Thursday, October 23, 2014

ဆီးရီးယား ကိုဘာနီမြို့ကို အမေရိကန် ကျောထောက်နောက်ခံ ကာ့ဒ်တပ်ဖွဲ့များ ထိန်းချုပ်ထားဆဲဟု ပင်တဂွန်ပြောကြား

ဝါရှင်တန်၊ အောက်တိုဘာ ၂၂
ဆီးရီးယား နယ်စပ်ဒေသရှိ မဟာဗျူဟာအရ အရေးပါသော ကိုဘာနီမြို့ အခြေအနေမှာ အစ္စလာမ္မစ်နိုင် ငံတော် IS စစ်သွေးကြွအုပ်စုများလက်သို့ ရောက်ရှိတော့မည့် အနေအထားတွင် ရှိသည်ဟူသော သတင်း ထွက်ပေါ်မှုများမှာ မှန်သော်လည်း ယင်းမြို့၏ နေရာအတော်များများကို ကာ့ဒ်လူမျိုးစု တပ်ဖွဲ့များကသာ ထိန်းချုပ်ထားဆဲပင် ဖြစ်သည်ဟု အမေရိကန် ကာကွယ်ရေး ဝန်ကြီးဌာနက ထုတ်ဖော်ပြောဆိုကြောင်း VOA သတင်းဌာနက ရေးသားဖော်ပြသည်။

“ကိုဘာနီသည် လွန်စွာ အားနည်းနေပြီ ဖြစ်သော်လည်း ယင်းမြို့၏ နေရာအများစုကို ကာ့ဒ်တို့က ထိန်းချုပ် ထားနိုင်ဆဲပင် ဖြစ်သည်” ဟု အမေရိကန် ကာကွယ်ရေး ဝန်ကြီးဌာနက ထုတ်ပြန်သော ကြေညာချက်က ဆိုသည်။

ထို့ပြင် အမေရိကန်နှင့် မဟာမိတ်တို့၏ လေကြောင်းထိုးစစ်များသည် အီရတ်နိုင်ငံ လျှပ်စစ်စွမ်းအင် ထုတ်လုပ်မှုအတွက် လွန်စွာအရေးပါသော မိုဆူးလ် ရေလှောင်တမံကို အကာအကွယ်ပေး တိုက်ခိုက်နေ သည့် ကာ့ဒ်တပ်ဖွဲ့ဝင်များအတွက် အထောက်အပံ့ ပြုလျက်ပင် ရှိသည်ဟု ဆိုသည်။

အမေရိကန် စစ်ဘက်ကွပ်ကဲရေး ဌာန၏ အဆိုအရ တနင်္လာနှင့် အင်္ဂါနေ့တို့တွင် ဆီးရီးယားမြောက် ပိုင်း ဒေသမှ ကိုဘာနီမြို့အနီးရှိ IS အုပ်စု၏ စစ်စခန်းတစ်ခုနှင့် အဆောက်အအုံ တစ်ခုကို လေကြောင်း ထိုးစစ်ဆင်မှုများဖြင့် တိုက်ခိုက် ဖျက်ဆီးပစ်နိုင်ခဲ့သည်။

ပင်တဂွန် စစ်ဌာနချုပ်မှ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးဂျွန်ကစ်ဘီက ကိုဘာနီမြို့သည် IS အုပ်စုများလက် သို့ ကျရောက်သွားနိုင်သည့် အနေအထားတွင် ရှိသည်ဟူသော ပြောဆိုမှုများမှာ မှန်ကန်ကြောင်း ပြောကြား သည်။

“ကိုဘာနီမှာရှိတဲ့ ကာ့ဒ်တပ်ဖွဲ့တွေက မြို့ရဲ့ ပင်မနေရာတွေကို ထိန်းချုပ်ထားနိုင်ပါတယ်။ IS အုပ်စုတွေ ကတော့ မြို့ကို သိမ်းပိုက်နိုင်ရေးအတွက် ဆက်လက်ခြိမ်းခြောက် တိုက်ခိုက်နေဆဲပဲ။ ခင်ဗျားတို့ တွေ့တဲ့ အတိုင်းပဲ. . ကျွန်တော်တို့ လေကြောင်းထိုးစစ်တွေဟာ အဲဒီမှာရှိတဲ့ ကာ့ဒ်တပ်ဖွဲ့တွေ အတွက်ကို အကူအညီ ပေးနိုင်ပါတယ်” ဟု ၎င်းက ပြောကြားသည်။

သို့သော် ယင်းမြို့သည် အစွန်းရောက် အကြမ်းဖက်အုပ်စုများ လက်ဝယ်သို့ ကျရောက်သွားနိုင်သည့် အနေအထားတွင် ရှိနေဆဲပင် ဖြစ်ကြောင်း၊ မြို့တွင်းရှိနေသော IS အုပ်စုများမှာ အင်အား ကောင်းမွန်သော် လည်း ဆက်လက်သိမ်းပိုက်နိုင်ခြင်း မရှိကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

ပြီးခဲ့သည့် တနင်္ဂနွေနှင့် တနင်္လာနေ့တို့တွင် အမေရိကန် စစ်လေယာဉ်များသည် ကာ့ဒ်လူမျိုးစု တပ်ဖွဲ့ဝင်များ အတွက် လက်နက်အပါအဝင် အခြားသော ထောက်ပံ့ပစ္စည်းများကို ဝေဟင်မှ ကြဲချပေးနိုင်ခဲ့သည်။

IS စစ်သွေးကြွ အုပ်စုသည် အီရတ်နှင့် ဆီးရီးယား နယ်စပ်ဒေသမှ နယ်မြေ အတော်များများကို ထိန်းချုပ်ထားပြီး ယခုအခါ စစ်မဟာဗျူဟာအတွက် အချက်အချာကျသော ကိုဘာနီမြို့ကို သိမ်းယူရန် ကြိုးပမ်းလျက်ရှိသည်။

၎င်းတို့၏ ထိုးစစ်များကြောင့် ကိုဘာနီမြို့ရှိ အရပ်သား ထောင်ပေါင်းများစွာ ထွက်ပြေး တိမ်းရှောင်ခဲ့ကြရ သည်။
The Voice Weekly

0 comments:

Post a Comment