Wednesday, August 13, 2014

တတိယလှိုင်းကြမ်း၊ မောင်မောင်ဝမ်းနှင့် လမ်းပျောက်မြန်မာပြည်

တကယ်တော့ ဒီလိုစာတွေ ကျွန်တော် မရေးချင်ပါဘူး။ တိုင်းပြည် ပြန်လည်ပြုပြင်နေတဲ့ ကာလမှာ အတူပူး တွဲ လုပ်ဆောင်ကြဖို့ကို အာသီသထားသူပါ။ သဘောထား မတိုက်ဆိုင်ရင်တောင်မှ အနိမ့်ဆုံး တိုင်းပြည်ကို ချစ်တယ်ဆိုတဲ့ သဘောထား အခံကိုပဲ ဘုံသဘော တူညီချက် အနေနဲ့ လက်ခံပြီး လက်ကမ်းနေဆဲပါ။

တချို့ကဆို ဇာဂနာဟာ သမ္မတနဲ့ နီးစပ်တယ်။ ဘက်ပြောင်းသွားပြီ၊ ခွထိုင်နေတယ် စသဖြင့် စဖြင့် ရေးနေ ကြတာ ဝေဖန်နေကြတာ ကြားပါတယ်။ ဖတ်ရပါတယ်။ လမ်းဆုံးတော့ ရွာတွေ့မှာပဲဆိုတဲ့ စိတ်နဲ့တစ်ခွန်း မှ ပြန်မပြောခဲ့သလို မတုံ့ပြန်ခဲ့ပါဘူး။

သေချာတာ တစ်ခုကတော့ (ဇာဂနာဟာ ကိုယ့်ယုံကြည်ချက်ပေါ်မှာ တစ်လက်မမှ အတိမ်းအစောင်း မခံပဲ ရပ်တည်နေဆဲပါ။) နောက်ထပ် သေချာတာ တစ်ခုကတော့ (ဒီနေ့ထက်ထိ မဆလ၊ န၀တ၊ နအဖနဲ့ ဦးသိန်း စိန် အစိုးရတို့ဆီကနေ ပေါင်မုန့်တစ်ချပ်တောင် အလကား မရခဲ့ပါဘူး။ တောင်းလည်း မတောင်းခဲ့ပါဘူး။) န၀တ၊ နအဖ ခေတ်တုန်းက ရုပ်ရှင်သမားတွေကို တယ်လီဖုန်းတွေ ပေးခဲ့တဲ့ အထဲမှာ ဇာဂနာ မရခဲ့သ လို မြေကွက်တွေ ပေးခဲ့တဲ့အထဲမှာလည်း ဇာဂနာ မပါခဲ့ပါဘူး။ ခုဦးသိန်းစိန် အစိုးရ လက်ထက်မှာ မြန်မာ မီနီဆလွန်းတွေ ပေးတော့လည်း ဇာဂနာ မရခဲ့ပါဘူး။

ဒီစကားတွေ ပလ္လင်ခံနေတာ အကြောင်းရှိပါတယ်။ ဘာကျေးဇူးစား ကျေးဇူးခံမှ မရှိလို့ လိပ်ပြာသန့် တယ်။ ပြောစရာရှိရင် ပြောင်ပြောမယ်။ ပွင့်ပွင့်လင်းလင်း ဝေဖန်မယ်ဆိုတဲ့ စိတ်နဲ့ပါ။ ခံစရာရှိရင်လည်း ဘယ်သူ့ကိုမှ ဆွဲခေါ်မနေပါဘူး။ ခံသွားမှာပဲ ဖြစ်ပါတယ်။ တစ်ဖက်မှာကြည့်ပြန်တော့ ဇာဂနာဟာ ဘယ်ပါတီ၊ ဘယ်အသင်း အဖွဲ့ထဲကိုမှ ၀င်မထားတဲ့ အတွက် ဘယ်သူ့မျက်နှာကိုမှ မငဲ့ပဲ မှားရင် မှားတယ် ထောက်ပြနေမှာပါပဲ။

ခုလည်းပြောဖို့ လိုအပ်လာလို့ ပြောရပါပြီ။ သမ္မတရဲ့ တတိယလှိုင်း ပြောင်းလဲရေးဟာ အစမှာ ကတည်း က တော်တော် ပရမ်းပတာ နိုင်နေပါတယ်။ ဒီနေရာမှာ နိုင်ငံရေးစကား ပြောရမှာဖြစ်လို့ နိုင်ငံရေးဆန်တဲ့ သုံးသပ်မှုကိုပဲ ပြောရပါလိမ့်မယ်။

စစ်အာဏာရှင်ကနေ ဒီမိုကရေစီ ပြုပြင်ရေးသွားတဲ့ နိုင်ငံတိုင်းရဲ့ ဆင်ခြေတစ်ခုကတော့ ပြောင်းလဲလိုစိတ် မရှိတဲ့သူတွေရယ်၊ ပြောင်းလဲလိုသူတွေရယ်ဆိုတဲ့ ဂိုဏ်းနှစ်ဂိုဏ်း အမြဲရှိနေတတ်ပါတယ်။ ဒီဆင်ခြေကို အကောင်အထည်ဖော်တဲ့ အနေနဲ့ အမာဂိုဏ်းသားတွေနဲ့ အပျော့ဂိုဏ်းသားတွေ အဖြစ် ပုံဖော်ပြီး သရုပ်ဆောင်ခဲ့ကြတယ်လို့ ကျွန်တော်တို့ ထင်ထားပါတယ်။

တတိယလှိုင်း အစမှာ ပထမ ဗေထိကတော့ မီဒီယာနဲ့ သမ္မတကြားက အကွဲအဟပါပဲ။ ဒါကို အခြေခံပြီး ဒီလို သုံးသပ်ကြည့်ရအောင်။

၁။ သမ္မတနဲ့ မီဒီယာတွေကို ရန်တိုက်ပေးမယ်။ ဒီတော့ သမ္မတရဲ့ တတိယလှိုင်း ပြုပြင်မှုကို မီဒီယာက မထောက်ခံတော့ဘူး။ ဒီတော့ သမ္မတ မအောင်မြင်နိုင်တော့ဘူး။ ဒါကြောင့် ၂၀၁၅မှာ ဦးသိန်းစိန် သမ္မတ ဖြစ်လာစရာ မရှိတော့ဘူး။

၂။ ဒါဆို တိုင်းပြည်မှာ မဏ္ဍိုင်သုံးရပ် (အုပ်ချုပ်ရေး၊ တရားစီရင်ရေး၊ ဥပဒေပြုရေး)တိတိကျကျ ရှိပါလျက်နဲ့ လွှတ်တော်က ဘာကြောင့် သမ္မတဆီ သ၀ဏ်လွှာ ပို့ရတာလဲ။ တရားရေး မဏ္ဍိုင်ကို ဘာလို့ မပို့ရတာလဲ။ လွှတ်တော်လုပ်ပြီး ဒါလေးတောင် (တကယ်) နားမလည်လို့လား။ နားမလည်ချင် ယောင်ဆောင်တာလား။

၃။ သမ္မတနဲ့ စာနယ်ဇင်း ကောင်စီ(ယာယီ)တို့ တွေ့သလို၊ လွှတ်တော်၊ တရားသူကြီးချုပ်တို့နဲ့ စာနယ် ဇင်း ကောင်စီ(ယာယီ)ကော တွေ့ဖို့မလိုဖူးလား။

ဒါတွေက ရိုးရိုးလေးတွေးပြီး စဉ်းစားလို့ရအောင် ထုတ်နုတ်လိုက်တာပါ။ ဒီလိုနဲ့ မလိုအပ် တဲ့ ပြဿနာတွေ ပေါ်ပေါက်ခဲ့ရတာ ပြုပြင်ရေးအရှိန်ကို တုန့်နှေးစေခဲ့ပါတယ်။ ခုတစ်ခါ ရေနံချောင်း က မောင်မောင်ဝမ်းရဲ့ ပြဿနာဟာ ဦးသိန်းစိန် အစိုးရရဲ့ ပုံရိပ်ကို ထိခိုက်စေပြန်ပါပြီ။

မောင်မောင်ဝမ်းဟာ ရေနံချောင်းသားပါ။ ရှစ်ဆယ့်ရှစ်ကာလက ရေနံချောင်း သပိတ်ခေါင်းဆောင်ပါ။ ပြီးတော့ ထောင်ကျ၊ တောထဲရောက်ပေါ့။ ဒါပေမဲ့ သူဟာ နိုင်ငံရေးကို စိတ်ကုန်သွားပြီး အင်္ဂလိပ်စာ သင်တဲ့ ကျောင်းဆရာဘ၀ ကူးပြောင်းသွားပါပြီ။

အမေရိကန် ဘတ်ဖဲလိုးမှာ နေတယ်ဆိုပေမယ့် သူဌေးမဟုတ်ပါဘူး။ ရရစားစားပါ။ ၂၀၁၂ခုနှစ်က ကျွန်တော် အမေရိကားကို ရောက်တဲ့အချိန် မြန်မာပြည်ကို သူပြန်လာပြီး အင်္ဂလိပ်စာသင် ကျောင်းတစ်ခု ထူထောင်ချင်တယ်လို့ တဖွဖွ ပြောနေသူပါပဲ။

၂၀၁၄ ခုနှစ်မှာတော့ သူ ပတ်စ်ပို့ရပြီဖြစ်လို့ မြန်မာပြည် ပြန်လာခွင့်ရပါပြီ။ သူရော၊ ကျွန်တော်တို့ရော၊ သူ့ငယ်သူငယ်ချင်း ထိန်ထိန်(ပန်းချီထိန်လင်း)၊ စုတ်ဖွား(မျိုးသိန်းထွန်း)တို့ပါ ပျော်ခဲ့ကြပါတယ်။ မတတ်သာလို့ အမေရိကားမှာ နေနေရပေမယ့် မြန်မာပြည်မှာပဲ ပြန်နေပါရစေလို့ တဖွဖွ ပြောနေရှာတဲ့ သူ့မိခင်အတွက် ငှားပြီးနေနိုင်ဖို့ တိုက်ခန်းများတောင် လိုက်ရှာနေကြတာပေါ့၊

တစ်ဖက်မှာတော့ အင်္ဂလိပ်စာ သင်ကြားပို့ချဖို့ စီစဉ်ခဲ့ရပါတယ်။ ဒါလည်း အခမဲ့ စေတနာနဲ့ သင်တဲ့ သင်တန်းပါ။ ဗီဇာသဘောအရ အလည်အပတ်ပဲ ရတယ်ဆိုရင် စာသင်လို့ မရဘူးဆိုတာတော့ ဘယ်လိုမှ နားလည်လက်ခံလို့မရတဲ့ အကြောင်းပြချက်ပါပဲ။

န၀တ၊ နအဖ လက်ထက်ကတည်းက မြန်မာပြည်ကို ကဒီးကဒီးလာပြီး ချောင်းပေါက်မတတ် စာလာလာ သင်ပေးနေတဲ့ ပါမောက္ခ ရောဘတ်တေလာရဲ့ ဗီဇာမှာရော စာသင်လို့ ရပါသလား။ ခုမြန်မာပြည်မှာ PRစနစ်သုံးဖို့ စတင်တိုက်တွန်းခဲ့တဲ့ ပါမောက္ခ လယ်ရီဒိုင်းမွန်းရဲ့ ဗီဇာမှာရော စာသင်လို့ ရပါသလား။ တရားဥပဒေစိုးမိုးရေးဆိုတဲ့ ခေါင်းစဉ်နဲ့ နေပြည်တော်မှာရော၊ ရန်ကုန်မှာပါ စာတွေ အကြီးအကျယ် သင်သွားခဲ့တဲ့ ပါမောက္ခ အမီအချာရီးယရဲ့ ဗီဇာမှာရော စာသင်ကြားခွင့် ပါပါသလား။

ဒါ ကျွန်တော် အမြွက်မျှ တင်ပြခြင်းပဲ ရှိပါတယ်။ ဒီစာရေးနေတဲ့အချိန် မြန်မာပြည်မှာ စာလာသင်နေတဲ့ အမေရိကန်၊ ကနေဒါ၊ ဒိန်းမတ်၊ တရုတ်နဲ့ ဂျပန်ဆရာတွေ ရိုက်သတ်လို့ မကုန်အောင် ရှိပါသေးတယ်။ ဒါကို မောင်မောင်ဝမ်းကျမှ ဗီဇာစည်းမျဉ်း ချိုးဖောက်လို့ဆိုပြီး ရေနံချောင်းကနေ ရန်ကုန်လေဆိပ်ကို တန်းပို့၊ ပြီးတော့ ထိုင်းနိုင်ငံသွားမယ့် TG လေယာဉ်ပေါ် တင်လွှတ်ပေးလိုက်တာဟာ ဘယ်လို ရည်ရွယ်ချက်နဲ့ပါလဲ။
မောင်မောင်ဝမ်းဟာ အမေရိကန် နိုင်ငံသားပါ။ ဥပဒေအရ ဖြစ်လာခဲ့ရင် အမေရိကန် အစိုးရလည်း ပါလာတော့မှာပါ။ သူ့နိုင်ငံသားထိရင် အမေရိကန်ဟာ ဘယ်တော့မှ လက်မနှေးပါဘူး။ ဖြစ်ချင်တော့ ဂျွန်ကယ်ရီ မြန်မာပြည် လာခါနီးမှ ဒီပြဿနာကို မီးမွှေးလိုက်တာ ဖြစ်နေပါတယ်။

စာသင်နေတာဟာ ဘိန်းစားဖို့ ဆွယ်နေတာ မဟုတ်သလို သစ်တောတွေ ခုတ်ဖို့လည်း ပြောနေတာ မဟုတ်ပါဘူး။ ဘုရားကျောင်းကန် ဇရပ်တွေ ဖြိုခိုင်းနေတာ မဟုတ်သလို တိုင်းပြည်ရဲ့ သယံဇာတတွေကို ခိုးရောင်းခိုင်းနေတာ မဟုတ်ပါဘူး။ ဘယ်နိုင်ငံ ဘယ်လူမျိုးရဲ့စံနဲ့ တိုင်းတိုင်း စာသင်တာကို တိုင်းပြည် က နှင်လိုက်တယ်ဆိုတာကတော့ အီဘိုလာ ဗိုင်းရပ်စ်ထက် ကြောက်ဖို့ ကောင်းတဲ့ လုပ်ရပ်ပါပဲ။

ဒီတော့ ကျွန်တော်တို့ ဒီလို စဉ်းစားကြည့်ချင်ပါတယ်။

၁။ သမ္မတရဲ့ တတိယလှိုင်း အပြောင်းအလဲကို မအောင်မြင်စေချင်သူတွေက သမ္မတရဲ့ပုံရိပ်ကို ထိခိုက်အောင် တစ်နည်းမရ နောက်တစ်နည်းနဲ့ ကြံစည်နေတယ်လို့ ယေဘုယျ သုံးသပ်ရပါ့မယ်။ (ဒါဆို သမ္မတကိုယ်တိုင်က ကိုယ့်ရဲ့ပြုပြင်ပြောင်းလဲရေးကို ခလုတ်ကန်သင်း ဖြစ်စေနိုင်တဲ့ လူတွေကို ပြတ်ပြတ် သားသား ဖယ်ရှားပစ်ဖို့ လိုပါတယ်)

၂။ မောင်မောင်ဝမ်းရဲ့ ကိစ္စမှာ သမ္မတနာမည်ကို အသုံးပြုပြီး တိုင်းပြည်ထဲက နှင်ထုတ်လိုက် တာ ဖြစ်နေတော့ သမ္မတက ဒီလိုအမိန့်မျိုး ထုတ်ပေးလိုက်တယ်လို့ ယူဆရပါတယ်။ (ဒါဆိုလည်း သမ္မတကပဲ ဟုတ်ရင်ဟုတ်တယ်၊ မဟုတ်ရင် မဟုတ်ဘူး ရှင်းရှင်းလင်းလင်း ပြောဖို့လိုမှာ ဖြစ်သလို၊ အလွဲသုံးစား လုပ်သူတွေကို ထိထိရောက်ရောက် အရေးယူသင့်ပါတယ်။ တစ်ခါ မောင်မောင် ၀မ်းကို မြန်မာပြည် ပြန်လာဖို့ ဖိတ်ခေါ်ပေးလိုက်ဖို့လည်း လိုပါမယ်။)

၃။ ဒီတစ်ချက်ကတော့ အရေးအကြီးဆုံးပါပဲ။ အမှန်အတိုင်း ၀န်ခံကြစေချင်ပါတယ်။ မြန်မာပြည်မှာ ခုချိန်ထိ ဗဟိုအစိုးရနဲ့ ပြည်နယ်တိုင်း အစိုးရအဖွဲ့တွေရဲ့ အာဏာခွဲဝေသုံးစွဲမှုဟာ မပီပြင်သေးပါဘူး။ ကိုယ့်တိုင်းဒေ သကြီး ကိုယ့်သဘောဆိုတဲ့မူ (လုံးဝ) မရှိသေးပါဘူး။ မကွေးတိုင်းဟာ နာမည်ဆိုးနဲ့ ကျော်ကြားနေတာ ကြာပါပြီ။ ဒါကို သမ္မတလည်း သိမယ်ထင်ပါတယ်။ သိရင် ဘာလို့ ခုထက်ထိ မသိချင်ယောင်ဆောင် နေ တာလဲဆိုတာကိုက သံသယ ၀င်စရာပါပဲ။ တစ်ခါ မကွေးတိုင်းက ထင်ရာလုပ်တယ်ထားပါ။ သူ့တိုင်းဒေသကြီးရဲ့ လုပ်ပိုင်ခွင့် ဘောင်ကိုကျော်ပြီး မြန်မာပြည်ထဲကနေ နှင်ထုတ်လိုက်တယ်ဆိုတာ ကတော့ (ဆိတ်က ဆင်လို အော်လိုက်သလိုပါပဲ)။

ဒီတော့ တတိယလှိုင်းဟာ ကြမ်းတာနဲ့မတူဘဲ ရမ်းတာနဲ့ တူနေပါပြီ။ ပြည်သူလူထု လိုလား တဲ့ ပြုပြင်ပြောင်းလဲရေးဟာ ပြုးပြဲပြိုလဲရေး ဖြစ်ကုန်ပါတော့မယ်။ အသေအချာ ပြန်လှန်သုံးသပ်ပြီး လမ်းမှန်ပေါ် တက်လာကြဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ လောလောဆယ်တော့ မိဘပြည်သူများ ခင်ဗျားနဲ့တင် လမ်းမျက်စေ့တော့ တော်တော်လည်နေပါပြီ။
ဇာဂနာ
Tomorrow

0 comments:

Post a Comment