Thursday, October 9, 2014

IS လက်သို့ မကျလို၍ နောက်ဆုံးကျည်တစ်တောင့်ဖြင့် မိမိကိုယ်ကို အဆုံးစီရင်သွားသည့် ကာဒစ်စစ်သမီးပျို

9 October 2014
ဆီးရီးယားနိုင်ငံရှိ ကာဒစ်လူမျိုး အများစု နေထိုင်သော ကိုဘာနီမြို့ အနီးတွင် IS အစွန်းရောက်များနှင့် ကာဒစ် တပ်ဖွဲ့ဝင်များ တိုက်ပွဲဖြစ်ပွားစဉ် ကျည်ဆန်ပြတ် သွားသော ကာဒစ်စစ်သမီး တစ်ဦးက နောက်ဆုံး ကျန်သည့် ကျည်ဆန်တစ်တောင့်ဖြင့် မိမိကိုယ်ကို အဆုံး စီရင်သွား ခဲ့ကြောင်း သိရသည်။

Ceylan Ozalp အမည်ရှိ ကာဒစ်စစ်သမီးသည် အသက် ၁၉ နှစ်အရွယ်သာ ရှိသေးပြီး IS အစွန်းရောက် များ၏ လက်သို့ကျရောက်၍ အဓမ္မပြုကျင့်ခံရခြင်း၊ နှိပ်စက်ညှဉ်းပန်း ခံရခြင်းထက် မိမိကိုယ်ကိုယ် အဆုံး စီရင်သည့် နည်းလမ်းအား ရွေးချယ်သွား ခဲ့ခြင်းဖြစ်သည်။

IS စစ်သွေးကြွများသည် အမျိုးသမီးတစ်ဦး၏ သတ်ဖြတ်မှုကို ခံရပါက ကောင်းကင်ဘုံသို့ မရောက်ရှိနိုင်ဟု ယူဆကာ ကြောက်ရွံ့ကြသည် အတွက် AK-47 ကိုင် ဘွားဘွားများအပါအ၀င် ကာဒစ်စစ်သမီးများ ရှေ့ တန်း စစ်မျက်နှာ၌ မည်သို့မည်ပုံတိုက်ပွဲဝင်နေကြသည်ကို Ceylan Ozalp က သတင်းဌာနများနှင့် တွေ့ ဆုံစဉ်က ပြောဆိုခဲ့ဖူးသည်။

သူမတို့အနေဖြင့် ကြောက်ရွံ့ခြင်းမရှိပါကြောင်းနှင့် IS အဖွဲ့၏ ဖမ်းဆီးခံရခြင်းထက် မိမိကိုယ်ကို သတ်သေခြင်းက ပို၍ ကောင်းမည်ဖြစ်ပါ ကြောင်း Ceylan Ozalp က ဖြေကြားခဲ့ဖူးသည်။

သို့သော် တူရကီသတင်းစာများ၏ ဖော်ပြချက်အရ သူမသည် IS စစ်သွေးကြွများ အား ခုခံတိုက်ခိုက်နေစဉ် ကျဆုံးသွားခဲ့သည်ဟု သိရသည်။ သူမအနေဖြင့် ကျည်ဆန်ပြတ်သွားပြီဖြစ်၍ မိမိကိုယ်ကိုယ် အဆုံးစီ ရင်တော့မည်ဖြစ်ပါကြောင်း နှင့် အားလုံးကို နှုတ်ဆက်ခဲ့ပါကြောင်း ရေဒီယိုစကားပြောစက်မှတစ်ဆင့် ဆက်သွယ်ပြောကြားခဲ့သည်ဟု ဆိုသည်။

လက်ရှိအချိန်တွင် ကိုဘာနီမြို့လယ်ရှိ အစိုးရ ရုံးအဆောက်အအုံကြီးတစ်ခုကို IS စစ်သွေးကြွများသိမ်းယူ ကာ ၎င်းတို့၏အလံကို လွှင့်ထူထားလိုက်ပြီဖြစ်ကြောင်း သတင်းများထွက်ပေါ်နေသော်လည်း ကာဒစ်တပ် ဖွဲ့ဝင်များကမူ ကိုဘာနီမြို့ မကျသေးကြောင်း အခိုင်အမာပြောဆိုထားသည်။
စည်သူကျော်စွာ
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
Ref:Daily Star

0 comments:

Post a Comment