Monday, October 6, 2014

အင်းတကော်ရွာရဲစခန်းနှင့် အုပ်ချုပ်ရေးမှူးရုံးအနီး သတင်းစာရှင်းလင်းပွဲ အကြမ်းဖက်လူတစု ၀င်ရောက်ရိုက်နှက်(ရုပ်/သံ)






ပဲခူးမြို့နယ် အင်းတကော်စံပြကျေးရွာ လွတ်လပ်ရေးကျောက်တိုင်ကွင်း၌ ၅-၁၀-၂၀၁၄ နေ့ နံနက် (၁၀)နာရီအချိန်ခန့်တွင် ကိုဟန်လင်းအောင်၊ ကိုတင့်နိုင်အေးတို့မှ ဦးဆောင်၍ သတင်းစာရှင်းပွဲတရပ် ကျင်းပပြုလုပ်နေစဉ် အကြမ်းဖက် လူတစုက ၀င်ရောက်ရိုက်နှက်၍ ပွဲပျက်ခဲ့သည်။

အင်းတကော်ကျေးရွာ အုပ်ချုပ် ရေးမှူးရုံးနှင့်ကပ်လျက် ရဲစခန်းနှင့် ကိုက် (၈၀)ခန့် အကာအဝေးရှိ လွတ်လပ်ရေး ကျောက်တိုင်နှင့် ဗိုလ်တဲသည် သမိုင်းဝင် အမွေအနှစ်များဖြစ်ကြောင်း၊ လွတ်လပ်ရေး မရခင် ဤကျောက်တိုင်ဝင်းအတွင်းရှိ ဗိုလ် တဲအိမ်တွင် ဗိုလ်ချုပ်အောင်ဆန်းလာ ရောက်၍ တိုင်းပြည်အတွက် လွတ်လပ်ရေး တရားဟောသွားသောနေရာဖြစ်ကြောင်း၊ လွတ်လပ်ရေးရပြီးသောအခါ ဤနေရာ တွင် လွတ်လပ်ရေးအထိမ်းအမှတ်အဖြစ် ပြည်သူများက ကျောက်တိုင်စိုက်ထူခဲ့ကြ ကြောင်း၊ ကျောက်တိုင်ကွင်းသည် တဧက ခန့် ကျယ်ဝန်းကြောင်း၊ ဤကဲ့သို့နေရာ တွင် အလှပန်းများ စိုက်ပျိုးပြီး ကျောက် တိုင်နှင့် ပန်းခြံသာဖြစ်သင့်ပါကြောင်း၊ ယခု တော့ ထိုသို့ မဟုတ်ဘဲ မည်သူက ရောင်းစားလိုက်သည်တော့ မသိရသော်လည်း ဘရားသား(စ်)ကုမ္ဗဏီမှ စည်းရိုးကာခြံခတ်ပြီး စိုက်ပျိုးရေးပစ္စည်းနှင့် မြေသြဇာဆိုင် ကြီးဖွင့်ပြီး နေရာယူထားကြောင်း ကျောက်တိုင်မြေနေရာသည်မဆိုသလောက်သာ ကျန်တော့၍ တာဝန်သိပြည်သူတဦးအနေ နှင့် မီဒီယာများ ဖိတ်ကြား၍ သတင်းစာရှင်း ပွဲလုပ်ရခြင်းဖြစ်သည်ဟု ကိုဟန်လင်း အောင်က ရှင်းပြသည်။

ထို့စဉ် အရက်မူးနေသူ လူလတ်ပိုင်း အရွယ်လူတဦးက “ဘာသမိုင်းဝင်တာလဲ”ဟု ဆဲရေးတိုင်းထွာကာ စတင် ထိုးကြိတ်ခဲ့သည်။ ယင်းနောက် လူရမ်းကား (၁၅) ယောက်ခန့်က ၀င်ရောက်လာပြီး သတင်းစာရှင်းပွဲ တက်လာသူများအား အရက်ပုလင်းများ၊ မီးချောင်းများနှင့်ရိုက်ကာ ဗီနိုင်းထောင်ထား သည့် ၀ါးလုံးများကို ဆွဲဖြုတ်ပြီး ဓာတ်ပုံ မှတ်တမ်းရိုက်နေသည့် ပဲခူးမြို့မှ ဓာတ်ပုံ သတင်းထောက် ကိုနိုင်နိုင်အောင်အား ၀ိုင်း ရိုက်ခဲ့ကြသည်။ ထိုနောက် ကိုတင့်နိုင်အေး ၏ ဦးခေါင်းကို အရက်ပုလင်းများဖြင့် ၀ိုင်း ရိုက်ခွဲကြပြီး တွေ့ရာလူအကုန်လိုက်ရိုက်ရာ မှ ပဲခူးမြို့မှ ကိုလှမြတ်မင်းလည်း ဦးခေါင်း တွင် ဒဏ်ရာရရှိပြီး ပဲခူးဆေးရုံကြီးသို့ တင်ပို့လိုက်ရကြောင်း သိရသည်။
အခင်းဖြစ်ပွားသည့်နေရာမှာ ရန်ကုန်-မန္တလေးကားလမ်းကြီးဘေး ကျေးရွာအုပ်ချုပ်ရေးမှူးရုံးနှင့်ကပ်လျက် အင်းတကော်ရဲစခန်းနှင့်လည်း ကိုက်ရှစ် ဆယ်ခန့်သာ ကွာဝေးသည်။

တိုက်ခိုက်ခံခဲ့ရသူအချို့မှာ ပဲခူးမြို့ ပြည်သူ့ဆေးရုံကြီးတွင် အတွင်းလူနာ အဖြစ် ဆေးကုသမှုခံယူလျက်ရှိသည်။
ဆက်လက်၍ ကိုနိုင်နိုင်အောင်က “ကျွန်တော်ပြောချင်တာက ရဲတွေပါပဲ။ ဒီလောက်ဖြစ်ပျက်နေတာကို နည်းနည်းလေးတောင် ၀င်မထိန်းတာ ဘာကြောင့်လဲ၊ မကြားချင်ယောင် မသိချင်ယောင် ဆောင်နေကြတာကလည်း ဘာလဲ၊ ကျွန်တော်က ဓာတ်ပုံရိုက်နေတာပါ။ ဒီပွဲမှာ မပါဘူး။ ကျွန်တော် အင်းတကော်ရဲစခန်း မှာ အမှုသွားဖွင့်တယ်။ စခန်းမှူးက တနာရီလောက်ကြာမှ အမှုဖွင့်ပေးတယ်။ သမ္မတဦးသိန်းစိန်လက်ထက်မှာ သတင်ားရှင်းပွဲကို အကြမ်းဖက်တာ မြန်မာနိုင်ငံ မှာ ဒါပထမဆုံးအကြိမ်ပဲဟု ဆိုသည်။
မိုးမြင့်လွင်
News Watch(စောင့်ကြည့်သတင်းဂျာနယ်)

0 comments:

Post a Comment