Wednesday, December 10, 2014

သာသနာ ညှိုးနွမ်းစေမှုဖြင့် V Grastro bar ပိုင်ရှင်အား အရေးယူ

11 December 2014
ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ်၊ ရွှေတောင်ကြားလမ်းမှာဖွင့်လှစ်ထားတဲ့ V Grastro.bar, Buddha.bar ပါတီပွဲကြော်ငြာမှာ ဗုဒ္ဓရုပ်ပွားတော်ရဲ့နားတော်မှာ နားကျပ်တပ်ဆင်ထားတဲ့ သဏ္ဍာန် ဒီဇိုင်းပြုလုပ်ပြီး ပါတီပွဲကြော်ငြာတာနဲ့ ပတ်သက်ပြီး သာသနာညှိုးနွမ်းစေမှုနဲ့ အရေးယူလိုက်ပြီလို့ ဗဟန်းမြို့နယ်ရဲတပ်ဖွဲ့စခန်းမှူး ဒုရဲမှူးသိန်းဝင်းက ပြောပါတယ်။

“ဘားဖွင့်တာလည်း သိပ်မကြာသေးဘူး၊ အဲဒီနိုင်ငံခြားသားကို ခန့်တာလည်း ၂ ပတ်ပဲ ရှိသေးတယ်။ ပုံမှန်ရောင်းဝယ်နေကြရင်း ပရိုမိုးရှင်းလုပ်မယ်ဆိုပြီး သူ့ပြောတာကတော့ အခြားနိုင်ငံတွေမှာလည်း လုပ်နေတယ်။ ထိုင်းမှာလည်း လုပ်နေတယ်။ ဗုဒ္ဓရုပ်ပွားတော်နဲ့လုပ်တာ ခေတ်စားနေတယ်၊ အဲအတွက် လူစိတ်ဝင်စားအောင် ပရိုမိုးရှင်းလုပ်တာလို့ သူပြောတာပဲ” လို့ စခန်းမှူးက ဆိုပါတယ်။

အခုလိုဗုဒ္ဓရုပ်ပွားတော်နဲ့ ကြော်ငြာခဲ့တဲ့အတွက် V Grastroရဲ ဆိုင်ပိုင်ရှင် ထွန်းသူရိန်၊ မန်နေဂျာ ထွဋ်ကိုကို လွင်၊ အထွေထွေ မန်နေဂျာ နယူးဇီလန်နိုင်ငံသား Mr. Philip တို့ကို ဗဟန်းမြို့မရဲစခန်း (ပ)၄၉၉/၂၀၁၄၊ ပြစ်မှုပုဒ်မ-၂၉၅/၂၉၅-က နဲ့ ဒီနေ့ည အမှုဖွင့်လိုက်ပြီလို့ စခန်းမှူး က ဆက်ပြောပါတယ်။

ဗုဒ္ဓရုပ်ပွားပုံတော်ကို မလျော်ကန်စွာ သုံးစွဲဖော်ပြခဲ့ခြင်းဟာ ဒေသန္တရအမိန့်ကို ဖောက်ဖျက်ကျူးလွန်ခြင်းဖြစ် တဲ့အတွက် ထိရောက်စွာ အရေးယူရန် ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ -၁၈၈ နဲ့လည်း အမှုဖွင့် အရေးယူ ဆောင် ရွက်နေပြီး အဲဒီဆိုင်အား ချိပ်ပိတ်သိမ်းဆည်းသွားရန် စီစဉ်ဆောင်ရွက်သွားမယ်လို့သိရပါတယ်။

လူမှုကွန်ရက်စာမျက်နှာမှာ ဗုဒ္ဓရုပ်ပွားပုံတော်အားမလျော်ကန်စွာအသုံးပြုထားတဲ့ ကြော်ငြာပြန့်နှံ့ပြီးနောက် အမျိုးဘာသာသနာစောင့်ရှောက်ရေးအဖွဲ့(မဘသ)က ပုဂ္ဂိုလ်အချို့ အဲ့ဒီ့ဆိုင်ရှေ့ ကို ညနေပိုင်းမှာ ရောက် ရှိလာခဲ့တဲ့အတွက် သက်ဆိုင်ရာ အာဏာပိုင်တွေက ဖြေရှင်းပေးခဲ့ရပါတယ်။
ကျော်ဇေယျာဝင်း
DVB

0 comments:

Post a Comment