Monday, January 12, 2015

သမ္မတ၏ ၄၈ ဦး တွေ့ ဆုံပွဲသည် အနှစ်သာရ မရှိဟု လွှတ်တော်အတွင်းမှ အတိုက်အခံပါတီတို့ ပြောကြား

 နေပြည်တော် (မဇ္ဈိမ)။ ။ သမ္မတ၏ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးနှင့် အခြေတည်ခိုင်မာရေး၊ အနာ ဂတ် မြန်မာနိုင်ငံ၏ နိုင်ငံရေး၊ စီးပွားရေးနှင့် လူမှုရေးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးများနှင့် ပတ်သက်၍ အမျိုး သား အင်အားစုများ လက်တွဲ အကောင်အထည်ဖော်နိုင်ရေး အတွက် ၄၈ ဦး တွေ့ဆုံဆွေးနွေးပွဲသည် အနှစ်သာရ မရှိကြောင်းနှင့် ရည်ရွယ်ထားသည့် ဆွေးနွေးပွဲမျိုးမဟုတ်ဟု အတိုက်အခံ ပါတီနှစ်ခု က ပြောသည်။

အစိုးရအဖွဲ့ဝင်များ၊ လွှတ်တော်အမတ်များ၊ တိုင်းရင်းသားခေါင်းဆောင်များ၊ တိုင်းရင်းသားရေးရာ ဝန်ကြီးများ ပါဝင်သည့် ၄၈ ဦး စုံညီအစည်းအဝေးကို နေပြည်တော် သမ္မတ အိမ်တော်တွင် ဇန်နဝါရီ ၁၂ ရက်က ပြုလုပ် ရာ အစည်းအဝေးသို့ တက်ရောက်လာသည့် သမ္မတ ဦးသိန်းစိန်နှင့် အစိုးရအဖွဲ့ဝင်များကိုတွေ့ရစဉ်။ (ဓာတ်ပုံ - မဇ္ဈိမ) အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကမူ ဆွေးနွေးပွဲသည် ရလဒ်မထွက်ဟု ဝေဖန်လိုက်ပြီး ခြောက်ပွင့်ဆိုင် တွေ့ဆုံရေးမူကို ဆက်လက်ကိုင်စွဲထားသည်။

“အန်တီတို့ရည်ရွယ်တဲ့ ခြောက်ပွင့်ဆိုင် ဆွေးနွေးပွဲမျိုးနဲ့ ဒီနေ့ဆွေးနွေးပွဲက မတူဘူး။ အန်တီတို့ ခြောက် ပွင့်ဆိုင်ကို ရှောင်ဖို့အတွက် လုပ်တာမျိုးလည်း မဖြစ်သင့်ဘူး။သမ္မတကြီးပြောတဲ့ အချက်သုံးချက်ကို အဖွဲ့ ချုပ်မှာ စီအီးစီအစည်းအဝေးနဲ့ ဆုံးဖြတ်ထားတဲ့အချက်တွေကို အန်တီက ရှင်းရှင်းလင်းလင်းတင်ပြထား တာကိုလည်း တစ်ခုမှ မထုတ်ပြန်ဘူး”ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

ဇန်န၀ါ၇ီ ၁၂ ရက်က နေပြည်တော်ရှိ သမ္မတအိမ်တော်တွင် ပြုလုပ်ခဲ့သည့် ဆွေးနွေးပွဲသို့ တိုင်းရင်း သား ရေးရာဝန်ကြီးများ၊ လွှတ်တော်အမတ်များ၊ ပါတီခေါင်းဆောင်များ၊ တိုင်းရင်းသား ခေါင်းဆောင်များ စသည် ဖြင့် အားလုံး ရောနှောဖိတ်ကြား ခြင်းမှာ မည်သည့်မူ၊ မည်သည့် ပုံစံတို့ကို မည်သို့ အခြေခံပြီး ဖိတ်ကြား သည်ကို မသိကြောင်းလည်း ၎င်းက ပြောသည်။

ထို့အပြင် ဒေါ်အောင်ဆန်းစုကြည်က “အရင်ဆွေးနွေးပွဲနဲ့ ဘာကွာလဲဆိုရင် လူများတယ်။ ယေဘုယျ ဆန် တယ်။ ရွေးကောက်ပွဲအတွက် ဦးတင်အေးက ရှင်းထားပြီးသားကိစ္စ၊ နည်းစနစ်ပိုင်းကိစ္စတွေကို ဒီပွဲမှာ မေး တာလည်းရှိတယ်။ ဒါတွေနဲ့ အန်တီတို့ရည်ရွယ်တဲ့ ခြောက်ပွင့်ဆိုင်က ဒီလိုဟာနဲ့တော့ မတူဘူး” ဟု လည်း ပြောဆိုခဲ့သည်။

ဆွေးနွေးပွဲ၏ အကျိုးသက်ရောက်မှုနှင့် ပတ်သက်ပြီး ကျားခေါင်းပါတီဥက္ကဋ္ဌ ဦးခွန်ထွန်းဦးက “အမြင် က တော့ မကောင်းဘူးပေါ့၊ ကျွန်တော်ဘယ်လိုပြောရမလဲ သူတို့က ဒီ subject သုံးခုကို လူ ၅၀ နီးပါးခေါ် တော့တချို့က အိပ်ကုန်ပြီပေါ့။ ဆွေးနွေးကြတော့လည်း ရပ်ကျေးအုပ်ချုပ်ရေးမှူး မကောင်းတာ၊ ဗိုလ်ကျတာ၊ တိုင်းရင်းသားတွေ မှတ်ပုံတင်မရှိတာ အစုံပေါ့၊ အနှစ်သာရတော့ သိပ်အရှိကြီးတော့ ဘယ်ဟုတ်မလဲ”ဟု ဝေဖန်ပြောကြားခဲ့သည်။

ထိုဆွေးနွေးပွဲ၏ ရလဒ် သို့မဟုတ် သဘောထား ထုတ်ပြန်ချက်အဖြစ် ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ် က ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော် သမ္မတ ဦးသိန်းစိန်မှ နိုင်ငံ၏ ဒီမိုကရေ စီ ပြုပြင်ပြောင်း လဲရေးနှင့် အခြေတည်ခိုင်မာရေး၊ အနာဂတ် မြန်မာနိုင်ငံ၏ နိုင်ငံရေး၊ စီးပွားရေးနှင့် လူမှုရေးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးများနှင့် ပတ်သက်၍ အမျိုးသား အင်အားစုများ လက်တွဲအကောင် အထည် ဖော်နိုင်ရေး အတွက် တွေ့ဆုံဆွေးနွေးပွဲ တစ်ရပ် ပြုလုပ်ရန် ဖိတ်ကြားခဲ့သည်။

တွေ့ဆုံဆွေးနွေးပွဲသို့ နိုင်ငံတော် သမ္မတနှင့် နိုင်ငံရေးခေါင်းဆောင်များ၊တိုင်းရင်းသားရေးရာဝန်ကြီးများနှင့် တိုင်းရင်းသား ကိုယ်စားလှယ် ခေါင်းဆောင်များ စုစုပေါင်း ၄၈ ဦး တက်ရောက်ဆွေးနွေးခဲ့သည်။

ဆွေးနွေးပွဲတွင် ဒီမိုကရေစီ အသွင်ကူး ပြောင်းရေးနှင့် ပြုပြင်ပြောင်းလဲရေးများ ဆက်လက် ဖြစ် ထွန်းစေ ရေးကိစ္စ၊ ငြိမ်းချမ်းရေးဖြစ်စဉ်ကို အခြေခံသည့် အမျိုးသားပြန်လည် စည်းလုံးညီညွတ်ရေး ဆိုင်ရာ နိုင်ငံ ရေးဆွေးနွေးပွဲများ စတင်ကျင်းပနိုင်ရေး ကိစ္စ၊ လွတ်လပ်၍ တရားမျှတသော ၂၀၁၅ ခုနှစ် အထွေထွေ ရွေး ကောက်ပွဲများ အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ပြီး ညင်သာသော အသွင်ကူးပြောင်း မှု နိုင်ငံရေး လုပ်ငန်းစဉ် များ ပေါ်ပေါက်ရေးနှင့် ကျန်ရှိနေသေးသည့် ကြားကာလ နိုင်ငံရေးတည် ငြိမ်မှုရှိရေး ကိစ္စတို့ အပါအ၀င် နိုင်ငံရေး ကိစ္စရပ်များကို ရှုထောင့်အသီးသီးမှ ရင်းနှီးပွင့်လင်းစွာ အပြန်အလှန် ဆွေးနွေး အဖြေရှာခဲ့ ကြောင်းနှင့် ယခုကဲ့သို့သော တွေ့ဆုံဆွေးနွေးပွဲများကို အချိန်အခါနှင့် အခြေအနေပေါ် မူတည်ပြီး အားလုံး ညှိနှိုင်း၍ ထပ်မံပြုလုပ်သွားမည်ဖြစ်ကြောင်းလည်း ထုတ်ပြန်ချက်တွင် ပါဝင်သည်။

ပြီးခဲ့သည့် အောက်တိုဘာ ၃၁ ရက်က သမ္မတအိမ်တော်တွင် ကျင်းပခဲ့သည့် ၁၄ ပွင့်ဆိုင် ဆွေးနွေးပွဲနှင့် ပတ်သက်၍ ဒေါ်အောင်ဆန်းစုကြည်က လေးပွင့်ဆိုင် တွေ့ဆုံရေးသာ ဖြစ်သင့်ကြောင်း ပြောကြား ထား သော်လည်း ပြည်ထောင်စု လွှတ်တော်က ခြောက်ပွင့်ဆိုင် ဆွေးနွေးတွေ့ဆုံရန် အဆိုအတည်ပြု ချက်ကိုမူ ငြင်းပယ်စရာမရှိဟု ပြောကြားခဲ့ဖူးသည်။

ယခု ပြုလုပ်ခဲ့သည့် သမ္မတနှင့် နိုင်ငံရေးပါတီများ၊ တိုင်းရင်းသားခေါင်းဆောင်များဆွေးနွေးပွဲကို ဒုတိယ ပင်လုံညီလာခံ သို့မဟုတ် ၂၁ ရာစု ပင်လုံညီလာခံဟု သမ္မတရုံးမှ ညွှန်ကြားရေးမှူး ဦးဇော်ဌေးက ၎င်း၏ လူမှုကွန်ရက်စာမျက်နှာတွင် ဖော်ပြခဲ့သည်။
စိုးသန်းလင်း၊ ဝင်းကိုကိုလတ်
Mizzima - News in Burmese

0 comments:

Post a Comment