Thursday, January 1, 2015

Air Asia နှင့် Black Box

လေယာဉ်တစ်စင်း ပျက်ကျတယ် ဆိုရင် အဲဒီ လေယာဉ်ရဲ့ နောက်ဆုံး အခြေအနေကို မှတ်တမ်းတင် ထားတဲ့ Black Box ကို မရရအောင် ရှာဖွေကြ ပါတယ်။ ဒီ Black Box က လေယာဉ် ပျံသန်းမှု မှတ်တမ်း၊ အင်ဂျင်စက် အခြေအနေ၊ လေယာဉ် မောင်းခန်းထဲက စကားသံတွေ အားလုံးကို မှတ်တမ်းတင် ထားတာ ဖြစ်တဲ့အတွက် လေယာဉ် ပျက်ကျရတဲ့ အကြောင်းရင်းကို သိရှိနိုင်မှာ ဖြစ်ပါတယ်။ အခုနောက်ဆုံး ပျက်ကျသွား ခဲ့တဲ့ QZ8501  ရဲ့ Black Box ကိုလဲ ရှာဖွေ ရဦးမှာပါ။ Black Box အကြောင်း မပြောခင် QZ8501 ရဲ့ နောက်ဆုံး အခြေအနေကို ဖော်ပြပါမယ်။

ဒီဇင်ဘာ ၂၈ ရက်က ရာသီဥတု ဆိုးရွားမှုကြောင့် ဂျာဗားပင်လယ် ဘော်နီယိုကျွန်း အနီးမှာ ပျက်ကျသွား ခဲ့တဲ့ အင်ဒိုနီးရှား လေကြောင်း ကုမ္ပဏီ Air Asia ပိုင် A 320-200 ရဲ့အပျက်အစီး အပိုင်းအစ တွေကို ရှာဖွေရေး အဖွဲ့က သုံးရက်ကြာအောင် ရှာခဲ့ ပြီးတဲ့နောက် ဒီဇင်ဘာ ၃ဝ မှာ စတင်တွေ့ရှိ ခဲ့ပါတယ်။ လေယာဉ် အပျက်အစီးနဲ့ အတူ သေဆုံးသူ တွေရဲ့ အလောင်းအချို့ ကိုလဲ တွေ့ရှိခဲ့ပေမယ့် ရာသီဥတု  ဆိုးရွားမှုကြောင့် အခု နောက်ဆုံး အချိန်အထိ အလောင်းခုနစ်လောင်းသာ ပြန်လည် ဆယ်ယူနိုင် ပါသေးတယ်။

ဒီဇင်ဘာ ၃၁ ရက်မှာတော့ ပူဆွေးသောက ရောက်နေကြတဲ့ ဆွေမျိုးတွေ စောင့်ဆိုင်း နေရာ အင်ဒိုနီး ရှားနိုင်ငံ ဆူရာဘိုင်ယန်မြို့ ကို ပထမဆုံး အလောင်း နှစ်လောင်း သယ်ဆောင် လာပါတယ်။ ကျန်တဲ့ အလောင်း တွေကိုလဲ မည်သူမည်ဝါ ဆိုတာ ထုတ်ဖော်နိုင်ဖို့ မိသားစု ဆွေမျိုးတွေ ဆီကနေ DNA နမူနာတွေ တောင်းထားပြီး ဆူရာဘိုင်ယန် မှာပဲ DNA စစ်ဆေးနိုင်ဖို့ ယာယီတဲ တွေထိုး၊ လေအေးပေးစက် နဲ့ အခြားစက်တွေ တပ်ဆင်ပြီး အသင့် ပြင်ထားပါတယ်။

ဒီလေယာဉ် ပျက်ကျမှုကြောင့် လူပေါင်း ၁၆၂ ဦး သေဆုံးခဲ့ရ သလို ၂ဝ၁၄ ခုနှစ်ရဲ့နောက်ဆုံး နေ့ရက်တွေ ကိုလဲ သွေးစွန်းစေခဲ့ ပါတယ်။ အရှေ့ဂျားဗား ပြည်နယ် တစ်ခုလုံးမှာ ကျင်းပဖို့ စီစဉ်ထားတဲ့ နှစ်သစ် ကြိုဆိုပွဲတွေ ကို ဖျက်သိမ်းလိုက်ပြီး ဒီနေ့ ရောက်လာတဲ့ အလောင်း နှစ်လောင်းကို အောက်မေ့ဖွယ် အခမ်းအနားနဲ့ ကြိုဆိုခဲ့တာ ဖြစ်ပါတယ်။



ဒါပေမဲ့ ဒီလေယာဉ် ဘာကြောင့် ပျက်ကျသွားတယ် ဆိုတာကိုတော့ အခုအချိန်ထိ မထုတ်ပြန် နိုင်သေး ပါဘူး။ လေယာဉ်မှူးက မိုးလေဝသ ဆိုးရွားတဲ့ အတွက် အမြင့်ကို ထပ်တက်ဖို့ ခွင့်တောင်းခံ ခဲ့တာကို ထိန်းချုပ်ရေး မျှော်စင်က ဆက်တက်ခွင့် ပြုလိုက်ပေမယ့် လေယာဉ်မှူး ဆီက စကားသံကို ပြန်မကြား ရတော့ပါဘူး။ ဒါအတွက် ရှာဖွေရေး အဖွဲ့က လေယာဉ်ပေါ်က Black Box ကို မတွေ့တွေ့အောင် ရှာကြဦးမှာပါ။ လေယာဉ်ရဲ့ နောက်ဆုံး အချိန်ကို မှတ်တမ်းတင် ပေးတဲ့ Black Box အကြောင်း သိကောင်းစရာ ခုနစ်ချက် ရှိပါတယ်။

၁။ Black Box ထဲမှာ ဘာရှိသလဲ။ ပျံသန်းမှု ဆိုင်ရာ အချက်အလက်များ မှတ်တမ်းတင် စက်နဲ့ လေ ယာဉ် မောင်းခန်း အသံဖမ်းစက် တို့ပါဝင် ပါတယ်။ ပျံသန်းမှု ဆိုင်ရာ အချက်အလက်များ မှတ်တမ်းတင် စက်က လေယာဉ် ပျံသန်းမှု ဆိုင်ရာ နောက်ဆုံး နှစ်နာရီကို တောက်လျှောက် မှတ်တမ်းတင် ပေးနေ သလို လေယာဉ် မောင်းခန်း အသံဖမ်းစက်ကလဲ လေယာဉ် မောင်းခန်းထဲမှာ နောက်ဆုံး အချိန် ထိ ပြောသွားတဲ့ စကားသံ တွေကို မှတ်တမ်းတင် ပေးပါတယ်။

၂။ Black Box ဟာ ဘာအရောင်လဲ။ လိမ္မော်ရောင်ပါ။ Black Box ဆိုပေမယ့်လဲ အလွယ်တကူ မြင် သာအောင် လိမ္မော်ရောင် သုတ်လိမ်း ထားပါတယ်။ ရေစိမ်ခံပြီး ကမ္ဘာ့ ဆွဲငင်အားထက် အဆပေါင်း ၃၄ဝဝ ပြင်းထန်တဲ့ အားကို ခံနိုင်ရည် ရှိပါတယ်။ ဒါကြောင့်လဲ လေယာဉ် ဘယ်လို ပေါက်ကွဲသည် ဖြစ်စေ Black Box တွေက မပျက်မစီး ကျန်ရစ်တာ ဖြစ်ပါတယ်။

၃။ Black Box ကို ဘယ်မှာ ထားသလဲ။ လေယာဉ်ရဲ့ အမြီးပိုင်းမှာ ထားတာ များပါတယ်။ လေယာဉ် အမြီးပိုင်းက လေယာဉ် ပျက်ကျတဲ့ အခါ ထိခိုက် ပျက်စီးမှု အနည်းဆုံး အပိုင်း ဖြစ်ပါတယ်။ Black Box တွေကို လေယာဉ် ပုံစံပေါ် မူတည်ပြီး မျက်နှာကြက် မှာဖြစ်စေ ၊ ကုန်တင်ခန်း ထဲမှာဖြစ်စေ၊ အခြား သင့်တော်ရာမှာ ဖြစ်စေ တပ်ဆင်လေ့ ရှိပါတယ်။

၎။ ရှာဖွေရေး အဖွဲ့တွေက Black Box ကို ဘယ်လို ရှာတွေ့သလဲ။ Black တွေမှာ Ping အသံ လွှင့်ထုတ်တဲ့ စနစ်ပါရှိ ပါတယ်။ ရှာဖွေသူများ အနေနဲ့ ဒီ Ping အသံတွေကို လိုက်ဖမ်းရုံ ပါပဲ။ Black Box တွေက Ping အသံကို ရက်ပေါင်း ၃ဝ လွှင့်ထုတ် နိုင်ပါတယ်။ တစ်ခါတလေ ရှစ်ရက် ၁ဝ ရက်လောက်ပဲ ခံတာလဲ ရှိပါတယ်။ ရှာဖွေရေး အဖွဲ့တွေက ရေအောက် မိုက်ခရိုဖုန်းတွေ အသုံးပြုပြီး Black ကို ရှာဖွေကြ ပါတယ်။ သူတို့ဟာ Black Box ရဲ့ Ping ရိုက်သံကို ၂ ဒသမ ၈ မိုင် အကွာကနေ ကြားရ နိုင်ပါတယ်။

၅။ Black Box ကို ဘယ်လောက် အကြာမှာ ရှာတွေ့တတ် သလဲ။ လချီ၊ နှစ်ချီ ကြာသွားတတ် ပါတယ်။ ၂ဝဝ၉ ခုနှစ်က လူ ၂၂၈ ဦး တင်ဆောင် ထားတဲ့ ပြင်သစ် လေကြောင်း လေယာဉ် ခရီးစဉ် ၄၄၇ ဟာ အတ္တလန္တိတ် သမုဒ္ဒရာ အလယ် တစ်နေရာ မှာ ပျက်ကျခဲ့ပါတယ်။ အဲဒီ လေယာဉ်ရဲ့ Black Box ကို ရှာတွေ့ဖို့ နှစ်နှစ်လောက် ကြာမြင့်ခဲ့ပါတယ်။

၆။ Black Box ကို ရှာတွေ့ပြီးရင် ဘာဆက်လုပ်ကြ သလဲ။ အသံဖမ်း မှတ်တမ်းတွေကို စိစစ်ပါတယ်။ အနည်းဆုံး နှစ်ရက်ကနေ သုံးရက် ကြာမြင့်တတ် ပါတယ်။ ပြီးတော့ Black Box ရဲ့ မှတ်တမ်းတွေကို ဖတ်ရှုနိုင်တာ လက်တစ်ဆုပ်စာ နိုင်ငံ အနည်းငယ်ပဲ ရှိပါတယ်။ အမေရိကန်၊ ကနေဒါ၊ သြစတြေးလျ၊ ဗြိတိန်၊ ပြင်သစ် အစရှိတဲ့ နိုင်ငံတွေ ကပဲ Black Box ရဲ့ အချက်အလက်တွေကို ဖတ်ရှုနိုင်မယ့် နည်းပညာ ရှိပါတယ်။

၇။ လေယာဉ် ပျံသန်းမှုကို မှတ်တမ်းတင်ဖို့ Black Box အပြင် ဘာရှိသေး သလဲ။ Black Box တွေနေရာမှာ ဂြိုဟ်တု အခြေပြု နည်းစနစ် တွေနဲ့ လေယာဉ်ရဲ့ နောက်ဆုံး အခြေအနေကို တောက်လျှောက် သတင်းပေးပို့ နေမယ့် စနစ်ကို ပညာရှင် အများစုက အကြံပြု ထားပါတယ်။ အခုအချိန်မှာ ဂြိုဟ်တုစနစ် ကို အသုံးပြုပြီး လေယာဉ်ရဲ့ ပျံသန်းမှု မှတ်တမ်းကို အချိန်နဲ့ တစ်ပြေးညီ ပေးပို့နေတဲ့ လေယာဉ်ပေါင်း ရာပေါင်းများစွာ ရှိနေပြီ ဖြစ်ပါတယ်။

Air Asia ရဲ့ Black Box  တွေကို ရှာတွေ့ ခဲ့ရင်တော့ လေယာဉ် ဘာကြောင့် ပျက်ကျသွားတယ် ဆိုတာကို အနီးစပ်ဆုံး ဖြေရှင်း နိုင်ကြမှာပါ။ ဘာပဲဖြစ်ဖြစ် ၂ဝ၁၄ ခုနှစ်မှာ အာရှ လေကြောင်းတွေ ဟာ ကံမကောင်းခဲ့ ပါဘူး။ MH 370 ၊ MH 17 နဲ့ QZ 8501 တို့နဲ့တင်ကို အတော် ကြီးမားတဲ့ ဆုံးရှုံးမှု ဖြစ်နှင့်နေပါပြီ။ ဒါကြောင့် ၂ဝ၁၅ ခုနစ်မှာ ခရီးသွား လာရာမှာလဲ သတိနဲ့ယှဉ်လို့ ဘေးအန္တရာယ် ကင်းရှင်း ကြပါစေလို့ ဆုမွန်ကောင်း တောင်းပေး အပ်ပါတယ်။
#PyiChitThar

0 comments:

Post a Comment