များများ သိကြပြီးဖြစ်လိမ့်မယ်လို့ ထင်ပါတယ်။ နှစ်ပေါင်းနှစ် ရာကျော်မက တည်ရှိခဲ့တဲ့ ကျေးရွာတစ်ရွာကို လက်လွတ်စပ္ပါယ် အဓမ္မသိမ်းယူပြီး၊ ဒေသခံမူလ ပိုင်ရှင်တွေ ကို တရားခံတွေလိုလို၊ ကျူးကျော် သူတွေလိုလို ဆက်ဆံလာခဲ့တာ နှစ်ပေါင်းများစွာပါပဲ။ ဒေသခံတွေခမျာ ဌာနဆိုင်ရာ အဖွဲ့အစည်း အဆင့်ဆင့်ရဲ့ အမျိုးမျိုးသော လိမ်ညာလှည့်ဖျားမှု တွေကိုပဲ ကြုံတွေ့ရရင်း မင်းဘေး ဆိုတာကို နှစ်ပေါင်းများစွာ ခါးစည်းလို့ ခံခဲ့ကြရပါတယ်။

အခုဖြစ်ရပ်ကို ဖြစ်ဖြစ်ချင်းမှာပဲ ကျမဆီလှမ်းပြောကြပေမဲ့ ကျမရဲ့ ရင်ထဲမှာ နာကျင်ရလွန်းလို့ ဘယ်သူ့ကို မှ ပြောပြချင်စိတ်မရှိ။ ပြန်တောင် တွေးလိုစိတ် မရှိတာမို့ ဘာမှလည်းမတင်ဖြစ်ခဲ့ပါဘူး။ ဒါပေမဲ့ မပြောပြန် ရင်လည်း တာဝန် မကျေရာ ကျမှာမို့၊ အခုတော့ ရင်နာနာနဲ့ပဲ တင်ပြလိုက်ရပါပြီ။

ပြီးခဲ့တဲ့ ဇန်န၀ါရီလ(၈)ရက်နေ့၊ ညသန်းခေါင်ကျော်(၁း၀၀)နာရီအချိန်မှာ၊ CAD တပ်က စစ်သား(၃၀)ခန့်ဟာ ဂုံညင်းတန်းကျေးရွာက ဦးမောင်ကြီးရဲ့ နေအိမ်ကို ၀ိုင်းဝန်းပိတ်ဆို့ခဲ့ကြပါတယ်။ မြေပုံအရဆိုရင် စစ်တပ်က အဓမ္မ သိမ်းဆည်းထားတဲ့မြေနဲ့ လွတ်ကင်းနေတဲ့အတွက် ဦးမောင်ကြီးက မပြောင်း ရွှေ့ဘဲ နေနေတာပါ။ ဒါ့ကြောင့် အဲဒီ့အနီးနားမှာ ဦးမောင်ကြီးရဲ့နေအိမ် တစ်လုံးပဲ ရှိနေပါတယ်။

အဲဒီ့ညမှာ CAD တပ်က စစ်သားတွေရောက်လာပြီး၊ အိမ်ပေါ်မှာ ရှိနေကြတဲ့ ဦးမောင်ကြီး၊ ဦးစိန်ကုလား၊ ဦးကရင်တို့ကို အိပ်ယာထဲက အတင်းဆွဲထုတ်၊ စစ်ဖိနပ်တွေနဲ့ လှိမ့်ကန်ပြီး၊ ကိုယ့်ပုဆိုးနဲ့ ကိုယ့်မျက်နှာကို စည်းပြီး လက်ပြန် ကြိုး တုတ်ကြပါတယ်။ ပြီးတော့ အိမ်ပေါ်ကနေ အတင်းစွဲချပြီး မှောင်ကြီး မည်းမည်း ထဲမှာ မျက်နှာစည်းလျက်က ပြေးခိုင်းပါတယ်။ စစ်သားတွေက အနောက်ကနေ ၀ိုင်းလိုက်ကြပါတယ်။ မိရင် ၀ိုင်းရိုက်ကြပါတယ်။ လဲရင် လှိမ့်ကန်ပါတယ်။ ဝေးသွားရင် လေးခွနဲ့ လှမ်းပစ်ပါတယ်။

မှောင်ကြီးမည်းမည်းထဲ ဦးမောင်ကြီးတို့ မမြင်မစမ်းနဲ့ပြေးလို့ အဝေးရောက်တဲ့ အခါမှာ စစ်သားတချို့က ဦးမောင်ကြီးရဲ့ နေအိမ်ကို ဖျက်ဆီးကြပါတယ်။ ထပ်မေးပါရစေ …. အဲ့ဒါ ပြည်သူ့တပ်မတော်သားတွေရဲ့ လုပ်ရပ်လား …. ခပ်ညံ့ညံ့တီဗီဇာတ်လမ်းထဲက သူပုန်တွရဲ့ လုပ်ရပ်လား …. ။

အိမ်မှာ ကျန်ရစ်ခဲ့ရတဲ့ မိန်းမသားတွေခမျာမှာတော့ အိမ်ကို တစ်စစီဖျက်ဆီး နေတဲ့ စစ်သားတွေကိုလည်း မတားဆီးရဲ၊ မြင်မကောင်းရှုမကောင်း ၀တ်လစ် စလစ် ပြေးထွက်သွားကြရတဲ့ ကိုယ့်ယောင်္ကျားတွနောက် ကိုလည်း မလိုက်ရဲ။ မိန်းမသားချင်းမို့ သူတို့တတွေဘယ်လို ခံစားကြရမယ်ဆိုတာ ခန့်မှန်းရမှာ တောင် မ၀ံ့ရဲစရာအဖြစ်ပါ။

မိန်းမသားတွေခမျာ တစ်စစီဖြစ်သွားတဲ့ အပျက်းဆီးပုံတွေနား ထိုင်နေရာက၊ နံနက်(၃း၀၀)နာရီလောက် စစ်သားဆိုသူတွေ ပြန်သွားတဲ့အခါ၊ ဘယ်ဆီ ရောက်လို့ ရောက်မှန်းမသိ၊ သေသလား ရှင်သလား မသိရတဲ့ ယောင်္ကျား တွေအတွက် ပဲခူးတိုင်း၊ အင်းတကော်ရဲစခန်းကို သတင်းပို့ရင်း တိုင်ချက်ဖွင့် ပါတယ်။ အဲဒီ့အချိန်မှာ တာဝန်ကျ ရဲအရာရှိရဲ့တုန့်ပြန်ပုံကတော့ “အခင်းဖြစ် နေရာဟာ စစ်တပ်ပိုင်နယ်မြေ ဖြစ် တာကြောင့် သူတို့ မလိုက်နိုင်ကြောင်း၊ မနက်ကျမှ လာရောက်နိုင်မယ်ဖြစ်ကြောင်း”ပါပဲ။ ဒါပေမဲ့ မနက် ကျတော့လည်း ရောက်မလာပါဘူး။ မိသားစုတွေခမျာ အင်းတကော်ရဲစခန်းကနေ စိတ်မ ကောင်းစွာ နဲ့ ပြန်လာခဲ့ ကြရပေမယ့်၊ ကိုယ့်မိသားစုဆိုတော့လည်း အသက် စွန့်ပြီး လိုက်လံရှာဖွေကြရပါတယ်။ နာမည်တွေ တကြော်ကြော်ဟစ်ခေါ်ရင်း၊ လယ်ကွင်းတွေ လျှိုမြောင်တွေ ဖြတ်ကျော်ရင်း၊ တစ်ကုန်းတက်လို့ တစ် တောင်ကျော်ရင်း ….။

မနက်(၅း၀၀)ထိုးမှ အိမ်ကနေ တစ်မိုင်ကျော်လောက်အကွာ ရွှံ့နွံတောထဲမှာ ဦးမောင်ကြီးတို့ကို ရှာတွေ့ ခဲ့ကြပါတယ်။ ရွှံ့နွံအိုင်ထဲမှာ သေချင်ယောင် ဆောင်ပြီး ပုန်းခိုနေကြရတာပါ။ အရိုက်နှက်ခံထားရတဲ့ ဒဏ် ရာတွေလည်း ရထားလို့၊ ဦးမောင်ကြီး အပါအ၀င်(၄)ယောက်ကို ဆေးရုံတင်ခဲ့ရပါတယ်။ ရဲတစ်ယောက် ကတော့ နေ့လည်ဘက်ကျမှ ဆေးရုံကိုရောက်လာပါတယ်။ ဒါပေမဲ့ စစ်ချက်တောင်မယူပါဘူး။ လူမမာ လာကြည့်တာလို့ပဲ ပြောပါတယ်။

ကဲ …. ဒီလိုပြဿနာတွေကို ကျမတို့ရဲ့ အင်အားလေးနဲ့ ဘယ်လို အကာအ ကွယ်ပေးနိုင်ကြမလဲ။ ဘယ်လိုတား ဆီးနိုင်ကြမလဲ။ အမှန်တကယ်ဆိုရင် သူတို့တတွေကို အကာအကွယ်ပေးနိုင်သူနဲ့ တာဝန်အရှိဆုံးသူဟာ လက်ရှိ အစိုးရပါ။ အစိုးရက အစိုးရရဲ့အလုပ်ကို မလုပ်သရွေ့၊ ကိုယ့်တာဝန် ကိုယ်မ ကျေသရွေ့၊ ကိုယ့်ကို ကိုယ် ဒီမိုကရေစီအစိုးရဟန် ဆောင်နေသရွေ့၊ ကျမတို့ နိုင်ငံသူ၊ နိုင်ငံသားတွေအားလုံး အခက်အခဲ အကြပ်အတည်းမျိုးစုံနဲ့၊ ဆင်းရဲ ဒုက္ခအပေါင်းကနေ ရုန်းထွက်နိုင်ကြဦးမှာ မဟုတ်ပါဘူး …. ။
(မစုစုနွေး)
https://www.facebook.com/susu.nway/posts/601403226657467

0 comments:

Post a Comment