Thursday, January 29, 2015

မြန်မာသင်္ဘောသား သုံးသောင်းကျော် အလုပ်လက်မဲ့ဖြစ်

ရန်ကုန်၊ ဇန်နဝါရီ ၂၉
နိုင်ငံတကာ ပင်လယ်ကူး သင်္ဘောလိုင်းများတွင် တာဝန်ထမ်းဆောင်ရန် သင်္ဘောသား အလုပ်အကိုင်အတွက် တရားဝင် မှတ်ပုံတင်ထားသူ မြန်မာနိုင်ငံသား သင်္ဘောသား သုံးသောင်းကျော်မှာ အလုပ်လက်မဲ့ ဖြစ်နေသေးကြောင်း ရေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ထားသည်။

ပြည်တွင်းတွင် သင်္ဘောသား မှတ်ပုံတင် စတင်ထုတ်ပေးချိန်မှစ၍ လက်ရှိအချိန်အထိ မှတ်ပုံတင်ထားသူ ၉၆၀၀၀ တွင် ၆၀၀၀၀ ကျော်မှ နိုင်ငံတကာ သင်္ဘောလိုင်းများတွင် တာဝန် ထမ်းဆောင်နေသော်လည်း ၃၀၀၀၀ ကျော်မှာ အလုပ်မရရှိသေးကြောင်း ရေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန၊ အင်ဂျင်နီယာဌာနမှ ညွှန်ကြားရေးမှူး ဦးစိုးနိုင်က ပြောကြားသည်။
“အလုပ်ခန့်မယ်သူတွေ၊ ပိုင်ရှင်တွေ၊ ကုမ္ပဏီတွေက အင်မတန် လူရွေးတယ်၊ လူသစ်ဆိုရင် အတွေ့အကြုံမရှိလို့ မခန့်ချင်ဘူး” ဟု ၎င်းကဆိုသည်။

မှတ်ပုံတင်ထား၍ သင်္ဘောသား အလုပ်အကိုင်ရရှိရန် စောင့်ဆိုင်းနေသူ ဦးရေနှင့် အလုပ်မှာ မမျှမတ ဖြစ်နေပြီး ဘာသာစကား ကျွမ်းကျင်မှု အားနည်းသဖြင့် နိုင်ငံတကာ သင်္ဘောလိုင်းများက မြန်မာနိုင်ငံ သင်္ဘောသားများကို အလုပ်ခန့်အပ်ချင်သူ နည်းကြောင်း သင်္ဘောသားများထံမှ သိရှိရသည်။

“လူတိုင်း သင်္ဘောသားဖြစ်လို့ ရနေတဲ့အချိန်မှာ မြန်မာတွေအတွက် Vacancy သိပ်မရှိဘူး၊ Image မကောင်းဘူး၊ ဖိလစ်ပိုင်ဆို ဒီလောကမှာ ထိပ်ဆုံးမှာ ရှိတယ်၊ သူတို့က အင်္ဂလိပ်လည်း ကောင်းတယ်၊ ဒီမှာက ယေဘုယျအားဖြင့် အင်္ဂလိပ်စာ အားနည်းတယ်” ဟု သင်္ဘောသားတစ်ဦး ဖြစ်သူ ကိုသက်မြတ်ဦးက ဆိုသည်။

ပြည်တွင်းအလုပ်အကိုင် ရှားပါးချိန်တွင် ပြည်ပရှိ အခြားသော အလုပ်များနှင့် နှိုင်းယှဉ်လျှင် လစာပိုမိုရရှိပြီး နိုင်ငံပေါင်းစုံ လှည့်လည်သွားလာရသည့် အလုပ်ဖြစ်သောကြောင့် အမျိုးသားလူငယ် အများစုမှာ သင်္ဘောသား အလုပ်အကိုင်ကို ရွေးချယ်ကြလေ့ ရှိသည်။
The Voice Weekly

0 comments:

Post a Comment