Friday, September 26, 2014

အမေရိကန် ဦးဆောင်သည့် မဟာမိတ် တိုက်လေယာဉ်များ၏ ISIS ချေမှုန်းရေး

The F-22 and Tomahawk missiles were among the high-powered weapons used in the attack on ISIS and Al Qaeda-affiliated groups.

U.S. and allied forces targeted several sites in Syria.
ISIS jihadists load truck bed with parts they say are from a US drone that crashed into a communications tower in Raqqa, Syria

အမေရိကန် ဦးဆောင်သည့် မဟာမိတ် တိုက်လေယာဉ်များ၏ ISIS ချေမှုန်းရေး

 အမေရိကန် သမ္မတ ဘားရက် ဘိုဘားမားက ISIS စစ်သွေးကြွ များရဲ့ လူသတ် ကွန်ရက်ကို ဖျက်ဆီးပစ် ရာမှာ တစ်ကမ္ဘာလုံးက ဝိုင်းကူဖို့ တိုက်တွန်း လိုက်ပါတယ်။ ကမ္ဘာ့ ကုလသမဂ္ဂ အထွေထွေ ညီလာခံမှာ သမ္မတ အိုဘားမား က ဒီလို ပြောနေတဲ့ အချိန်ဟာ အမေရိကန် တိုက်လေယာဉ် တွေက အီရတ် နဲ့ ဆီးရီးယားမှာ ISIS ပစ်မှတ်တွေကို အရှိန်မြှင့် တိုက်ခိုက် ဖျက်ဆီးနေချိန် နဲ့လဲ တိုက်ဆိုင် နေပါတယ်။

ဒီမိစ္ဆာအုပ်စုနဲ့ အကျိုးသင့် အကြောင်းသင့် ဆွေးနွေးစရာလဲ မရှိသလို စေ့စပ်ညှိနှိုင်း စရာလဲ မရှိပါဘူး လို့လဲ အိုဘားမား က ပြောပါတယ်။ အခုဆိုရင် ISIS ချေမှုန်းရေးမှာ ပူးပေါင်း ပါဝင်ဖို့ ကမ်းလှမ်းထားတဲ့ နိုင် ငံပေါင်း ၄ဝ ကျော်နေပါပြီ။ ISIS ကတော့ တင်းမာခက်ထန် နေဆဲပါ။

ဒီ လက်နက်အင်အား တောင့်တင်းလှတဲ့ ဆွန်နီ မွတ်စလင် စစ်သွေးကြွ တွေဟာ ဆီးရီးယားနဲ့ အီရတ်မှာ နယ်မြေတွေ အများကြီး သိမ်းပိုက် ထားပါတယ်။ အဲဒီနယ်မြေက အပြစ်မဲ့ ပြည်သူ လူထုတွေ ကြောက်လန့် တကြား ထွက်ပြေးခဲ့ ရပါတယ်။ အနောက်နိုင်ငံ က ဓားစာခံတွေကို ခေါင်းဖြတ် သတ်ခဲ့ပြီး သူတို့ကို ဆန့်ကျင်တဲ့ ခရစ်ယာန်၊ ယာဇီဒီ၊ ရှီးယား မွတ်ဆလင်လူမျိုး တွေကိုလဲ လူပုံအလယ်မှာ ရက်ရက် စက်စက် သတ်ပစ်ခဲ့ကြ ပါတယ်။

အမေရိကန် တိုက်လေယာဉ် တွေကလဲ လေကြောင်း တိုက်ခိုက်မှု ပြုလုပ်တိုင်း ISIS တွေရဲ့ မော်တော် ယာဉ်၊ လက်နက်တိုက်တွေကို ဖျက်ဆီးပစ် နေပါတယ်။

သမ္မတ အိုဘားမား က ကုလသမဂ္ဂကို အခုလိုပဲ ပြောပါတယ်။ ဒီလို လူသတ်ကောင် တွေကို နား လည်အောင် ပြောတဲ့နည်း တစ်နည်းပဲ ရှိတယ်။ အဲဒါ အင်အားသုံး တိုက်ခိုက်ခြင်းပဲ။ အမေရိကန်က ကျယ်ပြန့်တဲ့ မဟာမိတ် တွေဖွဲ့ပြီး ဒီ လူသတ် ကွန်ရက် ပျက်သုဉ်း သွားအောင် တိုက်ခိုက်ပါမယ်။ ဒီကိစ္စကို အမေရိကန် တစ်နိုင်ငံတည်းက လုပ်သွားမှာ မဟုတ်ပါဘူး။ တခြား နိုင်ငံ တစ်နိုင်ငံရဲ့ အချုပ်အခြာ အာဏာ ပိုင်မြေကိုရယူ ပိုင်ဆိုင် လိုစိတ်လဲ မရှိပါဘူး။ အီရတ်နဲ့ ဆီးရီးယားတို့က သူတို့ပိုင်နက် တွေကို ပြန်လည် ရရှိနိုင်အောင်ပဲ ကူညီတိုက်ခိုက် ပေးသွားမှာပါ။ အမေရိကန်ရဲ့ စစ်အင်အားနဲ့ ဒီ ISIS တွေ နောက်ပြန် လှည့် သွားစေရ ပါမယ်။ မြေပြင်မှာဒီ အကြမ်းဖက် သမားတွေကို ရင်ဆိုင် တိုက်ခိုက်နေတဲ့ စစ်သည်များကို လဲ စစ်ပညာ လေ့ကျင့်ပေးပြီး လက်နက်တွေ တပ်ဆင် ပေးပါမယ်။ ISIS ရဲ့ ငွေကြေး လည်ပတ်မှု ကို ဖြတ်တောက်ပါမယ်။ သူတို့ဆီကို နောက်ထပ်တပ်ဖွဲ့ဝင် သစ်တွေ ရောက်မသွား အောင်လဲ ဟန့်တား ပိတ်ဆို့ ပါမယ်။ ISIS ကိုချေမှုန်းဖို့  နိုင်ငံ ၄ဝ ထက်မနည်းက ပူးပေါင်း ဆောင်ရွက် နေပါတယ်။ ဒါနည်းတဲ့ အင်အား မဟုတ်ပါဘူး။ ဒါပေမဲ့ တစ်ကမ္ဘာလုံးက ကျွန်တော် တို့နဲ့ ပူးပေါင်း ဆောင်ရွက်ဖို့ တောင်း ဆိုပါတယ်။ ကမ္ဘာတစ်ဝန်းက မွတ်ဆလင်များ ကလဲ ISIS နဲ့ Al- Qaeda ဆိုတဲ့ အယူအဆကို စိတ်အတွင်း ထဲကနေ အပြီးအပိုင် ထုတ်ပစ် စေချင်ပါတယ်။

အခု နောက်ဆုံး တိုက်ခိုက်မှု အခြေအနေ ကတော့ ဆီးရီးယား၊ အီရတ် နယ်စပ်မှာ ရှိတဲ့ အဘူကာ မားနားမှာ ISIS တွေရဲ့ မော်တော်ယာဉ် ရှစ်စီးကို ဖျက်ဆီးနိုင်ခဲ့ပြီး ဆီးရီးယား အရှေ့ပိုင်း ဒေအီရ်အယ်ဇို အာမှာ နှစ်စီး ဖျက်ဆီး နိုင်ခဲ့ပါတယ်။ အီရတ်မှာ ကာဒစ် ပိုင်နက်အနီး၊ အာဘီအရှေ့ တောင်ဘက်နဲ့ ဘဂ္ဂဒက် အနောက်ဘက် တွေက ISIS ပစ်မှတ်တွေကို တိုက်ခိုက်ခဲ့ ပါတယ်။ တူရကီနယ်စပ် နားက ISIS ပစ်မှတ်တွေကိုလဲ လေကြောင်း တိုက်ခိုက်မှုတွေ လုပ်ခဲ့ပြီး ပါပြီ။ ISIS ကလဲ တုံ့ပြန်ပါတယ်။ ISIS နဲ့ချိ တ်ဆက်မှု ရှိတဲ့ အယ်လ်ဂျီးရီးယန်း ဂျီဟတ်ဒ်အဖွဲ့ တစ်ခုက ပြင်သစ် ကမ္ဘာလှည့် ခရီးသည် တစ်ဦးကို စစ်သွေးကြွတွေ ခေါင်းဖြတ်သတ် နေပုံ ဗီဒီယို ရိုက်ကူး ထုတ်လွှင့် ပြန်ပါတယ်။ အဲဒီ ခရီးသည်ကို ဒီတစ်ပတ် တနင်္ဂနွေနေ့က အယ်လ်ဂျီးရီးယား နိုင်ငံမှာ မငြိမ်မသက် ဖြစ်နေတဲ့ ကဘိုင်လိုင်း ဒေသ မှာ ပြန်ပေးဆွဲ ခဲ့တာပါ။

သမ္မတ အိုဘားမား သုံးခဲ့တဲ့ လူသတ်ကွန်ရက် ဆိုတဲ့ အသုံးအနှုန်းဟာ နောင် နှစ်ပေါင်းများစွာ ထင်ကျန်ရစ် မှာပါ။ ဒီ လူသတ်ကွန်ရက် ကို ချေမှုန်းရာမှာ သဘောတရားအရ မှန်ကန်ဖို့ လိုသလို စစ်ရေး ပရိယာယ်မှာ လဲအမှားမပါဖို့ လိုအပ်ပါတယ်။ လူသတ်ကွန်ရက် ချေမှုန်းစစ်ပွဲ တကယ်ပဲ အောင်မြင်ဖို့ ဆိုတာ ငယ်ရွယ်နု နယ်တဲ့ လူငယ်တွေရဲ့ ဦးနှောက်ထဲကို ကြောက်စရာ ကောင်းတဲ့ အတွေးအခေါ် တွေ ရိုက်ထည့် နေတာကို တားမြစ်နိုင်မှဖြစ်မယ်လို့ သမ္မတ အိုဘားမားက ပြောပါတယ်။

တူရကီနယ်စပ် မှာတော့ ဆိုးဆိုးရွားရွား တွေ ဖြစ်နေပါတယ်။ တူရကီနားက ကာဒစ်လူမျိုးတွေ နေထိုင်တဲ့ ကိုဘိန်းမြို့ကို ISIS စစ်သွေးကြွ တွေ ရက်ပေါင်းများစွာ သိမ်းပိုက်ထားပါတယ်။ ဒါကြောင့် ဒီတစ် ပတ်အတွင်း တူရကီ နိုင်ငံထဲကို ထွက်ပြေးခဲ့တဲ့ ကာဒစ်လူမျိုး တစ်သိန်းသုံးသောင်း လောက် ရှိခဲ့ပါတယ်။

စက်တင်ဘာ ၂၂ ရက်က အမေရိကန်ဦးဆောင်တဲ့ ညွန့်ပေါင်းအဖွဲ့ က ဆီးရီးယား ISIS တွေကို တိုက်ခိုက်ရာမှာ ဆော်ဒီ၊ ယူအေအီး၊ ဂျော်ဒန်၊ ဘာရိန်းနဲ့ ကာတာ နိုင်ငံတို့ကလဲ ပါဝင်ကူညီ တိုက်ခိုက်ခဲ့ ပါတယ်။ သြဂုတ်လ ကတည်းက ဆိုရင် အီရတ် ISIS တွေကို အမေရိကန်က လေကြောင်း တိုက်ခိုက်မှု အကြိမ် ၂ဝဝ ထက်မနည်း လုပ်ခဲ့ပြီးပါပြီ။

စက်တင်ဘာ ၂၃ ရက်မှာတော့ အမေရိကန် တိုက်လေယာဉ် တွေက ဆီးရီးယားနိုင်ငံ အလက်ပို ပြည်နယ် က အယ်လ်ကိုင်ဒါ လျှို့ဝှက်အဖွဲ့ ခိုရာဆန် ကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့ ပါတယ်။ ဒီ တိုက်ခိုက်မှုမှာ ခိုရာဆန် ခေါင်းဆောင် မိုဆင်အယ်ဖာဒလီ သေဆုံးသွားခြင်းရှိ၊ မရှိ အမေရိကန် စစ်ဘက်က စုံစမ်း စစ်ဆေး နေပါတယ်။ အခုအချိန် အထိတော့ မိုဆင်ရဲ့ အလောင်းကို မတွေ့ရသေးတဲ့ အတွက် မိုဆင် သေပြီလို့ အတည်မပြုနိုင်သေးဘူးလို့ ပင်တဂွန် ပြောခွင့်ရ ပုဂ္ဂိုလ်က ပြောပြ ပါတယ်။

တူရကီဟာ အစပိုင်းမှာ ISIS ချေမှုန်းရေးမှာ မပါဘူးလို့ ပြောခဲ့ပေမယ့် စက်တင်ဘာ ၂၃ ရက်မှာတော့ သဘောထား ပြောင်းလဲမယ့် အရိပ်အယောင် ပြခဲ့ပါတယ်။ ဒီ စစ်ဆင်ရေး အတွက် လိုအပ်တာတွေ ကို ထောက်ပံ့သွားပါမယ်။ စစ်ရေးဖြစ်ဖြစ်၊ လက်နက်ခဲယမ်း မီးကျောက်၊ စားနပ်ရိက္ခာ ဖြစ်ဖြစ်လို့ တူရကီ သမ္မတ က နယူးယောက်မှာ သတင်းထောက် တွေကို ပြောပြခဲ့ ပါတယ်။ တူရကီဟာ အီရတ်မြောက်ပိုင်း မှာ ISIS စစ်သွေးကြွတွေ ဖမ်းထားတဲ့ တူရကီဓားစာခံ ၄၉ ဦး လွတ်မြောက် လာရင် မဟာမိတ် တပ်ပေါင်းစုနဲ့ ပူးပေါင်း လာလိမ့်မယ်လို့ သတင်းရပ်ကွက် တချို့က ဆိုပါတယ်။

UK ကလဲ စက်တင်ဘာ ၂၆ ရက်မှာ ပါလီမန် ခေါ်ယူပြီး  ISIS ပစ်မှတ်တွေကို လေကြောင်းက တိုက်ခိုက်ရာမှာ ပါဝင်မယ့် အခန်းကဏ္ဍ အကြောင်း ဆွေးနွေးကြ မှာပါ။ ISIS ကိုချေမှုန်းဖို့ နိုင်ငံတကာက ပူးပေါင်းဖို့ လိုအပ် ပါတယ်။ ဒီတိုက်ပွဲဟာ ရွေးပြီးရှောင်လို့ ရမယ့် တိုက်ပွဲမျိုး မဟုတ်ပါဘူးလို့ UK ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်း က ပြောပါတယ်။ ဒတ်ခ်ျ အစိုးရက လဲ စစ်ရေးအရ ပါဝင်ဖို့ သုံးသပ်နေပြီး ဒီနေ့ပဲ အစိုးရအဖွဲ့ အထူး အစည်းအဝေး တစ်ရပ်ခေါ်လိုက်ပြီး F-16 ဂျက်တိုက်လေယာဉ် တွေကို အသုံးပြုဖို့ ဆွေးနွေးခဲ့ ပါတယ်။

ကိုဘိန်းမြို့ ကိုတော့ ISIS တွေက အမြောက်နဲ့ အဆက်မပြတ် ပစ်ခတ် နေပါတယ်။ လေကြောင်း တိုက်ခိုက်မှု တွေကြောင့် ISIS က လူအင်အား ထပ်ဖြည့်လိုက်ပြီး ကိုဘိန်းမြို့ပြင် ကို တင့်ကားတွေ ထပ် စေလွှတ်လိုက်ပါသေးတယ်။ ISIS အခိုင်အမာ ခြေကုပ်ယူထားတဲ့ ရက်ကာမြို့ မှာတော့ လူထုက လေကြောင်း တိုက်ခိုက်မှုတွေ ထပ်လုပ် ပါစေလို့ ဆုတောင်းနေ ကြပါတယ်။

ISIS ချေမှုန်းရေး တိုက်ပွဲ ကတော့စပါပြီ။ တိုက်ခိုက်မှု တွေလဲ အဆက်မပြတ် ပြုလုပ် နေပါတယ်။ ISIS ကလဲ လုံးဝ မလျှော့သေးပါဘူး။ ပိုလို့တောင် ရက်စက် ကြမ်းကြုတ် လာပါတယ်။ တစ်ချိန်ထဲမှာ ကမ္ဘာတစ်ဝန်းက ISIS ထောက်ခံသူတွေက ရရာလက်နက် စွဲကိုင်ပြီး ဖြစ်တဲ့နည်းနဲ့  အမေရိကန်နဲ့ မဟာမိတ် အနောက် အင်အားစုတွေကို သုတ်သင် ရှင်းလင်းပစ်ဖို့ ISIS ခေါင်းဆောင်က ဗီဒီယိုတစ်ခု ထုတ်လွှင့်ခဲ့ပြီး တဲ့နောက် အမေရိကန် အိမ်ဖြူတော်ကို ဓားကိုင်ထားတဲ့ လူတစ်ယောက် က ခြံစည်းရိုး ကျော်ဝင် တာတွေ၊ သြစတြေးလျ လေဆိပ်မှာ အကြမ်းဖက်သမား မှတ်တမ်းရှိတဲ့ လူတစ်ယောက် က ရဲတွေကို ဓားနဲ့ လိုက်ထိုးလို့ ပစ်သတ် ခဲ့ရတာတွေ၊ဂျာမနီမှာ မသင်္ကာတဲ့ အိမ်တွေကို ရဲတွေက ဝင်စီးတာတွေ အဆက်မပြတ် ဖြစ်ပွားခဲ့ ပါတယ်။

ISIS ရဲ့ လူသတ်ကွန်ရက် ဟာ တကယ်ပဲ တစ်ကမ္ဘာလုံး ပျံ့နှံ့နေသလား။ ပျောက်ဆုံးနေတဲ့ မလေး ရှား လေယာဉ် MH 370 ဟာ ISIS လက်ချက်လား။ ဒါဆိုရင် ၉/၁၁ တိုက်ခိုက်မှုမျိုး ထပ်လုပ် လာနိုင်သေး လား။ အယ်လ်ကိုင်ဒါ ကလဲ အရှေ့တောင် အာရှမှာ ဂျီဟတ်ဒ်အလံ လွှင့်ထူမယ်ဆိုပြီး ခြိမ်းခြောက် ထား တာတွေဟာ တကယ်ဖြစ်လာ နိုင်မလား။ ISIS လို ပြောက်ကျား စစ်ဘက်တွေကို လေကြောင်း တိုက်ခိုက်မှု တစ်ခုထဲနဲ့ အပြီးအပိုင် ချေမှုန်း နိုင်ပါ့မလားလို့ ကမ္ဘာက တွေးနေမိချိန်မှာ မဟာမိတ် တိုက်လေယာဉ်များ ကတော့ တစ်စင်းပြီး တစ်စင်း ပျံတက်ရင်း ISIS ပစ်မှတ်တွေကို တိုက်ခိုက်ဖျက်ဆီး နေပါတယ်လို့ အမေရိကန် ဦးဆောင်တဲ့ ISIS ချေမှုန်းရေးရဲ့ နောက်ဆုံး အခြေအနေကို လေ့လာရေးသား တင်ပြလိုက် ရပါတယ်။
PyiChitThar

0 comments:

Post a Comment