Friday, October 10, 2014

အီဘိုလာကို အသေခံ လက်နက်အဖြစ် အကြမ်းဖက်သမားများ သုံးလာနိုင်

အနောက်အုပ်စုကို တိုက်ခိုက်ရာတွင် အကြမ်းဖက်သမား များက အီဘိုလာပိုးကို ကိုယ်တိုင်ကူးစက်ခံ ကာ ပြန့်ပွားအောင် လုပ်ဆောင်ခြင်း suicide bio-weapon (အသေခံ၍ ရောဂါပိုး သယ်ဆောင် တိုက်ခိုက်ခြင်း)ဖြင့် ဆန့်ကျင် တိုက်ခိုက် လာဖွယ် ရှိကြောင်း အမေရိကန် ရေတပ် စစ်ပါရဂူ တစ်ဦးက သတိပေး လိုက်သည်။

အီဘိုလာ ဗိုင်းရပ်စ်ပိုးသည် ရောဂါ ဖြစ်ပွားနေသူနှင့် ထိတွေ့ ခြင်း ဖြင့်ပင် အခြားသူ တစ်ဦးထံ အလွယ်တ ကူ ကူးစက်သွားနိုင်သည့် ရောဂါ ဖြစ်သည်။ ထိုအသက်အန္တရာယ် ကြီးလှသော ရောဂါပိုးကို ကူးစက်ခံရန် အတွက် ဘာသာရေး အစွန်းရောက်များ အနေဖြင့် ချီတုံချတုံ ဖြစ်နေမည် မဟုတ်ပဲ ပိုးကူးစက် ခံကာ အနောက်အုပ်စု နိုင်ငံများသို့ လာရောက်၍ ရောဂါပျံ့ နှံ့ ဖြစ်ပွားအောင် လုပ်ဆောင်ကြ လိမ့်မည် ဖြစ်ကြောင်း စစ်ရေးပါရဂူ တစ်ဦး ဖြစ်သည့် အမေရိကန် ရေတပ်စစ်ကောလိပ်မှ အမျိုးသား လုံခြုံရေးရာ ပါမောက္ခ ဗိုလ်မှုးကြီး အငြိမ်းစား တစ်ဦးဖြစ်သူ အယ်ရှင်းကပ် ပြောသည်။

"တစ်သီး ပုဂ္ဂလ အမြင်အရတော့ အီဘိုလာကို သယ်ဆောင် တိုက်ခိုက်မယ် ဆိုတာပဲ။ အကြမ်းဖက် သမား တွေရဲ့ လှုပ်ရှားမှု တစ်ရပ်အနေနဲ့ ဆိုရင် ဒီလို လုပ်ဆောင်လာဖို့ ဖြစ်နိုင်တယ်။ လူသား ကိုယ်တိုင် ရောဂါပိုး သယ်ဆောင်ရာ အဖြစ်နဲ့ လုပ်ဆောင် လာကြမှာ ဖြစ်တယ်"ဟု ၎င်းက ပြောသည်။

ယခု မဟာ ဗျူဟာ နည်းလမ်းသည် ဖြစ်လာနိုင်ခြေ များကြောင်း ဘတ်ကင်ဟမ် တက္ကသိုလ် လုံခြုံရေးနှင့် ထောက်လှမ်းရေး သုတေသန ဌာန ဥက္ကဌ ဖြစ်သူ ပါမောက္ခ အန်တိုနီဂလီးက သဘော တူ ထောက်ခံသည်။ "ဒါဟာ ဖြစ်လာနိုင်ခြေ ရှိနေတဲ့ သီအိုရီ တစ်ခုပဲ။ အိုင်အက်စ် တိုက်ခိုက်ရေး သမားတွေက အသေခံ တိုက်ခိုက်ရေးကို ယုံကြည်ကြပြီး အသေခံဖို့ ကိုလည်း ဖြစ်နိုင်သလောက် လုပ်ဆောင်ကြ မှာပဲ ဖြစ်တယ်။ သူတို့ ဟာ တကယ့် လူသတ်သမားတွေ ဖြစ်ပြီး ခုလို ဗျူဟာမျိုးကို စဉ်းစားကြမှာပဲ ဖြစ်တယ်။ ကျွန်တော်တို့ သတိ မလစ်ဟင်း မိဖို့ လိုတယ်"ဟု အန်တိုနီကပြောသည်။

အီဘိုလာ ရောဂါပိုးသည် အနောက် အာဖရိကတွင် ကပ်ဘေးဆိုက် နေသည့် ရောဂါဖြစ်ပြီး လူပေါင်း ၃၈၀၀ သေဆုံး ခဲ့ပြီ ဖြစ်သည်။ ဥရာပတိုက်နှင့် အမေရိကန် နိုင်ငံများ တွင်လည်း ရောဂါစတင်ဖြစ်ပွားမှု ကို တွေ့ ရှိထားပြီ ဖြစ်သည်။
Mizzima News
Ref: Daily Mail

0 comments:

Post a Comment