Thursday, January 1, 2015

လှိုင်သာယာကျူးကျော်တဲ အချို့ကို ဘူဒိုဇာဖြင့်ထပ်ရှင်း

ကျူးကျော်တဲများကို ဘူဒိုဇာဖြင့် ရှင်းလင်းပြီးနောက် တွေ့ရစဉ် (ဓာတ်ပုံ − အောင်သစ်လွင်)
Thursday, January 1, 2015
လှိုင်သာယာမြို့နယ် မြစိမ်းရောင်အိမ်ရာစီမံကိန်းမြေအတွင်းရှိ ကျူးကျော်တဲအချို့ကို ကုမ္ပဏီက ဘူဒိုဇာဖြင့် ထိုး၍ ထပ်မံရှင်းလင်းခဲ့ကြောင်း သတင်းရရှိသည်။

ဒီဇင်ဘာ ၃၁ ရက် မနက်က မြစိမ်းရောင်အိမ်ရာ စီမံခန့်ခွဲရေး ကော်မတီဘက်က လူအင်အား ၇၀၀ ကျော်၊ ဘူဒိုဇာတစ်စီးဖြင့် လာရောက်ရှင်းလင်းခဲ့ခြင်း ဖြစ်ကြောင်း ကျူးကျော်တဲအဖျက်ခံရသူများကပြောသည်။ ပြီးခဲ့သည့်နှစ်ပတ်အတွင်း ကုမ္ပဏီဘက်က ကျူးများအား အင်အားသုံးဖြေရှင်းမှု နှစ်ကြိမ်ပြုလုပ်ခဲ့ပြီး နှစ်ဖက် တင်းမာမှုများဖြစ်ခဲ့သေးသည်။ ယခု တစ်ကြိမ်တွင်မူ ပြဿနာတစ်စုံတစ်ရာမဖြစ်ခဲ့ကြောင်း ဒေသခံများ က ပြောသည်။

‘‘ကုမ္ပဏီက ကျူးတဲတွေကို ဘူဒိုဇာတွေနဲ့ လိုက်ထိုးတာတွေ့တယ်။ ကျူးတဲ့လူတွေကတော့ သူတို့အိမ်က ပစ္စည်းတွေ လိုက်သိမ်းနေတာတွေ့တယ်။ အရင်တစ်ခါလို ဗရုတ်သုတ်ခတွေ ဖြစ်တာ မတွေ့ဘူး’’ ဟု အိမ်ရာစီမံကိန်းတည်ရှိသည့် အတွင်းပဒံရပ်ကွက်မှ ဦလှမြိုင်က ပြောသည်။

‘‘အမေကြီးက မြို့ထဲမှာ ဈေးရောင်းနေတာ။ တဲတွေ ဘူဒိုဇာနဲ့ အဖျက်ခံနေရတယ်လို့ ကြားလို့ ပြန်ပြေးလာ ရတာ။ ဒီည နေစရာ မရှိတော့ဘူး’’ဟု ကျူးကျော်တဲအဖျက်ခံရသူ အသက် (၇၀)အရွယ် ဒေါ်ဝင်းက ပြော သည်။

ကျူးကျော်တဲ အလုံးရေ ၃၀ ခန့် ရှင်းလင်းခံခဲ့ရခြင်းဖြစ်ပြီး  အိမ်ရာ စီမံကိန်းအတွင်း ကျူးကျော်တဲ ရာနှင့်ချီ၍ ရှိနေသေးသည်။ မြစိမ်းရောင်အိမ်ရာ စီမံခန့်ခွဲရေး ကော်မတီမှ တာဝန်ရှိသူတစ်ဦးသို့ ဆက်သွယ်မေးမြန်း ရာ နှစ်သစ်ကူး ခရီးလွန်နေသောကြောင့် အတိအကျ ရှင်းမပြနိုင်သေးaကြာင်း အကြောင်းပြန်သည်။

လှိုင်သာယာမြို့နယ် အုပ်ချုပ်ရေးမှူးကလည်း ကုမ္မဏီဘက်က ကျူးများအား ရှင်းလင်းမည်ဟုသာသိထားပြီး အသေးစိတ်မသိရကြောင်း ပြောသည်။ ကျူးကျော်တဲ ရှင်းလင်းခံရသူ မိသားစုများထဲတွင် ၂ နှစ်မှ ၅ နှစ်အ ရွယ် လူမမည်ကလေး ဆယ်ဦးထက်မနည်းရှိနေသည်ကို တွေ့ရသည်။ ပြီးခဲ့သည့် တစ်ပတ်က ကုမ္ပဏီက ကျူးများအပေါ် လူမိုက်ငှား၍ အကြမ်းဖက် နှိမ်နင်းခဲ့သည့်အပေါ် တိုင်းဒေသကြီး ၀န်ကြီးချုပ်နှင့် တိုင်းဒေသ ကြီးလွှတ်တော်သို့ တင်ပြထားသော်လည်း တာဝန်ရှိသူများက ယခုအချိန်ထိ ဖြေရှင်းပေးခြင်းမရှိသေးပေ။
အောင်သစ်လွင်
7Day Daily

0 comments:

Post a Comment