Wednesday, September 24, 2014

မီးခွက်ခဏခဏ မှုတ်တဲ့ ခေတ်သစ်ဒီမိုကရေစီ ၀န်ကြီး

ဖဆပလခေတ်က ၀န်ကြီး တစ်ပါးဟာ သာယာဝတီဘက်မှာ တရူတ်ကပြားမလေး တစ်ယောက်ကို ခေါ် ယူပျော်ပါးခဲ့တဲ့အတွက် အဲဒီခေတ်ကာလက မီးခွက်မှုတ်တဲ့ ၀န်ကြီးဆိုပြီး မီဒီယာတွေထက်မှာ ဟိုးလေး တစ်ကျော် ဖြစ်ခဲ့ပါတယ်။ အခု ဒီမိုကရေစီ အစိုးရလက်ထက်မှာလဲ မီးခွက်မှုတ်တဲ့ ၀န်ကြီး တစ်ပါးရှိပါတယ်။ ဒီဝန်ကြီးကတော့ မီးခွက်တွေ ခဏခဏမှုတ်နေပေမဲ့ ပတ်သက်သူတွေကလွဲရင် တော်တော်များများက မသိကြဘူး။

စီးပွားရေးသမားတွေတင်မက အနုပညာရှင်တွေကလည်း အဲဒီဝန်ကြီးကို ချစ်ကြပါသတဲ့။ ဘာပဲလိုလို သွားပြောရင် ချက်ခြင်း လက်ခံပြီး ချက်ခြင်းလုပ်ပေးတယ်တဲ့။ တစ်ချို့ဆို ကိုယ်တိုင်တောင် သွားမတွေ့ပဲ မိုဘိုင်းဖုန်းကနေ SMS ပို့လိုက်တာနဲ့ ၀န်ကြီးက လက်ခံ ဆောင်ရွက်ပေးပါသတဲ့။ ဒီမိုကရေစီ အစိုးရ လက်ထက်မှာ သဘောအကောင်းဆုံး ၀န်ကြီးဆုပေးဖို့တောင် ကောင်းနေပြီ။ အဲဒီဝန်ကြီးကို ပြန်ပြီး သိတတ်ပေး ရတာကလည်း ငွေကြေးမဟုတ်တော့ ချဉ်းကပ်တဲ့ အနုပညာရှင်တွေ အတွက် ဘာမှမထောင်း တာဘူးပေါ့ဗျာ။ အဲဒီအပြင် သူလက်သတ်မွေးထားတဲ့ ဖက်ရှင်ဒီဇိုင်နာမလေး တစ်ယောက်ကိုလည်း လူထောင်နဲ့ သောင်းနဲ့ချီတဲ့ ပွဲကြီး တစ်ပွဲအတွက် အလုပ်တွေအပ် ပေးလိုက်တာ အဲဒီကောင်မလေးလည်း တစ်သက်စာ ဖူလုံသွားသတဲ့။ ဒါနဲ့တင် ပြီးပြီလားဆိုတော့ ဘယ်ပြီးဦးမလဲဗျာ။ သူ့အသက်ရဲ့ သုံးပုံတစ်ပုံ ပဲရှိတဲ့ အိမ်ထောင်ရှင်မလေး တစ်ယောက်နဲ့ ငြိစွန်းပြီး ကောင်မလေးဆီကို တယ်လီဖုန်းကနေ မက်ဆေ့တွေပို့ပြီး ကြည်နူးနေတာလဲ ကြာပါပြီ။ သူကံဆိုးချင်တာ ကံကောင်းချင်တာလားတော့ မသိဘူး။

တစ်ရက်မှာ ကောင်မလေး ရေချိုးခန်းထဲမှာ ရေချိုးနေတုန်း ခြင်ထောင်သံ မက်ဆေ့တွေ ပို့လိုက်တာ အဲဒီကောင်မလေးရဲ့ ခင်ပွန်းက ဖတ်မိပြီး လင်မယား ကွဲသွားကြပါသတဲ့။ ၀န်ကြီးအတွက်တော့ လွတ်လွတ် လပ်လပ် တွဲခွင့်ရသွားပြီပေါ့ဗျာ။ ခင်ပွန်းဖြစ်သူက ပထမတော့ မယားခိုးမှုနဲ့ တရားစွဲဖို့ ကြံလိုက်သေးပေမဲ့ အဲဒီ ၀န်ကြီးက သူ့ဖခင်ရဲ့ သူငယ်ချင်း ဖြစ်နေလေတော့ စိတ်လျှော့လိုက်ပါတယ်။ ဒါကြောင့် မီဒီယာတွေ အတွက်လည်း မီးခွက်မှုတ်သော ဒီမိုကရေစီ ၀န်ကြီးဆိုပြီး မျက်နှာဖုံး သတင်းတွေ မရလိုက်တာ ဖြစ်တယ်။ လူမသိလိုက်သော ဇာတ်လမ်းဆိုပေမဲ့ အဲဒီဝန်ကြီးနဲ့ ပတ်သက်ရာ ပတ်သက်ကြောင်းတွေက လှမ်းပြောလို့ ဒီဇာတ်လမ်းကို သိလိုက်ရတာ ဖြစ်တယ်။ လက်စောင်းထက် မလဲ အတွင်းသတင်းတွေ ပေးချင်သူနဲ့ ၀ိုင်းဝိုင်းကို လည်နေတာဗျ။

ဒီဝန်ကြီးဟာ တက်သစ်စ အနုပညာရှင်မလေးတွေကို အရမ်း တင်ပေးချင်စိတ်လည်း ရှိတယ်။ ဒါကြောင့် တစ်ခါတစ်လေသူ တာဝန်ယူရတဲ့ ပွဲတွေဆိုရင် တက်သစ်စ အနုပညာရှင်လေးတွေက သူ့ဘေးမှာ ၀ိုင်းဝိုင်းလည်နေတယ်။ သူက သဘောကောင်း မနောကောင်းကြီးကိုး။ သူ့ဌာနက တာဝန်ယူခဲ့ရတဲ့ ပွဲကြီးတစ်ပွဲနဲ့ ပတ်သက်ပြီး စာအုပ်တစ်အုပ် ထုတ်ရာမှာ သူတင်ပေးတဲ့ အဆိုတော်မလေးပုံ မပါလို့ဆိုပြီး စာအုပ်စီစဉ်တဲ့ သူ့ဌာနက လူတွေကို ကောင်းကောင်း ထောင်းခဲ့ဘူးတယ်။ အင်ဒိုနီးရှားက မယ်တွေ ကို နိုင်ငံတော်က ပွဲတစ်ပွဲမှာ နိုင်ငံတော် စရိတ်နဲ့ ဖိတ်ပြီး တက်စေခဲ့တယ်။ နေပြည်တော်မှာ ဖွင့်ထားတဲ့ တုံကာပူရီ ကာရာအိုကေမှာ မော်ဒယ်လေးတွေနဲ့လည်း သီချင်းဆိုတာ ၀ါသနာပါပါသတဲ့။ ဘာပွဲညာပွဲမှာ ဘန်းကိုင်ချင်သလား၊ ၀န်ကြီးကိုသာ ဆက်သွယ်လိုက်ပါ အားလုံး အဆင်ပြေသွား ရပါစေ့မယ်လို့ တက်သစ်စ အနုပညာရှင် လောကမှာလည်း ဒီဝန်ကြီးက နာမည်ကြီးပါတယ်။

ဝန်ကြီးတွေနဲ့ က္ကုတ္တိယတွေ ပတ်သက်တာလည်း အခုမှတော့ မဟုတ်ပါဘူး။ သူတို့မှာက ငွေလည်း ရှိသလို လုပ်ပေးနိုင်တဲ့ အာဏာပါဝါတွေကလည်း ရှိတာကိုး။ ဂေါက်တွင်းတွေက ကယ်ရီမလေးတွေဆိုရင် ၀န်ကြီးတွေရဲ့ အသည်းစွဲတွေပေါ့။ ၀န်ကြီး ဂေါက်ရိုက်တော့မယ်ဆိုရင် ကိုယ်ရေး အရာရှိက အဲဒီကယ်ရီမ ကို ကားနဲ့သွား ပင့်ရတာအထိ တန်ခိုးထွားတဲ့ ကယ်ရီမလေးတွေ ရှိတယ်။ တစ်ချို့ အကွက်မြင်တဲ့ စီးပွားရေးသမားတွေက အတွင်း သတင်းတွေ လိုချင်တော့ သူတို့နဲ့ သက်ဆိုင်တဲ့ ၀န်ကြီးရဲ့ အသည်းကျော် ကယ်ရီမလေးတွေကို ဖူးဖူးမှုတ်ပြီး ပေါင်းထားလေ့ရှိကြတယ်။ ဂေါက်အိတ် ထမ်းတဲ့ ကယ်ရီမဆိုပြီးလည်း အထင်သေးလို့မရဘူး။ မိုဘိုင်းဖုန်းတွေ ရှားပါးခေတ် ကတဲက ကယ်ရီမတွေက မိုဘိုင်းဖုန်းကိုင် နိုင်နေတာ။ ဒီနေရာမှာ ကြားဖြတ် ပြောချင်တာက လူကြီးတွေနဲ့ နီးနီးစပ်စပ် နေခွင့်ရသူတွေက အနုပညာရှင် မလေးတွေ၊ လေယာဉ်မယ်တွေနဲ့ ဂေါက်အိတ် ထမ်းတဲ့ ကယ်ရီမလေးတွေပဲရှိတယ်။ လေယာဉ်မယ်တွေ ဆိုရင် လျှောက်လွှာ စာရွက်မျိုးစုံကို အသင့်ဆောင်ထားပြီး လေယာဉ်ပေါ်မှာ ဆက်သွယ်ရေး ၀န်ကြီးပါလာ ရင် တယ်လီဖုန်းလျှောက်၊ ဆောက်လုပ်ရေး ၀န်ကြီးပါလာရင် တိုက်ခန်းလျှောက်၊ မြေကွက်လျှောက်၊ သစ်တောဝန်ကြီးပါလာရင် သစ်ခွဲသားလျှောက်၊ စက်မှုဝန်ကြီးပါလာရင် ကားလျှောက်နဲ့ တစ်ခေတ် တစ်ခါက သူ့အရပ်နဲ့ သူ့ဇာတ်ဟုတ်နေခဲ့ကြဘူးတယ်။ ဒါက စာဖတ်သူတွေ သိအောင် ရေးပြတာပါ။ ကဲအခု ဇာတ်လိုက်ကျော်ကြီးဖက် ပြန်လှည့်ကြရအောင်။

အခုတစ်လော ဒီဝန်ကြီးကို စီမံကိန်းတစ်ခုနဲ့ ပတ်သက်ပြီး အတိုင်အတောတွေ များလို့ သမ္မတကြီး ခေါ်ဆူပါ သတဲ့။ စီမံကိန်းကလည်း အများသည်းခြေကြိုက် ဟိုတယ် စီမံကိန်းပေါ့ဗျာ။ ဟိုတယ် ၃၇ လုံးကို ၃၇ မင်းကို ပူဇော်တဲ့ အနေနဲ့လားတော့ မသိဘူး သူ့သဘောနဲ့သူ ဆောက်ခွင့်ပေးလိုက်တာ ပြသနာဖြစ်မှ သူနဲ့ မဆိုင် ဘူးဆိုပြီး ညွှန်ကြားရေးမှူးချုပ်ကို လွှဲချလို့ ဟိုလူမှာပြုတ်မလို ဖြစ်နေတယ်တဲ့။ ဒါနဲ့ရထားတဲ့ ရာထူးစည်းစိမ် ဥစ္စာလေး ကျန်တဲ့ သက်တမ်းတစ်နှစ်မှာ တည်မြဲစေဖို့နဲ့ အမျက်တော်ပြေစေဖို့ ပုဂံက မျက်တော်ပြေဘုရား မှာ ယတြာတွေချေနေသလို သူဌေးတွေကြောင့် အတိုင်အတောခံ ရတယ်ဆိုပြီး သူဌေးဂူ ဘုရားမှာလဲ မန္တလေးက ဘိုးတော်တစ်ပါးရဲ့ လမ်းညွှန်သြ၀ါဒကို ခံယူပြီး သူဌေးတွေကို ယတြချေပြီး နာမ်နှိမ်နေပါသတဲ့။ ဒီအချိန်မှာ သူ့အနေနဲ့ ယတြာသဲကြီးမည်းကြီး ချေဖို့ကလွဲရင် တစ်ခြားဘာမှ စိတ်မ၀င်စားဖူးလို့လဲ သိရ တယ်။ ဘယ်ဝန်ကြီးလဲတော့ နာမည်တပ်ပြီး ရေးမပြချင်ပါဘူးဗျာ။ သူယတြာ ချေနေတဲ့ အချိန်မှာ သူ့ဝန်ကြီး ဌာနက ဘယ်သူ့ကိုမှ လာခွင့်မပြု၊ ရေပူရေချမ်း ကမ်းလှမ်းခွင့် မပြုပဲ အရင်သူ ဒုတိယ ၀န်ကြီးလုပ်ခဲ့တဲ့ ဌာနက တပည့်ဟောင်း လူဟောင်းတွေနဲ့ပဲ ယတြာချေနေတာတဲ့။

ခေတ်က အရင်လို မဟုတ်ဘူးဆိုတာ ရှေ့မှာနမူနာတွေက ပြနေပေမဲ့ ရန်ကုန်မြို့သစ် စီမံကိန်းတို့လို လက်ဝါးချင်း ရိုက်စားတဲ့ လုပ်ရပ်တွေက အခုထိရှိနေဆဲပါ။ ဒါကြောင့် ဒီဝန်ကြီးလည်း သူ့အတွက် ၀န်ကြီး သက်တမ်း တစ်နှစ် အကျန်မှာ အချီကြီး ကြံလိုက်တာ ဖြစ်တယ်။ ဒါပေမဲ့ သူမသိတာက တစ်ခြားလူတွေက ပတ်သက်ရာ ပတ်သက်ကြောင်းတွေနဲ့ ပေါင်းပြီးမှ အပွကြံတာ။ သူကတော့ လောဘကြီးတာလား၊ မသိ တတ်တာလား မပြောတတ်ဘူး။ ပတ်သက်ရာ ပတ်သက်ကြောင်းတွေကို ပေးမစားပဲ တစ်ယောက်ထဲ စားဖို့ ကြံလို့ ပြဿနာတက်တာ။ မဟုတ်တာ လုပ်တာချင်း အတူတူ ခပ်ညံ့ညံ့လို့ ပြောနိုင်ပါတယ်။

တစ်လောကလည်း မြန်မာပြည်က မယ်ပြိုင်ပွဲတွေ အများကြီးထဲက မယ်ပြိုင်ပွဲ တစ်ခုရဲ့ ဆန်ကာတင် အယောက်၂၀က နေပြည်တော်က ဟိုတယ်တစ်ခုမှာ ဘီကီနီနဲ့ ဓါတ်ပုံ လာရိုက်ကြသတဲ့။ ဒီဝန်ကြီးက လည်း အဲဒီမှာသွားပြီး အားပေးနေလိုက်တာ ရုံးက အစည်းအဝေးတောင် မေ့နေလို့ ၀န်ကြီးဌာန တစ်ခုလုံး ထိုင်စောင့်ခဲ့ကြရပါသတဲ့။ မီးခွက်မှုတ်ဖို့ လူသွား ရွေးနေသလားလို့ သူ့ဌာနက အရာရှိတွေက နောက်ကွယ် မှာ ပြောပြီး ဟားနေကြပါသတဲ့။ ဘာပဲပြောပြော အောင်မြင်ချင်တဲ့ အနုပညာရှင်မလေးတွေ နဲ့ အောင်မြင်အောင် လုပ်ပေးနိုင်တဲ့ အာဏာရှိသူတွေ ဇာတ်လမ်းကတော့ ကမ္ဘာတည်သရွေ့ ရှိနေဦး မှာပါပဲ။ အမေရိကန် သမ္မတ ကလင်တန်တောင် သူ့ရုံးက လုပ်အားမလေး မော်နီကာ လူဝင်းစကီး ကို ဆေးပြင်းလိပ်ကြီးနဲ့ ကလိခဲ့သေးတာပဲ မဟုတ်ပေလားဗျာ။
လက်စောင်းထက်
Tomorrow

0 comments:

Post a Comment