Sunday, October 12, 2014

လှိုင်သာယာ သမကုန်းအဝိုင်းတွင် ယာဉ်ထိန်းရဲ အယောင်ဆောင်ကာ ငွေတောင်းခံ

ရန်ကုန်၊ အောက်တိုဘာ ၁၁
လှိုင်သာယာမြို့နယ် သမကုန်းအဝိုင်းတွင် လွန်ခဲ့သော နှစ်ပတ်ခန့်က မော်တော်ယာဉ်များကို တားဆီး စစ်ဆေးကာ ငွေများလိမ်လည် တောင်းခဲ့သော ယာဉ်ထိန်းရဲ အယောင်ဆောင် အမျိုးသား သုံးဦးအနက် ဒုတပ်ကြပ်အဆင့်ရှိ ရဲတပ်ဖွဲ့ဝင်တစ်ဦးကို အောက်တိုဘာလ ၉ ရက်နေ့က ဖမ်းမိခဲ့ပြီး ကျန်နှစ်ဦးကို စုံစမ်းလျက် ရှိကြောင်း သောင်ကြီးနယ်မြေ ရဲစခန်းထံမှ သိရှိရသည်။

စက်တင်ဘာလ ၂၇ ရက်နေ့က သမကုန်းအဝိုင်း အနီးရှိ မော်တော်ယာဉ်များကို အဆိုပါ ယာဉ်ထိန်းရဲ အယောင်ဆောင်ထားသူ အမျိုးသားသုံးဦးက တားဆီးစစ်ဆေးကာ ယာဉ်စည်းကမ်း ထိန်းသိမ်းရေး ဥပဒေနှင့် မညီသော ယာဉ်မောင်းများကို ဖမ်းဆီးမည်ဟု ခြိမ်းခြောက်ပြီး ငွေများလိမ်လည် တောင်းခံခဲ့သဖြင့် အမှုမှန် ပေါ်ပေါက်ရန် လှိုင်သာယာမြို့နယ် ယာဉ်ထိန်းရဲတပ်ဖွဲ့မှ အရာရှိက တရားလိုပြု အမှုဖွင့် တိုင်ကြားခဲ့ခြင်း ဖြစ်ကြောင်း ယင်းရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။

“သူတို့အဖွဲ့က ကားတွေကို ရပ်တန့်ခိုင်းပြီး လိုင်စင်ဝှီးတက်တွေကို စစ်ဆေးခဲ့တယ်။ ယာဉ်စည်းကမ်း ထိန်းသိမ်းရေးအဖွဲ့က ပြဋ္ဌာန်းထားတဲ့ ဥပဒေနဲ့မညီတဲ့ ယာဉ်မောင်းတွေကို ဖမ်းဆီးမယ်ဆိုပြီး ခြိမ်းခြောက်တော့ ယာဉ်မောင်းတွေက အဖမ်းမခံရအောင် ညှိပြီး ငွေပေးခဲ့ကြတယ်။ ငွေလိမ်တောင်းခံရတဲ့ ယာဉ်မောင်းတွေက သူတို့အပြစ်ပေါ်မှာ ကြောက်လို့ စခန်းမှာ တရားလိုပြုပြီး အမှုလာမဖွင့်ပေမယ့် ရဲတပ်ဖွဲ့ရဲ့ ဂုဏ်သိက္ခာ မညှိုးနွမ်းရအောင် ဒီအမှုကို ယာဉ်ထိန်းရဲက တရားလိုပြုပြီး အမှုဖွင့်ခဲ့တာပါ” ဟု ၎င်းက ရှင်းပြသည်။

အဆိုပါ ယာဉ်ထိန်းရဲ အယောင်ဆောင်ထားသူ အမျိုးသားသုံးဦးအနက် ဖမ်းဆီးရမိသူတစ်ဦးမှာ ရန်ကုန်တိုင်းဒေသကြီး တောင်ပိုင်းခရိုင် ရဲတပ်ဖွဲ့မှ ဒုတပ်ကြပ် တစ်ဦးဖြစ်ပြီး ယင်းနေ့က သမကုန်း အဝိုင်းအနီးတွင် ယာဉ်များကို ရပ်တန့်စစ်ဆေးကာ ယာဉ်မောင်း ခုနစ်ဦးထံမှ ငွေကျပ်ဆယ်သိန်းခန့်ကို တောင်းခံခဲ့သည်ဟု စုံစမ်းသိရှိရကြောင်း လှိုင်သာယာမြို့နယ် ယာဉ်ထိန်းရဲတပ်ဖွဲ့ထံမှ သိရှိရသည်။

“ကျန်နှစ်ယောက်က ဧရာဝတီတိုင်း ပုသိမ်မှာနေတယ်လို့ သတင်းရထားတယ်။ စခန်းမှာ ပုဒ်မ ၁၇၀ နဲ့ အမှုဖွင့်ထားပြီး ပုသိမ်ရဲတပ်ဖွဲ့နဲ့ ပူးပေါင်းပြီး ကျန်တဲ့နှစ်ယောက်ကို ဖမ်းမိဖို့ကို ဆောင်ရွက်မှာပါ” ဟု သောင်ကြီးနယ်မြေ ရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
The Voice Weekly

လှိုင်သာယာ သမကုန်းအဝိုင်းတွင် ယာဉ်ထိန်းရဲ အယောင်ဆောင်ကာ ငွေတောင်းခံ

- See more at: http://www.thevoicemyanmar.com/index.php/news/item/3356-hty#sthash.sxpORQav.dpuf

လှိုင်သာယာ သမကုန်းအဝိုင်းတွင် ယာဉ်ထိန်းရဲ အယောင်ဆောင်ကာ ငွေတောင်းခံ

- See more at: http://www.thevoicemyanmar.com/index.php/news/item/3356-hty#sthash.sxpORQav.dpuf

0 comments:

Post a Comment