Friday, October 10, 2014

အစာငတ်ခံ ဆန္ဒပြသော မိကျောင်းကန် သပိတ်စခန်းမှ ဆန္ဒထုတ်ဖော်သူနှစ်ဦး မူးလဲကျ

ရန်ကုန်၊ အောက်တိုဘာ ၉
ရန်ကုန်မြို့လယ် မဟာဗန္ဓုလပန်းခြံဘေးရှိ မိကျောင်းကန် သပိတ်စခန်း ဖွင့်လှစ်သော ရက် ၂၀၀ ပြည့် အဖြစ် အောက်တိုဘာလ ၉ ရက်နေ့တွင် ဆန္ဒထုတ်ဖော်နေသူ ၅၀ ခန့်က အစာငတ်ခံ ဆန္ဒပြရာမှ အသက် ၄၈ နှစ်အရွယ်ရှိ အမျိုးသားတစ်ဦးနှင့် အသက် ၁၈ နှစ်အရွယ်ရှိ အမျိုးသမီးတစ်ဦးတို့ အားပြတ်ကာ မူးမေ့လဲကျခဲ့ကြောင်း ဆန္ဒထုတ်ဖော်နေသူများထံမှ သိရှိရသည်။

“မနက် ၆ နာရီထဲက သပိတ်စခန်းရှေ့က ကတ္တရာလမ်းပေါ် ထွက်ထိုင်ပြီး အစာငတ်ခံ ဆန္ဒပြတာ။ နေပူပူ မိုးရွာရွာ ဆန္ဒပြနေသူတွေက ထိုင်ရာက မထဘဲ မိကျောင်းကန်မြေ ပြန်ရရှိရေး တို့အရေးဆိုပြီး ကြွေးကြော် ဆန္ဒပြနေတာ။ နေ့ခင်း ၁ နာရီလောက်မှာ ဆန္ဒပြနေသူတွေထဲက နှစ်ယောက် မူးလဲသွားတယ်” ဟု အစာငတ်ခံ ဆန္ဒထုတ်ဖော်နေသူများထဲမှ ကိုမောင်မောင်က ပြောကြားသည်။

အဆိုပါ မူးမေ့လဲကျခဲ့သူ နှစ်ဦးမှာ ပဲခူးတိုင်းဒေသကြီးရှိ အေးသုခကျေးရွာသို့ ရွှေ့ပြောင်းခံရသော ဦးသန်းစိန်နှင့် ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်သို့ ရွှေ့ပြောင်းခံရသည့် မိသားစုများမှ အဝေးသင် တက္ကသိုလ်တက်ရန် စောင့်ဆိုင်းနေသူ မစိုးအိန္ဒြာတို့ ဖြစ်ပြီး အစာငတ်ခံ ဆန္ဒပြနေစဉ် အော့အန်ရာမှ မူးမေ့ကာ လဲကျခဲ့ကြောင်း ဆန္ဒထုတ်ဖော်နေသူများထံမှ သိရသည်။

“မနက် ၆ နာရီကနေ ည ၈ နာရီအထိ အစာငတ်ခံ ဆန္ဒပြမှာ။ သပိတ်စခန်း ဖွင့်တာ ခုနစ်လရှိပြီ။ ပလက်ဖောင်းပေါ် အိပ်၊ ပလက်ဖောင်းပေါ် စားရတာကြောင့် လူတွေက အားအင်ချည့်နဲ့ကုန်ပြီ။ ဒါပေမဲ့ ကိုယ့်မြေကိုယ် ပြန်ရဖို့ အသက်နဲ့ရင်းပြီး အစာငတ်ခံ ဆန္ဒပြရတာ” ဟု ဆန္ဒထုတ်ဖော်နေသော အသက် ၆၀ အရွယ် အမျိုးသမီးကြီးက ပြောဆိုသည်။

လက်ရှိအစိုးရ လက်ထက်တွင် အရှည်ကြာဆုံး ဖြစ်သော မိကျောင်းကန် သပိတ်စခန်းမှာ ပြီးခဲ့သော ၂၀၁၄ ခုနှစ် မတ်လ ၂၄ ရက်နေ့က စတင်ဖွင့်လှစ်ခဲ့ပြီး နှစ်လနီးပါး အကြာတွင် သက်ဆိုင်ရာ အာဏာပိုင်များက အင်အားသုံးကာ နှစ်ရက်ဆက်တိုက် ဝင်ရောက် ဖယ်ရှားခဲ့သော်လည်း သပိတ်စခန်း ရုပ်သိမ်းပေးခြင်း မရှိဘဲ ဆက်လက် ဆန္ဒထုတ်ဖော်ခဲ့ရာမှ သပိတ်ဦးဆောင်သူ ဦးစိန်သန်းကို မြို့နယ်တရားရုံး လေးခုက ပုဒ်မ ၁၈ အပါအဝင် စည်ပင်ဥပဒေ ပုဒ်မ ၆၈ တို့ဖြင့် ထောင်ဒဏ် ၂ နှစ် ၄ လ အမိန့်ချမှတ်ခဲ့ကြောင်း ဆန္ဒထုတ်ဖော်နေသူများထံမှ သိရှိရသည်။

အဆိုပါ ရက် ၂၀၀ ပြည့်အဖြစ် အစာငတ်ခံ ဆန္ဒပြရခြင်းမှာ တစ်ရက်တည်းသာ ဖြစ်ကြောင်း၊ ပြည်ထောင် စုလွှတ်တော်တွင် လယ်ယာမြေ စုံစမ်းစစ်ဆေးရေး ကော်မရှင်က မိကျောင်းကန်မြေနှင့် ပတ်သက်၍ အထူး အစီရင်ခံစာ အပိုဒ် (၄) ကို တင်ပြထားသောကြောင့် အစိုးရ၏ ပြေလည်အောင် ညှိနိုင်းဖြေရှင်းချက်ကို နှစ် လကြာ စောင့်ဆိုင်းမည် ဖြစ်ပြီး ထူးခြားမှု မရှိပါက အသက်များ စတေး၍ အသေခံ ဆန္ဒပြရန် စီစဉ် ထားကြောင်း ဆန္ဒပြနေသူ ကိုမောင်မောင်က ပြောကြားသည်။
The Voice Weekly

0 comments:

Post a Comment