Wednesday, August 20, 2014

ယူကရိန်း သန်းကြွယ်သူဌေး တစ်ဦး ပိုင်ဆိုင်မှု များကို ရောင်းချကာ စစ်ထဲဝင်

 ကီးယက်ဗ်၊ သြဂုတ် ၁၉။ ချစ်သူ ဖက်ရှင်မယ်များ၊ ပြိုင်ကားများနှင့် အိမ်ကြီးအိမ်ကောင်းများကြောင့် ကျော် ကြားခဲ့သည့် ယူကရိန်း သန်းကြွယ် သူဋ္ဌေး တစ်ဦးသည် စစ်တပ်သို့ ဝင်ရန်အတွက် ၎င်း၏ ပိုင်ဆိုင်မှု များကို ရောင်းချလျက်ရှိပြီး ရုရှလိုလားသူ ခွဲထွက်ရေးဝါဒီများအပေါ် တိုက်ခိုက်ရေး နှင့်ပတ်သက်၍ အသုံးပြုရန် သူ၏ ငွေများကို လှူဒါန်းလျက် ရှိသည်ဟု သြဂုတ် ၁၉ရက်က ခရိုအေးရှားတိုင်းမ် သတင်း တစ်ရပ်တွင် ဖော်ပြ ထားသည်။

ယူကရိန်း မြို့တော် ကီးယက်ဗ်မှ  အသက် ၅၃ နှစ် အရွယ် စီးပွားရေး လုပ်ငန်းရှင် ဗီယာချက် စလပ်ဗ် ကွန်စတန်တင် နော့စကီးသည် ဒွန်းဘေ့စ် တပ်ရင်းသို့ ukarine၎င်း၏ ဆန္ဒအလျောက် ဝင်ရောက် ခဲ့ခြင်း ဖြစ်သည်။ ဒွန်းဘေ့စ် တပ်ရင်းမှာ၊ ဒေသအတွင်း တိုက်ပွဲများ အရှိန်အဟုန်မြင့် ပြင်းထန်လာ သဖြင့် လွန်ခဲ့သော လအနည်းငယ်က စတင် ဖွဲ့စည်း ခဲ့သော ပြည်သူ့စစ် တပ်ဖွဲ့တစ်ခု ဖြစ်သည်။ ဗီယာချက် စလပ်ဗ်သည် ဒွန်းဘေ့စ် တပ်ဖွဲ့သို့  မဝင်ရောက်မီ ကတည်းက ကီးယက်ဗ် ၁ တပ်ရင်းတွင် ပါဝင် တိုက်ခိုက်ခဲ့သူ ဖြစ်သည်။

၂၀၁၃ ခုနှစ်က စာရင်းအရ ဗီယာချက် စလပ်ဗ်သည် ပေါင်စတာလင် နှစ်သန်း အထက် ပိုင်ဆိုင်သူ တစ်ဦး ဖြစ်ခဲ့ကာ ယူကရိန်း နိုင်ငံ၏ အချမ်းသာဆုံး စာရင်းတွင် နံပါတ် ၄၄ ချိတ်ခဲ့သူ ဖြစ်ပြီး ထိုစာရင်း ထဲတွင် သူ၏ အမြွာညီအစ်ကို ဖြစ်သူ အလက်ဇန္ဒားလည်း ပါဝင် ခဲ့သည်။ ယခုအခါ ဗီယာ ချက်စလပ်ဗ် သည် ယူကရိန်း စစ်တပ်အား ငွေကြေး ကူညီနိုင်ရန် အတွက် ၎င်း၏ ဈေးကြီးလှသော ရိုးလ်စ်ရွိုက်စ် ဖမ်တွမ်ကား အပါအဝင် သူ၏ ပိုင်ဆိုင်မှု များကို ရောင်းချလျက် ရှိသည်။

ဗီယာချက်စလပ်ဗ်က သတင်း တကယ် ဟုတ်ကြောင်း အတည်ပြုသည့် အနေဖြင့် သူ၏ ဖေ့စ်ဘွတ်ခ် စာမျက်နှာတွင် “မိတ်ဆွေတို့…ခင်ဗျားတို့ရဲ့ ကြင်နာတဲ့ စကားတွေ အတွက် ကျေးဇူးထပ်ပြီး တင်မိ ပါတယ်။ ကျွန်တော် အဲဒီကို သွားနေပြီ ဆိုတာ ဟုတ်ပါတယ်။ တိုက်ခိုက် နေကြတဲ့ သူတွေဟာ တကယ်ကို စစ်မှန်တဲ့ သူရဲကောင်း တွေပါ” ဟု ရေးသား ခဲ့သည်။

၎င်း၏ ကားအကြောင်းနှင့် ပတ်သက်၍မူ “အရင် ဘဝ အခြေအနေ တုန်းကတော့ အဲဒါဟာ ဘဝ အောင်မြင် မှုရဲ့ သင်္ကေတ တစ်ခုပါ” ဟု ဆိုခဲ့သည်။ “အခုတော့ ကျွန်တော့်ရဲ့ ဦးစားပေး အစီအစဉ် တွေက ပြောင်း သွား ပါပြီ။ ကျွန်တော်တို့ရဲ့ တပ်မတော်က လိုအပ် နေတဲ့ အရာတွေ ရဖို့ အတွက် အဲဒီကားကို ရောင်းဖို့ ကျွန်တော် အသင့်ဖြစ် နေပါပြီ” ဟု ၎င်းက ဆိုခဲ့သည်။
Mizzima News

0 comments:

Post a Comment