Thursday, October 9, 2014

၂၀၁၄ နိုဘယ်လ်ဆုအကြောင်း သိကောင်းစရာ ငါးချက်

၂ဝ၁၄ ခုနှစ် နိုဘယ်လ်ဆု ချီးမြှင့်ရေး ရာသီဟာ ရင်ခုန်စရာ တွေနဲ့ ပြည့်နှက် နေပါတယ်။ အမြင့်ဆုံးဆုလို့ တင်စားခေါ်ဝေါ် နေကြတဲ့ ငြိမ်းချမ်းရေး နိုဘယ်လ်ဆုကြီးကို ဘယ်သူ ရမလဲဆိုတာကို ကမ္ဘာက မျှော် လင့် စောင့်စား နေပါတယ်။ ကမ္ဘာ့ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ကပဲ ရသွားမလား၊ ပုပ်ရ ဟန်း မင်းကြီးပဲလား၊ ဒါမှမဟုတ် စနိုးဒင်ကပဲ ရသွားမလားဆိုတဲ့ အတွေးတွေ ကိုယ်စီနဲ့ စောင့်မျှော် နေကြ တဲ့ ငြိမ်းချမ်းရေး နိုဘယ်လ်ဆုကို အောက်တိုဘာ ၁ဝ ရက်မှာ ကြေညာ ပါမယ်။ ကြေညာချီးမြှင့်ပြီး တဲ့ နိုဘယ်လ် ဆု တွေ ကတော့ ဆေးဘက်ဆိုင်ရာ နိုဘယ်လ်ဆု၊ ရူပဗေဒ ဆိုင်ရာ နိုဘယ်လ်ဆု၊ ဓာတုဗေဒ ဆိုင်ရာ နိုဘယ်လ်ဆု နဲ့ စာပေဆိုင်ရာ နိုဘယ်လ်ဆု တို့ ဖြစ်ပါတယ်။

သင်အခုမှ ရောက်ဖူးတဲ့ ရှော့ပင်းမော အသစ်ရဲ့ ကားပါကင်မှာ ကားရပ်ထား ခဲ့ပါတယ်။ ဈေးဝယ်ပြီး သွားတဲ့အခါ ဒီကားရှိရာ နေရာကို သင် ဆိုက်ဆိုက် မြိုက်မြိုက် ပြန်ရောက် လာပါတယ်။ သင့်ဦးနှောက် က တည်နေရာ နဲ့ အကွာအဝေးပြ မြေပုံကို ဘယ်လို ဖန်တီးပြီး ဘယ်လို မှတ်မိတယ် ဆိုတာကို သင်တွေးဖူး ပါသလား။

တွေးမိပြီး သုတေသန လုပ်ခဲ့သူတွေ ကတော့ နိုဘယ်လ်ဆုကို ရရှိ သွားကြပါပြီ။ အောက်တိုဘာ ၆ ရက်မှာ ဆွီဒင်နိုင်ငံ၊ ကာရိုလင်စကီ သိပ္ပံ၊ နိုဘယ်လ်ဆု ပေးအပ် ချီးမြှင့်ရေးအဖွဲ့ က အာရုံကြော သိပ္ပံပညာ ရှင် တွေဖြစ်ကြတဲ့ ဗြိတိန် - အမေရိကန် လူမျိုး သုတေသီ ဂျွန်အိုကီဖ် ကို နော်ဝေ နိုင်ငံသား ဇနီးမောင်နှံ မေဘရစ်မိုဆာ၊ အက်ဒ်ဗတ်မိုဆာ တို့နဲ့အတူ ဆေးဘက်ဆိုင်ရာ နိုဘယ်လ်ဆုကို တွဲဖက် ပေးအပ် ချီးမြှင့် လိုက်ပါတယ်။

ဦးနှောက်ရဲ့ GPS စနစ်လို့ တင်စားခေါ်ဝေါ်နိုင်တဲ့ ဦးနှောက် မြေပုံညွှန်းရေးဆွဲတဲ့စနစ်ကို တွေ့ရှိခဲ့တာဟာ အယ်လ်ဇိုင်းမား နဲ့ ဒီမင်းရှားရောဂါဝေဒနာသည်တွေအတွက် အင်မတန် အကျိုးရှိ သွားမှာပါ။ စင်ကာပူလို နိုင်ငံငယ်လေး တစ်ခုတည်း မှာတောင် ဒီမင်းရှား ဝေဒနာရှင်ဦးရေ ၃၈ဝဝဝ ခန့် ရှိနေပြီး ဒီကိန်း ဂဏန်းဟာ ၂ဝ၃ဝ ခုနှစ်မှာ ဦးရေ ၉၂ဝဝဝ အထိ တိုးသွား မယ်လို့ ခန့်မှန်း ထားပါတယ်။ ဦးနှောက်ထဲမှာ မှတ်ဉာဏ်ကို တည်ဆောက် ပေးတဲ့ နျူရွန်ဆဲလ်တွေ ရှိပါတယ်။ တခြား မှတ်မိရမယ့် ကိစ္စတွေ အပြင် တည်နေရာ မြေပုံညွှန်း တွေကိုလဲ ဒီဆဲလ်တွေ ကပဲ ပြုလုပ်ပေး ပါတယ်။ အသက်အရွယ် ကြီးရင့်လာလို့ ဒီဆဲလ်တွေ ပျက်စီးဆုံးရှုံး သွားတဲ့အတွက် မှတ်ဉာဏ် ပျောက်ဆုံး တာကို ဒီမင်းရှား လို့ခေါ်ပါတယ်။ အယ်လ်ဇိုင်းမား ကလဲ ဒီသဘော ပါပဲ။

အခုတော့ သိပ္ပံပညာရှင် တွေက ဒီဦးနှောက် GPS စနစ် ဘယ်လို အလုပ် လုပ်တယ်ဆိုတာ သိပြီမို့ နျူရွန် ဆဲလ်တွေ ပျက်စီး သွားပေမယ့်လဲ မှတ်ဉာဏ်ကို ဆက်လက် ထိန်းထား ပေးနိုင်မယ့် နည်းစနစ် တစ်ခုခု ကိုတော့ ဖော် ထုတ် နိုင်ကြ တော့မှာပါ။ ဒါကြောင့်လဲ ဒီ အာရုံကြော သိပ္ပံပညာရှင် သုံးဦးကို ဆေး ဘက်ဆိုင်ရာ နိုဘယ်လ်ဆု ပေးအပ် ချီးမြှင့်ခဲ့တာ ဖြစ်ပါတယ်။

နိုဘယ်လ်ဆု အကြောင်း စိတ်ဝင်စားဖွယ် အချက် ငါးချက်

၁။ စနိုးဒင် က ပုပ်ရဟန်း မင်းကြီးကို ကျော်တက် သွားမလား
ဒီနှစ်မှာ ငြိမ်းချမ်းရေး နိုဘယ်လ်ဆုက အပြိုင်အဆိုင် အများဆုံး ဖြစ်နေပါတယ်။ ပဏာမ ရွေးချယ်ခံ ရသူ ၂၇၈ ဦး ရှိပါတယ်။ ဒီ အမည်စာရင်းကို ထိပ်တန်း လျှို့ဝှက် ထားပေမယ့် အက်ဒွပ်စနိုးဒင်၊ ပုပ်ရဟန်း မင်းကြီး ဖရန်စစ်၊ မာလာလာ ယူဆာဖဇိုင် တို့ ပါဝင်တယ်လို့ သတင်းတွေ ထွက်ပေါ် နေပါတယ်။ ၂ဝ၁၄ ခုနှစ် နိုဘယ်လ်ဆုများ ပေးအပ်ချီးမြှင့် ခြင်းကို အောက်တိုဘာ ၆ ရက်က စတင်ခဲ့ ပါတယ်။ အဲဒီနေ့မှာ ဆေးဘက်ဆိုင်ရာ နိုဘယ်လ်ဆု ဆွတ်ခူးရရှိ သူများကို ကြေညာခဲ့ပြီး ၇ ရက်မှာ ရူပဗေဒဆု၊ ၈ ရက်မှာ ဓာတုဗေဒဆု နဲ့ ၉ ရက်မှာ စာပေဆု တို့ကို ချီးမြှင့်ခဲ့ပြီး တဲ့နောက် ၁ဝ ရက်မှာ ငြိမ်းချမ်းရေး ဆုကို ချီးမြှင့်သွားမှာ ဖြစ်ပြီး စီးပွားရေး ဆိုင်ရာဆုကို ချီးမြှင့် သွားမှာ ဖြစ်ပါတယ်။

LED မီးလုံးကို တီထွင်နိုင်ခဲ့တဲ့ အီဆာမူ အကာဆာကီ၊ ဟီရိုရှီအမာနို နဲ့ ရှူဂျီနာကာမူရာ တို့ သုံးဦးက ရူပဗေဒဆိုင်ရာ နိုဘယ်လ်ဆု ကိုလည်းကောင်း၊ အလင်း ထွက်ခြင်းကို အထူး ခွဲခြမ်းစိတ်ဖြာ ကြည့်ရှုနိုင်တဲ့ အဏုကြည့်မှန်ပြောင်း နည်းပညာကို တီထွင် နိုင်ခဲ့တဲ့ အဲရစ်ဘက်ဇစ်၊ စတီဖင်ဟဲလ် နဲ့ ဝီလီယံမိုအားနား တို့က ဓာတုဗေဒ ဆိုင်ရာ နိုဘယ်လ်ဆု ကိုလည်းကောင်း၊ လူသားတွေရဲ့ ကံကြမ္မာ အကြောင်း ပြောင်မြောက်စွာ ရေးသား ဖော်ပြနိုင် ခဲ့တဲ့ ပက်ထရစ် မိုဒီယာနို က စာပေဆိုင်ရာ နိုဘယ်လ်ဆု ကိုလည်းကောင်း အသီးသီး ဆွတ်ခူး ရရှိ ထားပါတယ်။

၂။ အိမ်ထောင်ရှိ သူတွေ တစ်ပန်းသာ နေပါတယ်
၁၉ဝ၁ ခုနှစ်၊ နိုဘယ်လ်ဆုတွေ စတင် ချီးမြှင့်ခဲ့တဲ့ နှစ်ကစလို့ အခု ၂ဝ၁၄ ခုနှစ်အထိမှာ ဆေးဘက် ဆိုင်ရာ နိုဘယ်လ်ဆုရှင် မိုဆာဇနီးမောင်နှံ ဟာ နိုဘယ်ဆု ကို အခြား ပညာရှင် တစ်ဦးနဲ့ တွဲဖက် ဆွတ်ခူး ရရှိသွားတဲ့ ပဉ္စမမြောက် နိုဘယ်လ်ဆုရှင် ဇနီးမောင်နှံ အတွဲ ဖြစ်ပါတယ်။ ဆုတစ်ခု တည်းကို အတူတကွ ရရှိတဲ့ ဇနီးမောင်နှံ စာရင်းမှာတော့ စတုတ္ထ မြောက်အတွဲ ဖြစ်ပါတယ်။ အကြံတစ်ခု ရလိုက်တဲ့အခါ တခြား ပညာရှင် တွေကို ရက်ချိန်း တောင်းပြီး တွေ့ဆုံ ဆွေးနွေးတာမျိုး လုပ်ဖို့မလိုဘဲ တစ်အိမ်တည်း နေသူတွေ ပီပီ ချက်ချင်း ပြောဆို ဆွေးနွေးလို့ ရတဲ့အတွက် ဇနီးမောင်နှံ သိပ္ပံပညာရှင် တွေက တစ်ပန်းသာ ပါတယ်လို့ မိုဆာဇနီးမောင်နှံ ကပြောပြ ပါတယ်။

၃။ နိုဘယ်လ်ဆု ကို ငြင်းပယ်ခဲ့ သူများ
နိုဘယ်လ်ဆု ပေးအပ် ချီးမြှင့်ခဲ့တဲ့ နှစ်ပေါင်း ၁၁၃ နှစ်မှာ နိုဘယ်လ်ဆု ချီးမြှင့်ခံ ရပေမယ့် ငြင်းပယ်ခဲ့ သူ နှစ်ဦးပဲရှိပါ တယ်။ ပြင်သစ် စာရေးဆရာ ဂျင်းပေါဆာထရီ ဟာ ၁၉၆၄ ခုနှစ်မှာ နိုဘယ်လ်ဆု ချီးမြှင့်ခံ ရပေမယ့် ငြင်းပယ်ခဲ့ ပါတယ်။ အဲဒီတုန်းက နိုဘယ်လ်ဆု အပြင် အခြားဆုတွေ အားလုံးကိုပါ ငြင်းပယ်ခဲ့ တာပါ။ နောက်တစ်ဦး ကတော့ ဗီယက်နမ် ခေါင်းဆောင် လီဒတ်သို ဖြစ်ပါတယ်။ ၁၉၇၃ ခုနှစ်မှာ အမေရိကန် ပြည်ထောင်စု နိုင်ငံတော် အတွင်းရေးမှူး ဟင်နရီ ကင်ဆင်ဂျာ နဲ့ တွဲဖက်ပြီး ငြိမ်းချမ်းရေးဆု ကို ပေးအပ်ချီးမြှင့် ခံခဲ့ရပေမယ့် ငြင်းပယ်ခဲ့ ပါတယ်။ အဲဒီတုန်းက သူတို့နှစ်ယောက် စေ့စပ် ညှိနှိုင်းပြီး အမေရိကန် - ဗီယက်နမ် စစ်ပွဲကို အပစ်အခတ် ရပ်စဲ နိုင်ခဲ့တာပါ။

၎။ အသက် အငယ်ဆုံး နိုဘယ်လ်ဆုရှင်
သြစတြေးလျ နိုင်ငံဖွား လောရင့်ဘရက် ဟာ ၁၉၁၅ ခုနှစ်မှာ ရူပဗေဒဆိုင်ရာ နိုဘယ်လ်ဆု ချီးမြှင့်ခံ ရတုန်းက အသက် ၂၅ နှစ်ပဲ ရှိပါ သေးတယ်။

၅။ ဆုကြေး
အဲဖရက်နိုဘယ်လ် ဟာ ဆွီဒင်ခနော ၃၁ သန်း ထက်မနည်း တန်ကြေးရှိတဲ့ ပစ္စည်းဥစ္စာတွေ ထားခဲ့ပါ တယ်။ ဒီနေ့ ဒီအချိန်မှာ ဆိုရင် ဆွီဒင်ခနော ၁၇ဝ၂ သန်းလောက် တန်ပါတယ်။ အဲဒီပ စ္စည်းဥစ္စာ တွေ ကို ငွေပြန်ဖော်ပြီး ရင်းနှီးမြှုပ်နှံ ခဲ့ရာကနေ ရရှိလာတဲ့ ဝင်ငွေတွေကို သုံးပြီး နှစ်စဉ် နိုဘယ်လ်ဆု တွေ ချီးမြှင့် နေတာပါ။ ၂ဝ၁၄ ခုနှစ် နိုဘယ်လ်ဆု ချီးမြှင့်ရာမှာ ဆုတစ်ဆုကို ကန်ဒေါ်လာ ၁ ဒသမ ၄ သန်းနဲ့ ညီမျှတဲ့ ဆွီဒင်ခနော ရှစ်သန်း ကို ချီးမြှင့်သွားမှာ ဖြစ်ပါတယ်။

နိုဘယ်လ်ဆု တွေကို ၁၉ဝ၁ ခုနှစ်က စတင်ပေးအပ် ချီးမြှင့်ခဲပြီး ကမ္ဘာတစ်ဝန်း က ရူပဗေဒ၊ ဓာတုဗေဒ၊ ဆေး၊ စာပေ၊ ငြိမ်းချမ်းရေး နယ်ပယ်တွေမှာ ထူးထူးချွန်ချွန် လုပ်ဆောင် နိုင်ခဲ့သူတွေ ကို ပေးအပ် ချီးမြှင့် ပါတယ်။ ၁၉၆၈ ခုနှစ်မှာ စီးပွားရေး သိပ္ပံဆု ကိုလဲ ထပ်မံထည့်သွင်း ခဲ့ပါတယ်။ ဒီဆုကိုတော့ အဲဖရက်နိုဘယ်လ် ကို ဂုဏ်ပြုတဲ့ အနေနဲ့ ထပ်မံ ထည့်သွင်း ထားခြင်း ဖြစ်ပါကြောင်း လေ့လာ ရေးသား တင်ပြ လိုက်ရပါတယ်။
PyiChitThar

0 comments:

Post a Comment