Friday, December 5, 2014

ဆင်းရဲမှုဖုံးကွယ်တဲ့ မြန်မာအစိုးရကို နော်ဝေအစိုးရ အံ့သြဝမ်းနည်း

နော်ဝေဘုရင်နဲ့ မိဖုရားတို့ရဲ့ မန္တလေးခရီးစဉ်နဲ့ပတ်သက်ပြီး ဧရာဝတီမြစ်ကမ်းဘေး ဂေါဝိန်ဆိပ်အနီးက ဆင်းရဲသားနေအိမ်တွေ အဓမ္မဖျက်သိမ်းဖယ်ရှားခံခဲ့ရကြောင်း ကြားသိရတဲ့အတွက် အလွန် အံ့အားသင့် မိပြီး၊ ဒီလုပ်ရပ်အပေါ် စိတ်ပျက်ဝမ်းနည်းရကြောင်း နော်ဝေနိုင်ငံခြားရေးဝန်ကြီးဌာနက မနေ့က ပြော ဆိုလိုက်ပါတယ်။

နော်ဝေ လွှတ်တော် နိုင်ငံခြားရေးရာနဲ့ ကာကွယ်ရေးကော်မတီအဖွဲ့ဝင် Halleraker တိုင်းပြည်ဆင်းရဲတာကို ဖုံးကွယ်ဖို့ကြိုးစားတဲ့အနေနဲ့ လူတွေနေထိုင်ရာ နေရာတစ်ခုကို ဖယ်ရှားပစ်တဲ့ မြန်မာအာဏာပိုင်တွေကို ဘယ်လိုနားလည်ရမှန်း မသိတော့ပါဘူး၊ မြန်မာနိုင်ငံ ဆင်းရဲတယ်၊ အဲ့ဒီဆင်းရဲတဲ့ကိစ္စကိုက နော်ဝေက ကူညီဖြေရှင်းချင်နေတဲ့ကိစ္စပါ ၊ မြန်မာဟာ နားလည်မှုလွဲနေတယ်လို့ နော်ဝေအသံလွှင့်ဌာန NRK ကို ပြောဆိုခဲ့တာပါ။

နော်ဝေနိုင်ငံခြားရေးဝန်ကြီးဌာန ဆက်သွယ်ရေးဆိုင်ရာ အကြီးအကဲ Frode Angersen ကလည်း ဆင်းရဲတဲ့ကိစ္စဟာ ဖုံးကွယ်ထားရမယ့်အရာ မဟုတ်ကြောင်း၊ ဖွံ့ဖြိုးတိုးတက်မှုနဲ့ ဖြေရှင်းရမယ့် ပဿနာသာဖြစ်ကြောင်းဒါကြောင့် လည်းနော်ဝေဟာ မြန်မာနဲ့ ကိုယ်တိုင်ကိုယ်ကျိတွေ့ဆက်ဆံနေ တာဖြစ်ကြောင်း ပြောဆိုပါတယ်။

နော်ဝေဘုရင်နဲ့ မိဖုရားတို့ ရေလမ်းခရီးနဲ့ မန္တလေးကိုမရောက်ရှိခင် မန္တလေး ကမ်းနားလမ်း၊ ဂေါဝိန်ဆိပ်နဲ့ ရှမ်းကလေးကျွန်းကြားက ကျူးကျော်အိမ်တွေကို ဒီဇင်ဘာ ၁ ရက်နေ့မှာ မန္တလေး စည်ပင်သာယာ က မြေထိုးစက်ဘူဒိုဇာတွေနဲ့ထိုးပြီး ဖယ်ရှားခဲ့ကြောင်း၊ ဂေါဝိန်ဆိပ်တစ်ခုတည်းမှာပဲ အိမ်ခြေ ၇ဝ ဖျက်ဆီးခံခဲ့ရပြီး၊ လူဦးရေ ၂ဝဝ ဝန်းကျင် အိုးအိမ်မဲ့ဖြစ်ခဲ့ရကြောင်း ပြည်တွင်း သတင်းတွေက ဖော်ပြ ခဲ့ကြပါတယ်။

နော်ဝေဘုရင်နဲ့ မိဖုရားတို့ရဲ့ ရေယာဉ်ဆိုက်ကပ်ချိန်မှာတော့ လူနေရပ်ကွက်ဟာ ကွင်းပြင်ကြီးဖြစ်နေပြီး၊ အမြန်လာစိုက်ထားတဲ့ ပန်းပွင့်တွေ၊ မြန်မာနဲ့ နော်ဝေအလံတွေ တလွင့်လွင့်ဖြစ်နေကြောင်း နော်ဝေ သတင်းစာ တစ်စောင်က ဖော်ပြပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး မြန်မာအာဏာပိုင်တွေကို စုံစမ်းမေးမြန်းမယ်လို့ နော်ဝေနိုင်ငံခြားရေးဝန်ကြီးဌာန က ပြောပါတယ်။
RFA Burmese

0 comments:

Post a Comment