Sunday, September 7, 2014

ပြာပုံထဲက တက္ကသိုလ်ကို ကြိုဆို

နာလန္ဒာ တက္ကသိုလ်ကြီး ပြန်ဖွင့်ပြီဆိုတဲ့ သတင်းကို စက်တင်ဘာလ ၄ ရက်နေ့ထုတ် နိုင်ငံတကာ သတင်းတွေမှာ ဖတ်လိုက်ရပါတယ်။ အလွန်ကြည်နူး ဝမ်းသာပီတိ ဖြစ်မိတယ်။ ဘာကြောင့်လဲဆိုတော့ လွန်ခဲ့တဲ့ နှစ်ပေါင်း ၈၀၀ လောက်ကတည်းက တည်ထောင်ထားခဲ့တဲ့ တက္ကသိုလ်ကြီးကို အသစ်တစ်ဖန် ပြန်လည် မွမ်းမံဖွင့်လှစ် နိုင်ခဲ့တာကြောင့်ပဲ ဖြစ်ပါတယ်။

နာလန္ဒာ တက္ကသိုလ်အသစ်ရော လွန်ခဲ့တဲ့ နှစ်ပေါင်း ၈၀၀ ခန့်က တက္ကသိုလ် အဆောက်အအုံဟောင်းရော အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ် ရာ့ဂ်ျဂါ အနီးမှာ ရှိပါတယ်။ သမိုင်းဝင် အဆောက်အအုံတွေရှိတဲ့ ပြည်နယ်တစ်ခုဖြစ်တဲ့ အဲဒီပြည်နယ်မှာ မြန်မာတွေကတော့ ဗုဒ္ဓဂယာလောက်ပဲ သိကြတာများတယ်။

ဘီဟာနယ်ဟာ ရှေးမဂဓမင်း လက်ထက်ကဆိုရင် အသိဉာဏ်ပညာရှင်များ ပေါ်ထွန်းရာ၊ နိုင်ငံရေး သမားတွေ ထွက်ပေါ်ရာ နေရာတစ်နေရာလို့တောင် သတ်မှတ်ခြင်း ခံရတယ်။ အိန္ဒိယနိုင်ငံရဲ့ ပထမဆုံး မင်းဆက် မောရမင်းဟာလည်း မဂဓမျိုးနွယ်ပဲလို့ သိရတယ်။ ဗုဒ္ဓဘာသာဝင်တွေ သိထားကြတဲ့ အသော ကမင်းကြီးဟာလည်း ယခင် မဂဓတိုင်း၊ ယခု ဘီဟာနယ်ကို စိုးမိုးအုပ်ချုပ်တဲ့ မင်းကြီး ဖြစ်ပြီးတော့ အာရှကို ဗုဒ္ဓဘာသာ သာသနာ ပြန့်ပွားစေခဲ့သူ ဖြစ်ပါတယ်။ ဘီဟာ ဆိုတာက ဝိဟာရဆိုတဲ့ စကားကနေ ဆင်းသက်လာတာပါ။ ရဟန်းတွေ သီတင်းသုံး နေထိုင်ရာ ကျောင်းတွေရှိတဲ့ အရပ်လို့ ပြောရမယ် ထင်ပါတယ်။ အဲဒီလို သာသနာ ထွန်းကားရာ နယ်မြေ ဖြစ်တာကြောင့် ဝိဟာရတစ်ဖြစ်လဲ ဘီဟာနယ်ကို ရှေးဟောင်းပညာ မြို့တော်လို့တောင် တင်စားနိုင်ပါတယ်။

နာလန္ဒာတက္ကသိုလ်ရဲ့ ပညာသင်ကြားရေးစနစ်ကို တရုတ်ရဟန်းတော် တစ်ပါးဖြစ်တဲ့ ယိချင်က ဆန်းစစ်ဝေ ဖန်ခိုင်းတဲ့ ပညာရေးအမြင် (Critical Thinking) တွေနဲ့ စာသင်သားတွေ ကိုယ်တိုင် ဆွေးနွေးအဖြေရှာ ဖော်ထုတ်တဲ့ နည်းကိုသုံးပြီးတော့ သင်ကြားတဲ့ ကျောင်းတော်ကြီး ဖြစ်တယ်လို့ အေဒီ ၇ ရာစု လောက်က တည်းက မှတ်တမ်းတင် ရေးသားခဲ့တာကိုလည်း ဖတ်ဖူးပါတယ်။ ယိချင်ပြောတာ အများကြီး ဖြစ်နိုင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ဗုဒ္ဓကိုယ်တော်တိုင်က ‘ကာလာမသုတ်’ မှာ တွေးတောဆင်ခြင်မှုနဲ့ ပတ်သက်ပြီး လွတ်လပ်မှုကို အဓိကထား သင့်ကြောင်း ဟောကြားခဲ့တာ တွေ့ရလို့ပါ။

ဗုဒ္ဓက ကာလာမမင်းတို့ -
“သင်တို့သည်၊ ပြောသံကြားကာမျှဖြင့် ဟုတ်ပြီ၊ မှန်ပြီဟု အတည်မယူနှင့်၊ အစဉ်အဆက် စကားမျှဖြင့်လည်း ဟုတ်ပြီ၊ မှန်ပြီဟု အတည်မယူနှင့်၊ ဤသို့ဖြစ်ဖူး သတတ်ဟူသော စကားမျှဖြင့်လည်း ဟုတ်ပြီ၊ မှန်ပြီဟု အတည်မယူနှင့် ပိဋကတ် ရှေးဟောင်း ကျမ်းဂန်စာပေနှင့် ညီညွတ်ပေသည်ဟူ၍လည်း ဟုတ်ပြီ၊ မှန်ပြီဟု အတည်မယူနှင့်၊ ကြံဆတွေးတော၍ ယူခြင်းဖြစ်သည် ဟူသောကြောင့်လည်း ဟုတ်ပြီ၊ မှန်ပြီဟု အတည်မယူနှင့်၊ နည်းမှီယူခြင်း ဖြစ်သည် ဟူသောကြောင့်လည်း ဟုတ်ပြီ၊ မှန်ပြီဟု အတည်မယူနှင့်၊ အခြင်းအရာကို ကြံစည်သောအားဖြင့်လည်း ဟုတ်ပြီ၊ မှန်ပြီဟု အတည်မယူနှင့်၊ ငါတို့ကြံစည်နှစ်သက်၍ ယူထားသော အယူနှင့် တူညီပေသည်ဟူ၍လည်း ဟုတ်ပြီ၊ မှန်ပြီဟု အတည်မယူနှင့် ငါတို့ လေးစားသော ရဟန်း၏ စကားဟူ၍လည်း ဟုတ်ပြီ၊ မှန်ပြီဟု အတည်မယူနှင့်” လို့ ဟောကြားခဲ့တာကို ကြည့်ရင် ဗုဒ္ဓကိုယ်တော်တိုင်က လွတ်လပ်စွာ တွေးတောမှုကို မြတ်နိုးခဲ့တယ်ဆိုတာ ထင်ရှားနေပါတယ်။ ဒီသဘောတရားတွေနဲ့ တစ်ချိန်က နာလန္ဒာ တက္ကသိုလ်ကြီးမှာ သင်ကြားခဲ့တယ်ဆိုတာ အလွန် ဂုဏ်ယူစရာ ကောင်းပါတယ်။

နာလန္ဒာ တက္ကသိုလ်ကြီးဟာ ၁၁၉၂ ခုနှစ်မှာ အာဖဂန်တွေရဲ့ ဖျက်ဆီးခြင်းကို ခံလိုက်ရပါတယ်။ စာအုပ်စာတမ်းတွေကိုလည်း မီးပုံရှို့ခြင်း ခံခဲ့ရတာ ရက်ပေါင်းများစွာ ကောင်းကင်ပေါ်မှာ မဲမှောင်ပြီး နေတယ်ဆိုတဲ့ မှတ်တမ်းတွေလည်း တွေ့ရပါတယ်။ တစ်ချိန်က ဗုဒ္ဓသာသနာကို အမြစ်ပြုတ်အောင် သုတ်သင်ရှင်းလင်း ခံခဲ့ရတဲ့နေရာမှာ လူမျိုးပေါင်းစုံ၊ နိုင်ငံပေါင်းစုံကနေ ဗုဒ္ဓဘာသာနဲ့ ပတ်သက်တဲ့ သဘောတရား အမြင်တွေကို ပြန်လည် လေ့လာနိုင်အောင် တက္ကသိုလ်ကြီးကို ပြန်လည် ဖွင့်လှစ်နိုင်အောင် နှစ်ပေါင်းများစွာ ကြိုးပမ်းလာခဲ့ကြတာ ခုတော့ အကောင်အထည် ပေါ်ခဲ့ပြီ ဖြစ်ပါတယ်။

ဆန်းစစ်ဝေဖန် အတွေးဉာဏ်တွေနဲ့၊ လူမျိုးဘာသာ မခွဲခြား အားလုံးကို တစ်သားတည်း သင်ကြားမယ်ဆိုတဲ့ နိုင်ငံတကာ တက္ကသိုလ်ကြီးတစ်ခု ဖြစ်လာအောင် ကြိုးပမ်း အားထုတ်နေတဲ့ ကျောင်းအုပ်ကြီး နိုဘယ်လ် ဆုရှင် ဒေါက်တာအာမတြာဆင်းကတော့ အလွန်ဂုဏ်ပြုထိုက်ပါတယ်။ ကောင်းမြတ်တဲ့ အတွေးအခေါ်၊ ငြိမ်းချမ်းတဲ့ ပညာဉာဏ်ကို ဖျက်ဆီးခံရတဲ့ ပြာပုံထဲကနေ ပေါ်ထွန်း လာစေခဲ့တဲ့ အတွက်လည်း နာလန္ဒာ တက္ကသိုလ်ကြီးကို ကြိုဆိုလိုက်ပါတယ်။
အယ်ဒီတာ (၆-၉-၂၀၁၄)
The Voice Sunday Editor's Word

0 comments:

Post a Comment