Sunday, October 12, 2014

မြန်မာများကို ထိုင်းနိုင်ငံသားနှင့်တန်းတူ အခွင့်အရေးပေးမည်ဟု ထိုင်းဝန်ကြီးချုပ် ကတိပေး

ရန်ကုန်၊ အောက်တိုဘာ ၁၁
ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားများကို ထိုင်းနိုင်ငံသားများနှင့် တန်းတူအခွင့်အရေး ရရှိအောင် ဆောင်ရွက်ပေးမည် ဖြစ်ကြောင်း ထိုင်းနိုင်ငံ ဝန်ကြီးချုပ်က နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ကို ကတိပေးခဲ့သည်။

ထိုင်းရောက် မြန်မာအလုပ်သမားများ၏ အခွင့်အရေးကို အထူးအလေးအနက်ထား ဆောင်ရွက် မည် ဖြစ်ပြီး မြန်မာအလုပ်သမားများ တရားဝင် အထောက်အထား ရရှိပြီးသည်နှင့် ယင်းသို့ အခွင့်အရေး ရရှိအောင် လုပ်ဆောင်ပေးမည်ဟု ထိုင်းနိုင်ငံ ဝန်ကြီးချုပ်က ကတိပြုခြင်း ဖြစ်ကြောင်း နိုင်ငံတော်သမ္မတရုံး အကြီးတန်း အရာရှိတစ်ဦးက ပြန်လည်ပြောကြားသည်။

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် ထိုင်းနိုင်ငံ ဝန်ကြီးချုပ်တို့ အောက်တိုဘာလ ၉ ရက်နေ့က သမ္မတ အိမ်တော်တွင် တွေ့ဆုံရာ၌ သမ္မတဦးသိန်းစိန်က ထိုင်းရောက် မြန်မာအလုပ်သမားများ၏ အခွင့်အရေးကို ကာကွယ်စောင့်ရေးပေးရန် တောင်းဆိုခဲ့သည်။

အကာအကွယ်ပေးရာတွင် တရားဝင် အလုပ်သမားများကိုသာမက တရားမဝင် ဝင်ရောက် အလုပ်လုပ် ကိုင်နေသည့် မြန်မာအလုပ်သမားများကိုပါ အကာအကွယ်ပေးရန် လိုအပ်ကြောင်း ထိုင်းနိုင်ငံအခြေ စိုက် ရွှေ့ပြောင်းအလုပ်သမားများ အခွင့်အရေးကွန်ရက် (MWRN) ဥက္ကဋ္ဌ ဦးစိန်ဌေးက ပြောကြားသည်။

ထိုင်းနိုင်ငံတွင် ရွှေ့ပြောင်းအလုပ်သမား အတွက် အခွင့်အရေးများကို ဥပဒေအရ ပြဌာန်းပေးထားသော် လည်း ထိုင်းအလုပ်ရှင်များက မလိုက်နာသဖြင့် အခွင့်အရေး မရခြင်း ဖြစ်ကြောင်း ၎င်းကဆိုသည်။

“လက်ရှိ လိုနေတာက ဥပဒေစိုးမိုးမှု။ ထိုင်းအလုပ်ရှင်တွေက ဥပဒေ မလိုက်နာတာကို တင်းကျပ်ပေးရမှာ။ အခွင့်အရေးက ဥပဒေအရ ရှိပြီးသား။ ဥပဒေစိုးမိုးဖို့ တောင်းဆိုရမှာ” ဟု ဦးစိန်ဌေးက ပြောဆိုသည်။

မြန်မာအလုပ်သမားများသည် ထိုင်းနိုင်ငံတွင် ပြဋ္ဌာန်းထားသည့် ဥပဒေပြဋ္ဌာန်းချက်ပါ အခွင့်အရေးများ မရရှိကြကြောင်း ထိုင်းရောက် မြန်မာများက ပြောကြားသည်။

ထိုင်းနိုင်ငံတွင် ပြဋ္ဌာန်း သတ်မှတ်ထားသော်လည်း မြန်မာအလုပ်သမားများသည် အနိမ့်ဆုံး လုပ်အားခကို မရခြင်း၊ နားရက်မရှိခြင်း၊ အလုပ်ထုတ် နစ်နာကြေး မရခြင်း၊ လုပ်ငန်းခွင် ဘေးကင်းလုံခြုံမှု မရှိခြင်း၊ အလုပ်ရှင်များက လူမှုဖူလုံရေး မလုပ်ပေးခြင်းကြောင့် ဆေးကုခွင့်နှင့် အခြားအခွင့်အရေးများ မရရှိခြင်း စသည့် ပြဿနာများ ကြုံတွေ့နေရကြောင်း ၎င်းတို့ထံမှ သိရှိရသည်။
The Voice Weekly

0 comments:

Post a Comment