Thursday, January 1, 2015

ထိုင်းတွင် သွားရောက်ယှဉ်ပြိုင်ခွင့်ရမည့် ဂေးအလှမယ်ပြိုင်ပွဲ မန္တလေးတွင် ဒုတိယအကြိမ် ကျင်းပမည်

မန္တလေး၊ ဒီဇင်ဘာ ၃၁
ထိုင်းနိုင်ငံ ပတ္တရားမြို့တွင် ကျင်းပမည့် Miss International Queen ပြိုင်ပွဲအတွက် သွားရောက်ယှဉ်ပြိုင်ခွင့် ရမည့် Miss Rainbow Ribbon ပြိုင်ပွဲကို ဒုတိယအကြိမ်မြောက် အဖြစ် ၂၀၁၅ ခုနှစ် ဖေဖော်ဝါရီလတွင် မန္တလေးမြို့ရှိ Five Stars အဆင့်ရှိ ဟိုတယ်တွင် ကျင်းပမည် ဖြစ်ကြောင်း Rainbow Ribbon Network Organization မှ အနုပညာပိုင်းတွင် တာဝန်ယူ ပြုလုပ်ပေးမည့် မိတ်ကပ်ဘိုဘိုနီ (မိုးကုတ်) က ပြောကြား သည်။

အဆိုပါပြိုင်ပွဲတွင် တစ်နိုင်ငံလုံးရှိ မိန်းမလျာ (ဂေး) များ လာရောက်ယှဉ်ပြိုင်မည် ဖြစ်ကာ အရပ်အမောင်း၊ ခန္ဓာကိုယ် အချိုးအစား၊ အင်္ဂလိပ် ဘာသာစကား ပြောဆိုကျွမ်းကျင်မှု၊ ဖြတ်ထိုးဉာဏ်၊ ပြင်ပဗဟုသုတများကို အဓိကထား ရွေးချယ်သွားမည် ဖြစ်ကြောင်း ၎င်းက ထပ်မံပြောကြားသည်။

“ဖိနှိပ်ခံရပြီး သဘာဝမကျတဲ့ ဂေးတွေအနေနဲ့ နောင်လာမယ့် လူ့လောကထဲမှာ သိမ်ငယ်မှုတွေ ရှိမနေအောင်ရယ်၊ ဂေးတွေထဲမှာ နိုင်ငံတကာအဆင့်ထိ သွားရောက်ယှဉ်ပြိုင်နိုင်တယ် ဆိုတာ၊ ဂေးပညာ တတ်တွေ ရှိတယ်ဆိုတာ ပြချင်တာပါ” ဟု ၎င်းကဆိုသည်။

Miss Rainbow Ribbon ပြိုင်ပွဲ ဖြစ်ပေါ်လာရခြင်းမှာ ၂၀၁၃ ခုနှစ်က မန္တလေးမြို့တော်ရှိ ကျုံးဘေးတွင် မိန်းမလျာများကို အများပြည်သူ စိတ်အနှောင့်အယှက် ဖြစ်စေသဖြင့် ရဲတပ်ဖွဲ့ဝင်များက ဖမ်းဆီးခဲ့ရာ ယင်း၏ အဓိကအကြောင်းရင်းမှာ ပညာမတတ်မြောက်သဖြင့် ဖြစ်ပွားရခြင်း ဖြစ်၍ လူ့အခွင့်အရေးဆိုင်ရာ သင်တန်းပေးခြင်းများ ပြုလုပ်စေလိုသည့်အတွက် ယခုလို Miss ရွေးပွဲများ ဖြစ်ပေါ်လာရကြောင်း မိတ်ကပ် ဘိုဘိုနီ (မိုးကုတ်) က ပြောကြားသည်။

“ဖေဖော်ဝါရီလထဲမှာ ပြုလုပ်မယ် ဆိုတာပဲ သိရတယ်။ ပွဲအတွက် တွေ့ဆုံဆွေးနွေးပွဲတော့ မလုပ်ရသေး ဘူး” ဟု Miss International Queen တွင် Talent Competition 1st Runner ဆု ရရှိသည့် ချစ်လမင်းငယ် (ခ) မျိုးကိုကိုစန်းက ပြောကြားသည်။

ထိုင်းနိုင်ငံတွင် ပြုလုပ်သော Miss International Queen ပြိုင်ပွဲသည် နှစ်စဉ် နှစ်ကုန်ပိုင်းတွင် ကျင်းပလေ့ ရှိပြီး နိုင်ငံတစ်နိုင်ငံလျှင် ကိုယ်စားပြုနှစ်ဦး ဝင်ရောက်ယှဉ်ပြိုင်နိုင်သည်။

“အခုလိုမျိုး ပြိုင်ပွဲတွေ ကျင်းပ ပြုလုပ်တာ အများကြီး ကောင်းပါတယ်။ ဒီနှစ်မှာ ဝင်ရောက်ယှဉ်ပြိုင်ဖို့ကတော့ မသေချာသေးဘူး” ဟု ၂၀၁၃ ခုနှစ် Miss Rainbow Ribbon ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် ရှင်းသန့်က ပြော ကြားသည်။
The Voice Weekly

0 comments:

Post a Comment