Wednesday, September 24, 2014

မာဂျေမြို့တော်ဝန် ဖြစ်စမ်းချင်ဘိတော့တယ်

တကယ်ပါဗျာ။ တစ်ပတ်လောက်ဖြစ်ဖြစ် မာဂျေတစ်ယောက် ရန်ကုန်မြို့တော်ဝန် ဖြစ်စမ်းချင် ဘိတော့တယ်။ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှာ ပြည်သူရွေးချယ်တဲ့ ကော်မတီဝင် လေးဦး ထပ်ဖြည့်မယ် ဆိုပေမဲ့ အဲဒီလေးယောက်က မြို့တော်ဝန် အရွေးခံရမယ်လို့ မပါတော့ သိပ်ထူးမှာ မဟုတ်ဘူး။ မာဂျေ ထင် တာကတော့ အဲဒီ လေးယောက်ဟာ အဆဲခံရဖို့ ကော်မတီဝင် ဖြစ်ခွင့်ရတာလို့ပဲ ထင်တယ်။ စည်ပင်က မုန့်ဝေတဲ့ ခေတ်ကုန်သွားပြီလေ၊ တုတ်ဝေတဲ့ အချိန်ကျမှ အဆဲခံဖို့ ကော်မတီဝင်တော့ မလုပ်ချင်ပေါင်ဗျာ။ ဒါဖြင့် မာဂျေက ဘာလို့မြို့တော်ဝန် ဖြစ်ချင်သလဲ။ မာဂျေ မြို့တော်ဝန်ဖြစ်ရင် ဘာတွေ လုပ်မှာလဲဆိုတဲ့ ကျွန်တော်သာ မြို့တော်ဝန် ဖြစ်ခဲ့ရင်ဆိုတဲ့ စိတ်ကူးယဉ် ဇာတ်လမ်းလေး ရေးပြချင်တယ်။ ဘာလို့စိတ်ကူး ယဉ် ဇာတ်လမ်းဆိုတာ သုံးရသလဲဆိုရင် မာဂျေကို မြို့တော်ဝန် ဘယ်သူကမှ ခန့်မှာမဟုတ်တာ သိနေတာကိုးဗျ။

ပထမဆုံး မြို့တော်ဝန် တာဝန်ထမ်းဆောင်တဲ့ နေ့မှာ စည်ပင်က အမှိုက်ကားတွေ အမှိုက်မသိမ်းစေပဲ ရန်ကုန်မြို့အနှံ့ တိုက်ခန်းတွေရှေ့မှာ ချထားတဲ့ ကွန်ကရစ် တုံးတွေ၊ ကုလားထိုင် အစုတ်တွေ၊ ၀ါးလုံး တန်းတွေ အကုန်လိုက် သိမ်းခိုင်းမယ်။ ကိုယ့်မှာကားမရှိပဲ သက်သက်မဲ့ ညစ်ပတ်ပြီး အိမ်ရှေ့မှာ အတား အဆီး ချထားတဲ့သူဆိုရင် ဒဏ်ငွေပါ ရိုက်ပစ်မယ်။ ဒါပြီးရင် ဒုတိယ လုပ်မှာက စည်းမဲ့ကမ်းမဲ့ ရပ်တယ်ဆိုပြီး ကားတွေကို ဆွဲနေတဲ့ ကရိန်းကားတွေကို သံရည်ကျိုစက် ပို့ပစ်မယ်။ ကားရပ်ဖို့ နေရာတော့ လုပ်မပေးပဲ ရှိတဲ့နေရာ ရပ်တာကို လိုက်ဖမ်းတာက သဘာဝမှ မကျတာ။ အဲဒီလို အရေးယူကြကြေးဆိုရင် ကားတင် သွင်းခွင့် ပေးနေတဲ့ ၀န်ကြီးဌာနတွေကိုပါ အရေးယူရမယ်။

နောက်လုပ်မှာက လမ်းတွေ ဘယ်လောက် ချဲ့ချဲ့၊ ချဲ့သလောက် နေရာတွေကို အပိုင်သိမ်းပြီး ဈေးရောင်းတဲ့ သူတွေကို ဖယ်ရှားမယ်။ ကျောက်မြောင်းဈေးရှေ့မှာ ကြည့် ကြည့်၊ တာမွေ ယာယီဈေး ရှေ့မှာ ကြည့်ကြည့်၊ ရွှေတိဂုံအရှေ့မုခ်က ရေတာရှည်လမ်းမှာ ကြည့်ကြည့်၊ ကန်တော်လေး ဒေါ်သိန်းတင် လမ်းမှာ ကြည့်ကြည့် မြင်နိုင်ပါတယ်။ လမ်းချဲ့သလောက် ရှေ့ကို တိုးတိုးပြီး ဈေးရောင်းနေကြတာ။ စည်ပင်ရဲ့ ရည်ရွယ်ချက်က တစ်နေ့တစ်ခြား တိုးပွားလာတဲ့ ကားတွေ ချောင်ချောင်ချိချိ မောင်းနိုင်ဖို့နဲ့ ကားရပ်ဖို့ နေရာ ရအောင် လမ်းတွေကို ချဲ့နေတာ။ တကယ်တန်း ဖြစ်နေတာက လမ်းဘေး ဈေးသည်တွေ အတွက် ကွန်ကရစ် ကြမ်းခင်း ခင်းပေးနေသလို ဖြစ်နေတယ်။

တတိယ အချက်ကတော့ အဆောက်အဦ ဆောက်လုပ်ခွင့်ကို စည်ပင်ယာအုံဌာနကို လာတင်ရမဲ့အစား မြို့နယ်အလိုက် ခွင့်ပြုမိန့်ပေးမယ်။ ဒါမှအထက်ကို တင်ထားတယ်ဆိုပြီး ခွင့်ပြုချက် မရှိပဲ ဆောက်နေတဲ့ တရားမ၀င် အိမ်တွေ ပပျောက်မှာ။ ဒီလောက် ဖြေလျော့ထားတဲ့ကြားက ခွင့်ပြုချက် မကျပဲ ဆောက်တဲ့ အိမ်ဆိုရင် ဘူဒိုဇာနဲ့ထိုးပြီး ဖြိုပစ်မယ်။ ပန်းခြံတွေ အားလုံးကို ၀င်ကြေးအခမဲ့ လုပ်မယ်။ ကန်တော်ကြီးကိုလဲ အခမဲ့ ပေးဝင်မယ်။ ကန်ထရိုက် ရထားတဲ့ ပန်းခြံတွေကို ပြန်သိမ်းမယ်။ ပထမဆုံး ပြန်သိမ်းမှာက ပြည်သူ့ ရင်ပြင်ပဲ။ ပြည်သူ့ရင်ပြင်ဆိုတာ ပြည်သူတွေအတွက် ဖြစ်တယ်။ စီးပွားရှာတဲ့ သူတွေအတွက် မဟုတ်ဘူး။ ဆန္ဒပြချင်ရင်ပြဖို့ ပြည်သူ့ရင်ပြင်မှာ နေရာ လုပ်ပေးမယ်။ ထိုင်ခုံပါ စီစဉ်ပေးထားဦးမယ်။ အဲဒီကနေ လွှတ်တော်ကို ဆဲကြ (အဲလေ) ဆန္ဒပြကြပေါ့ဗျာ။

အနှိပ်ခန်းတွေ တရားဝင်ဖွင့် ခွင့်ပေးမယ်။ နှိပ်ကြစမ်း။ ညလုံးပေါက်မကလို့ နေ့လုံးပေါက်ပါ နှိပ်ချင်ရင် နှိပ် ကြ။ မာဆတ်ကနေ မာစွပ်မဖြစ်ရင်ပြီးရော။ မာဆတ်ကို တရားဝင် ခွင့်ပြုလျက်နဲ့ ခိုးပြီး မာစွပ်လုပ်လို့ ကတော့ ထောင်ထဲ တစ်သက်လုံး ထည့်ထားလိုက်မယ်။ ကာရာအိုကေတွေမှာ အဆိုတော်မလေးတွေ တရားဝင် ထားခွင့်ပေးမယ်။ အခုလဲ ထားနေတာပဲလေ၊ တရားဝင်ခြင်း မ၀င်ခြင်းပဲ ကွာတာ။ ကန်တော် ကြီးစောင်းနဲ့ ပြည်လမ်းပေါ်က နတ်သမီးတွေ အတွက် ရန်ကုန် ပက်ပုန်းဆိုပြီး ပျော်တော်ဆက်နေရာ အကြီးကြီး ဆောက်ပေးမယ်။ ပျော်ချင်တဲ့သူတွေ အဲဒီသွားကြ။ လမ်းပေါ်မှာတော့ လပ်ယား လပ်ယား လာမလုပ်နဲ့။

တပည့်မောင်ကြွက်နီ မသေခင် သူ့ချဉ်ခြင်းလေး ပြေအောင် သမိုင်းဘူတာရုံလမ်းကနေ ရန်ကုန်ဘူတာကြီး အထိ မိုးပျံရထား လမ်းဆောက်ပေးမယ်။ သူက ဘန်ကောက် ရောက်တုန်းက မိုးပျံ ရထားပေါ်မှာ တောက် တစ်ချက် ခေါက်ပြီး ကျွန်တော်တို့ ပြည်သူတွေမှာ ဘာအပြစ်ရှိလို့ ရန်ကုန်မှာ မိုးပျံရထားနဲ့ မြေအောက် ရထား မရှိရတာလဲဆိုပြီး အသံနက်ကြီးနဲ့ ထအော်ဘူးတယ်။ အဲဒီတုန်းက သူ့ပါးစပ်ကို ပိတ်ပြီး ရမ်းအော်မနေနဲ့။ အရူးလို့ထင်ရင် ငါပါသိက္ခာကျတယ်လို့ ဟောက်ခဲ့ရဖူးတယ်။

ပလက်ဖောင်းတွေကို ကိုယ်ပိုင်သိမ်းထားတဲ့ သူတွေကို ဒဏ်ရိုက်မယ်။ တာမွေဖက်မှာ ပလက်ဖောင်းတွေ ကို ခပ်တည်တည် သိမ်းပြီး ကိုယ်ပိုင်လုပ်ထားသူတွေ အများကြီး။ ကြည့်ချင်ရင် အရှေ့မြင်းပြိုင်ကွင်း လမ်းမှာ လာကြည့်လို့ရတယ်။ ရန်ကင်းမှာ စည်ပင်မြေခိုးပြီး မြေညီထပ်မှာ အခန်းချဲ့ထားတာတွေ။ လက်ဘက်ရည်ဆိုင် ဖွင့်ထားတာတွေကို ဘူဒိုဇာနဲ့ ထိုးပစ်မယ်။ ရပ်ကွက်တိုင်းမှာ ကလေး အားကစားကွင်း လုပ်ပေးမယ်။ အရင်စည်ပင် အဆက်ဆက် ခွင့်ပြုခဲ့တဲ့ အိမ်ယာ စီမံကိန်းတွေမှာ ကလေးကစားကွင်းတို့ ပန်းခြံတို့ပါပေမဲ့ စီမံကိန်း လုပ်ခွင့်ရတဲ့သူက အိမ်ဆောက်ပြီး ရောင်းပစ်တာတွေကို ပြန်စစ်မယ်။ စည်ပင် မှာ မြေယာဌာနနဲ့ ပေါင်းပြီး နိုင်ငံခြားပြန်သူတွေ ပိုင်တဲ့မြေတွေကို ပိုင်ဆိုင်မှုအတုတွေ၊ ဂရံအတုတွေနဲ့ ကိုယ်ပိုင် လုပ်ထားတာတွေကို ပြန်စစ်မယ်။ အဲဒီလို လုပ်စားခဲ့သူတွေကို ထောင်ထဲ တစ်သက်လုံး ထည့် ထားမယ်။ အဲဒီနေရာတွေကို ပြန်သိမ်းမယ်။ ရန်ကုန်မှာ လွတ်နေတဲ့ မြေနေရာတွေကို ဘာမှ မဆောက်တော့ဘူး။ မြေနေရာ အလွတ်အတိုင်းထားပြီး မိုးရေစိမ့်ဝင်ဖို့ ဒီအတိုင်းထားမယ်။ တဲပေါ်က လူတိုက်ပေါ်တင် စီမံကိန်းနဲ့ ရောပြီး သူများမြေတွေ သိမ်းပြီး ကိုယ့်နာမည်ဖောက်ထားတဲ့ သူတွေကို လိုက်စစ်မယ်။ ပြီးရင် ပြန်သိမ်းပစ်မယ်။

ဒီအချက်တွေ လုပ်ပေးမယ်ဆိုပြီး မဲဆွယ်ရင်လဲ ဘယ်သူကမှ မဲထည့်မှာ မဟုတ်ဘူး။ မဟုတ်တာ လုပ်တဲ့ သူတွေက ရန်ကုန်မှာ အများသားကိုးဗျ။
မာဂျေ
Tomorrow

0 comments:

Post a Comment